အသက် ၉၀ ရှိ ဝါရင့်လူရွှင်တော်ကြီး ဦးပလာတာ လူကြီးရောဂါဖြင့် ကွယ်လွန်
mmtimes.com
|
2020-09-17



ဓာတ်ပုံ - ဖေ့စ်ဘွတ်

အသက် ၉၀ ရှိ ဝါရင့်လူရွှင်တော်ကြီး ဦးပလာတာ လူကြီးရောဂါဖြင့် ကွယ်လွန်

ရုပ်ရှင် နှင့် ဗီဒီယိုသရုပ်ဆောင် ဝါရင့်လူရွှင်တော်ကြီး ဦးပလာတာ (အသက် ၉၀ နှစ်)သည် စက်တင်ဘာ ၁၇ ရက် နံနက် ၂ နာရီအချိန်တွင် လူကြီးရောဂါဖြင့် ရန်ကုန်မြို့ ၊ ပန်းပဲတန်းမြို့နယ် ၂၆ လမ်း နေအိမ်၌ ကွယ်လွန်ခဲ့ကြောင်း ၎င်း၏ မြေးဖြစ်သူ အောင်စိုးမိုးက မြန်မာတိုင်းမ်သို့ ပြောသည်။

“အဘိုးကတော့ လူကြီးနာ ၉၆ပါးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာပါ။ အဘိုးက နှလုံးသွေးကြောကျဉ်း တဲ့ ရောဂါတစ်မျိုးတော့ရှိပါတယ်။ ဒီရောဂါလည်း ဆေးတွေသောက်နေတော့ တောက်လျှောက် ကျန်းမာနေပါတယ်။ ဒီရက်ပိုင်းမှာ နှစ်ပတ်သုံးပတ်လောက်မှာ အစားအသောက်လည်း သိပ်မဝင်တော့ပဲ နည်းနည်းကျလာတယ်။ ခုလို အဘိုးဆုံးသွားတာ မတိုင်းမသိ ဝမ်းနည်းရပါတယ်။ အနုပညာ အသိုင်းအဝိုင်းတွေက အဘိုးကို လာတွေ့ချင်ကြတာတွေရှိမယ်လေ။ ကိုဗစ်ကာလဆိုတော့ အဘိုးလာစေချင်တဲ့ အနုပညာအသိုင်းအဝိုင်းက သူတွေ မလာရတာတော့ အဘိုးအစားစိတ်မကောင်းဖြစ်ရပါတယ် ။ ဒီကာလက လူဦးရေ နည်းနည်းပဲ သွားရတာမို့ စိတ်မကောင်း ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ကွယ်လွန်သည့် စက်တင်ဘာ ၁၇ ရက် (ယနေ့) နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ ပန်းပဲတန်းမြို့နယ် ၂၆ လမ်း ရှိ အမှတ် ၁၄၂ ၊ ၅ လွှာ နေအိမ်မှနေ၍ ရေဝေးသုဿန်သို့ ပို့ဆောင် မီးသင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

အနုပညာသက်တမ်း ၆၀ကျော်ရှိပြီးဖြစ်သော ဦးပလာတာသည် ရုပ်ရှင်မင်းသားကြီး ဦးဝင်းဦးနှင့်အတူ ဇာတ်ကားပေါင်းများစွာအတူ ရိုက်ကူးခဲ့ပြီး ဗီဒီယိုဇာတ်ကားများစွာကို ရိုက်ကူးခဲ့သူလည်း ဖြစ်သည်။ ဦးပလာတာသည် သားသမီး ၆ ဦး ကျန်ရှိခဲ့ပြီး အနုပညာမျိုးဆက်သစ်အနေဖြင့် မြေး ဖြစ်သူ အောင်စိုးမိုး နှင့် မသဲနုဝေ တို့အား လွန်ခဲ့သော ၃ နှစ်လောက်က အနုပညာ အမွေပေးခဲ့သည်။ ဦးပလာတာသည် အနုပညာလုပ်ငန်းများကို ရပ်နားလိုက်သည်မှာ ၂နှစ်ကျော်သာ ရှိခဲ့ကြောင်း သိရသည်။




Some text some message..