အသက်ကြီးလာမှ နောင်တရလိမ့်မယ့်အရာ (၇)ခု
lifestylemyanmar.com
|
2020-07-08



လူအများစုဟာ ကိုယ့်ဘဝကို မပျော်ရွင်တဲ့နေရာမှာ သုံးလေ့ရှိကြပြီး ဂရုစိုက်ရကျိုးနပ်မယ့် အရာတွေကို လျစ်လျူရှုမိတတ်ကြပါတယ်။ အသက်ကြီးလာမှ နောက်ကြောင်းပြန်လှန်ပြီး “ငါဒါကို မလုပ်ခဲ့ရပါလား”၊ ” ငါအဲဒီတုန်းက လုပ်ခဲ့ရင်ကောင်းသား” ဆိုပြီးနောင်တရမိတတ်ကြပါတယ်။ လူအများစုက အလုပ်များလွန်းခြင်း၊ ဘဝကို ပိုပျော်ရွှင်စေဖို့ အချိန်မယူခြင်း၊ မိသားစုကို အချိန်ပိုမပေးခဲ့ခြင်းအတွက် နောင်တရတတ်ကြပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အသိဉာဏ်ရလာပြီး ဘဝမှာ အရေးကြီးတဲ့အရာတွေက မိသားစု၊ ချစ်ခြင်းမေတ္တာ၊ ကျန်းမာရေးနဲ့ ပျော်ရွှင်မှုဆိုတာကို စတင်နားလည်လာကြပါတယ်။

၁။ မိမိကိုယ်ကို ဖြစ်ဖို့သတ္တိမရှိခဲ့တာ




ဒါကတော့ အသက်ကြီးလာရင် နောင်တရလာမယ့်အရာတွေထဲက တစ်ခုပါ။ သင့်မိသားစုနှင့် သင့်လူမှုအသိုင်းအဝိုင်းရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနေရတာနဲ့ မိမိကိုယ်ကို ဖြစ်ဖို့ သတ္တိမရှိတာကြောင့် နောင်တရစေနိုင်ပါတယ်။ ဥပမာ- ကိုယ်က ဝင်ငွေကောင်းပေမယ့် ကိုယ်ဝါသနာမဟုတ်တဲ့ အလုပ်တစ်ခုကို လုပ်နေရတယ်ဆိုပါစို့၊ တခြား ဝါသနာပါတဲ့ အလုပ်ကိုလုပ်ချင်ပေမယ့် ဒီအလုပ်က ထွက်လိုက်ရင် မိသားစုကို မပံ့ပိုးပေးနိုင်တော့မှာ စိုးရိမ်စိတ်နဲ့ တစ်နေ့တစ်နေ့ ကိုယ်မပျော်တဲ့ အလုပ်ခွင်မှာ အချိန်ကုန်သွားတာမျိုးပါ။ ဒါ့ကြောင့် အသက်ကြီးလာမှ နောင်တရတဲ့အဖြစ်မျိုး မလိုချင်ဘူးဆိုရင် ကိုယ်အမှန်တကယ် လုပ်ချင်တဲ့အရာကိုလုပ်ပါ။ သင်ရဲ့စိတ်အားထက်သန်မှုကို လိုက်နာပါက သင်လုပ်ခဲ့သမျှအရာအားလုံးကို အမြဲတမ်းဂုဏ်ယူမိနေပါလိမ့်မယ်။

၂။ စွန့်စားမှုယူပြီး ကိုယ့်ရဲ့စိတ်အားထက်သန်မှုနောက်ကို လိုက်မယ့်အစား ကျေနပ်မှုမရှိတဲ့ အလုပ်ခွင်မှာပဲ နေခဲ့ခြင်း




ဒီနောင်တက ပထမတစ်ခုနှင့် ချိတ်ဆက်နေပါတယ်။ ပိုပြီးတိကျစွာ ပြောရရင် ဒါက သင့်ဘဝအစိတ်အပိုင်းကြီးတစ်ခုကို အချိန်ကုန်လွန်ဖို့ သင်ရွေးချယ်တဲ့နေရာနှင့် သက်ဆိုင်ပါတယ်။ ပုံမှန်အလုပ်တစ်ခုက များသောအားဖြင့် တစ်ပတ်ကို နာရီ ၄၀ကြာပြီး သင်ဟာ တစ်နှစ်ကို အားလပ်ရက် နှစ်ပတ်ရနိုင်ဖွယ်ရှိပါတယ်။ သင်ရဲ့အချိန်အများစုကို သင်မနှစ်သက်သော လုပ်ငန်းမှာ ကုန်ဆုံးနေရပြီး ရှေ့ဆက်တိုးဖို့ ကိုယ့်ကိုယ်ကို စိန်မခေါ်ခဲ့ဘူး၊ ကိုယ့်ကိုယ်ကို လှည့်စားနေခဲ့တယ်ဆိုရင် အသက်ကြီးလာမှ နောင်တရလာနိုင်ပါတယ်။

ဒါ့ကြောင့် သင်အမှန်တကယ်လိုချင်တာနဲ့ လုပ်နိုင်တာကို စဉ်းစားပါ။ အလုပ်ကို နေ့စဉ်သွားဖို့ စိတ်လှုပ်ရှားနေတဲ့ ခံစားချက်ထက် ကောင်းတဲ့ ခံစားချက် မရှိတော့ပါဘူး။

၃။ မိသားစုနှင့်အတူ အချိန်အလုံအလောက် မသုံးခဲ့မိတာ




တကယ်လို့ ကိုယ့်မိသားစုက ကိုယ့်ဘဝရဲ့ အရေးကြီးဆုံးသောအရာလို့ ယူဆပါက အချိန်နှောင်းသွားတဲ့အထိ ဘာ့ကြောင့်ခွင့်မပြုခဲ့တာလဲ? သင့်မိသားစုနှင့်အတူ ညစာစားပါ၊ မိဘတွေ၊ မောင်နှမတွေကို ဖုန်းခေါ်ပါ။ စနေ/တနင်္ဂနွေအလုပ်ပိတ်ရက်တွေမှာ မိသားစုအတွက်အချိန်ပေးပါ။ တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာနေရင် ဗီဒီယိုcall မှတဆင့် ဆက်သွယ်ပါ။ ဒီအရာတွေက သင့်မိသားစုနှင့်အတူ အချိန်ပိုသုံးဖို့ ပြုလုပ်နိုင်တဲ့အရာတွေ ဖြစ်ပါတယ်။ အဆက်အသွယ်လုပ်ဖို့ နည်းလမ်းများစွာရှိပါတယ်။ ‘နောက်မှဆိုရင်’ နောက်ကျလွန်းသွားနိုင်တာကြောင့် အချိန်ပိုရတဲ့အထိ ပစ်ပယ်မထားပါနဲ့။

၄။ စစ်မှန်တဲ့ ခံစားချက်တွေကို မဖော်ပြခဲ့မိတာ



သင်အမှန်တကယ် ဘယ်လိုခံစားခဲ့ရတယ်ဆိုတာကို ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ရင် အသက်ကြီးလာမှ နောင်တရပါလိမ့်မယ်။ အသက်ကြီးလာတာနှင့်အမျှ အလေ့အထတွေကို ပြောင်းလဲဖို့ ခက်ခဲလာပါတယ်။
သင်ချစ်ရသူတွေကို ဘယ်လောက်ချစ်ကြောင်း၊ ဘယ်လောက် ဂရုစိုက်ကြောင်း ပြောပြပါ။ ခံစားချက်ပိုကောင်းလာတာကို သတိပြုမိပါလိမ့်မယ်။ အဆိုးဆုံးဖြစ်နိုင်တဲ့အရာက စောစောစီးစီး မလုပ်ခဲ့မိတာကြောင့် နောင်တရခြင်းဖြစ်ပါတယ်။

၅။ သူငယ်ချင်းဟောင်းတွေနဲ့ အဆက်အသွယ် မလုပ်ခဲ့မိတာ




အထူးသဖြင့် ကိုယ်က တစ်နယ်တစ်ကျေးမှာ (သို့) အခြားတိုင်းပြည်မှာ အလုပ်လုပ်နေရရင် ဒါက ခက်ခဲနိုင်ပါတယ်။ လူတွေဟာ အချိန်ကြာလာတာနဲ့အမျှ တစ်ကွဲတစ်ပြား ကြီးပြင်းလာကြတာမျိုး၊ အနာဂတ်ကို အမီလိုက်ဖို့ အခွင့်အလမ်းကို မျှော်လင့်တာမျိုးတွေကြောင့် သူငယ်ချင်းဆိုတာ ကျွန်မတို့အတွက် သိပ်အရေးမကြီးပုံရပါတယ်။ ကျွန်မတို့အများစုက “နောက်တော့ ပြန်ဆုံမှာပေါ့ “ဆိုတဲ့စိတ်နဲ့ အဆက်အသွယ်မလုပ်ဘဲ ပစ်ထားမိကြပါတယ်။ ဒါပေမယ့် အသက်တွေကြီးလာလို့ အထီးကျန်ဆန်လာတဲ့အခါမှ နောင်တရမိပါလိမ့်မယ်။

သူငယ်ချင်းဟောင်းတွေနဲ့ ဖေ့ဘွတ်ခ်ပေါ်မှာ စကားပြောတာမျို၊း အပြင်မှာ အတူတူ ညစာစားတာ၊ ကော်ဖီသောက်တာမျိုးဖြင့် အဆက်အသွယ်ပြုလုပ်နိုင်ပါတယ်။

၆။ အလွန်အကျွံ အလုပ်လုပ်ခဲ့မိခြင်း

ဒါက ချမ်းသာကောင်း ချမ်းသာလာနိုင်ပေမယ့် အိုမင်းလာချိန်မှာ လူတိုင်းနောင်တရမိကြတဲ့အရာပါ။ အချိန်အများကြီးယူတာက အကောင်းဆုံးအကြံဉာဏ် မဟုတ်ပေမယ့် သင့်ကိုပျော်ရွှင်စေတဲ့အရာတွေအတွက် သင့်အချိန်တစ်ချို့ကို ဖယ်ထားပါ။ ဥပမာ- အလုပ်ဆင်းချိန် ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်တစ်ခုကို အချိန်ပေးပြီး သင်ယူတာမျိုး၊ အိပ်ရာပေါ်ထိုင်ပြီး တီဗီကြည့်တာမျိုးက ရုံးမှာ အချိန်ပိုဖြုန်းတာထက် ပိုကောင်းပါတယ်။

၇။ ခရီးမထွက်ခဲ့မိခြင်း(သို့) အားလပ်ရက် အလုံအလောက်မယူခြင်း




ပိုပြီးလွတ်လပ်တဲ့ အချိန်တွေရဖို့ နည်းလမ်းရှာရတာ အရမ်းမခက်ပါဘူး။ အားလပ်ရပ်တွေမှာ ခရီးသွားပါ။ သင့်အလုပ်က သင့်ကိုယ်ရေးကိုယ်တာ လိုအပ်ချက်တွေကို မဖြည့်ဆည်းနိုင်ပါက သင့်အချိန်ကို ပိုပြီးကောင်းကောင်းစီမံနိုင်မယ့် အလုပ်သစ်တစ်ခုကို ရှာဖွေသင့်ပါတယ်။ အသက်ကြီးလာမှ ငါမသွားခဲ့မိလေခြင်းလို့ နောင်တရနေမယ့်အစား ငယ်တုန်းအရွယ်မှာ ကိုယ့်အတွက် အချိန်ပေးပြီး ခရီးထွက်ပါ။

Lifestyle_Myanmar
LM_Nandar


Source-steptohealth




Some text some message..