တစ်စုံတစ်ယောက်က ကိုယ့်ကိုကြွေနေတယ်ဆိုတာ သိသာစေတဲ့အချက်များ
moda.com.mm
|
2020-07-28

လူတစ်ယောက်က ကိုယ့်အပေါ်မှာ ဘယ်လောက်အထိ စိတ်ဝင်စားမှုရှိနေတယ်ဆိုတာကို တခါတရံမှာ နည်းမျိုးစုံနဲ့သိသိသာသာဖော်ပြတတ်ပေမယ့် တခါတရံမှာတော့ တော်တော်လေးကိုဟန်ဆောင်မှူကောင်းကောင်းနဲ့ ဖုံးအုပ်ထားတတ်ကြတာကိုကြုံဖူးမှာပါ။ တချို့ကလည်းအရှက်အကြောက်ကြီးတာကြောင့်ဖြစ်နိုင်သလို တချို့ကလည်း စိုးရိမ်စိတ်များနေတာကြောင့် မဖော်ပြရဲကြတာဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်ကကိုယ့်ကို အမှန်တကယ်စိတ်ဝင်စားနေပြီဆိုရင် သူတို့ရဲ့ ဖုံးကွယ်ထားလို့မရတဲ့ အပြုအမူလေးတွေက သိသိသာသာ ပေါ်လွင်နေတတ်ပါတယ်။ အဲဒီအပြုအမူလေးတွေကို သတိထားကြည့်ပြီး ဖြစ်နိုင်ချေကိုချင့်ချိန်ကြည့်မယ်ဆိုရင်တော့ သူကိုယ့်အပေါ်တကယ်ကြွေနေတာ ဟုတ်မဟုတ်ကို ကောင်းကောင်းကြီးဖော်ထုတ်သိရှိနိုင်ပြီလို့ဆိုရမှာပါပဲ။


1.အကြည့်ချင်းဆုံ




သင့်ကိုမကြာခဏ ခိုးခိုးကြည့်နေတတ်ပြီး သင်ကရုတ်တရက်ပြန်ကြည့်မိလိုက်တဲ့အခါမျိုးမှာ ရှက်ပြီး အယောင်ယောင်အမှားမှားဖြစ်သွားတတ်ပါတယ်။ ဒါဟာ သင့်ကိုစိတ်ဝင်စားနေတယ်လို့ ကောင်းကောင်းကြီးယူဆနိုင်တဲ့အချက်များစွာထဲက အသိသာဆုံးအချက်တစ်ခုပါပဲ။ သင့်ကိုစိတ်ဝင်စားနေတဲ့အတွက်ကြောင့်သာ ခိုးကြည့်နေတာကိုလူမိသွားလို့ အယောင်ယောင်အမှားမှားနဲ့ရှက်ကိုးရှက်ကန်းဖြစ်သွားတာမျိုးဖြစ်နိုင်သလို သင့်ကိုစိတ်ဝင်စားနေတယ်ဆိုတာ တမင်တကာ ရိပ်မိစေချင်လို့ ရှက်ကိုးရှက်ကန်းဖြစ်ချင်ယောင်ဆောင်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။


2.မှတ်မိနေမယ်




လူတစ်ယောက်က သင်ဘာပြောပြော အသေးစိတ်လေးကအစ မှတ်မိနေတယ်ဆိုတာဟာ သင်ပြောသမျှစကားတိုင်းကို သေချာနားထောင်ထားလို့ပါ။တခါတလေမှာ ကိုယ်ပြောတာကို သေချာနားထောင်ဟန်မပြပေမယ့် ဘာရယ်မဟုတ်ပြောလိုက်တဲ့စကားလေးကအစ ဂရုတစိုက်အမှတ်ရနေတာမျိုးကြုံဖူးမှာပါ။ အထူးသဖြင့် ဒီဘက်ခေတ်လို နည်းပညာတိုးတက်တဲ့ခေတ်ကြီးမှာ အာရုံစိုက်စရာတွေအရမ်းများတာကြောင့် လူတစ်ယောက်ပြောစကားကို နားဝင်အောင်နားထောင်ဖို့ဆိုတာ တော်တော်လေးကိုရှားနေပါပြီ။ အဲဒီလိုအခြေအနေမှာ ကိုယ့်ပြောစကားတိုင်းကို အမှတ်ရနေမယ်ဆိုရင်တော့ သင့်ကိုအရေးတယူရှိတယ်ဆိုတာနဲ့ ပုံမှန်ထက်ပိုတန်ဖိုးထားတယ်ဆိုတာ အရမ်းကိုသိသိသာသာ ပေါ်လွင်နေပြီလို့ ယူဆလိုက်ပါ။


3.ပွင့်ပွင့်လင်းလင်း




သင်နဲ့ခင်မင်မှူတစ်ခုရရှိပြီးသွားတဲ့နောက်မှာ သူ့ရဲ့ဘဝအကြောင်းတွေ ၊အခက်အခဲတချို့နဲ့ ပြသနာတွေကို ပွင့်ပွင့်လင်းလင်းပြောဆိုတိုင်ပင်လာပြီဆိုရင်လည်း သင့်အပေါ်မှာစိတ်ဝင်စားနေတယ်ဆိုတဲ့ Sign တစ်ခုလို့ သတ်မှတ်လို့ရပါတယ်။ သူနဲ့ပတ်သက်တဲ့ အကြောင်းကိစ္စတွေကိုမကြာခဏ ရင်ဖွင့်တိုင်ပင်တယ်ဆိုတာဟာ သူ့ဘဝအကြောင်းတစ်စိတ်တစ်ပိုင်း သင့်ကိုသိထားစေချင်တဲ့အတွက်ပါပဲ။သင့်ကို မျှဝေခံစားစေချင်တယ်၊ သူ့အကြောင်းတွေပိုသိစေချင်တယ်၊ သင်နဲ့သူနဲ့ကြားမှာ ပိုပြီးခိုင်မြဲတဲ့ ဆက်နွယ်မှူတစ်ခုကိုတည်ရှိနေစေချင်တယ် ဆိုတဲ့ချက်တွေကြောင့်သာ သူ့အကြောင်းတွေသင့်ကို အစစအရာရာ ရင်ဖွင့်တိုင်ပင်ခြင်းဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။


4.သင်နှင့်အနီးတစ်ဝိုက်




နောက်ထပ်သိသာထင်ရှားတဲ့အချက်တစ်ခုကတော့ သင့်ရဲ့ အနီးတစ်ဝိုက်မှာ မကြာခဏပေါ်လာတတ်ခြင်းပါပဲ။ သင့်အနားရောက်နိုင်ဖို့နည်းလမ်းနဲ့အကြောင်းပြချက်တွေကို အချိန်နဲ့အမျှရှာဖွေနေမှာဖြစ်ပြီး အကြောင်းအမျိုးမျိုးနဲ့ အနားတစ်ဝိုက်မှာ ပေါ်လာတတ်ပါတယ်။ အရင်ကတစ်ခါမှ မဆုံဖူးသူဆိုရင်တောင်မှ သင့်သူငယ်ချင်းအုပ်စုထဲမှာဝင်ရောပြီးပါလာတတ်တာမျိုး သင့်ဖုန်းနံပါတ် ၊သင့်ရဲ့ Social Media အကောင့်တွေကို ရအောင်ယူပြီး အချိန်နဲ့အမျှ နည်းမျိုးစုံနဲ့သင့်ကိုဆက်သွယ်နိုင်ဖို့ကြိုးစားနေတာမျိုးပါ။ မသိမသာအားဖြင့်ရော သိသိသာသာအားဖြင့်ရောပေါ့။


5.တူညီမှူ




နောက်ထပ်အသိသာဆုံးအချက်ကတော့ သင်နဲ့ အကြိုက်တွေလိုက်ပြီးတူနေတတ်တာပါပဲ။ သင်ကြိုက်တဲ့စားစရာဆို သူကြိုက်မယ် ၊ သင်သဘောကျတဲ့အရောင်တွေကို သူလိုက်ပြီးသဘောကျမယ်။ သင်စိတ်ဝင်စားတဲ့အရာမှန်သမျှ သူလည်း ကြိုက်ကြိုက်မကြိုက်ကြိုက် လိုက်ပြီးစိတ်ဝင်စားချင်နေပါလိမ့်မယ်။အဓိက ကတော့ သင့်နဲ့နီးစပ်ချင်တာလည်းဖြစ်နိုင်သလို သင်ဘာကြောင့် ဒီအရာကိုစိတ်ဝင်စားရတာလဲဆိုတာနဲ့ သင့်ရဲ့အကြောင်းတွေကိုပိုပြီး ဂဃနဏသိချင်တာကြောင့်ဖြစ်နိုင်ပါတယ်။ ဥပမာ သင်ကဂိမ်းဆော့ရတာဝါသနာပါတဲ့သူဆိုရင် သူကိုယ်တိုင်ကဝါသနာမပါရင်တောင်မှ သင်နဲ့အတူ ဂိမ်းဆော့နိုင်ဖို့ မရမက ကြိုးစားပါလိမ့်မယ်။

Photo Credits to the Rightful Owners




Some text some message..