လူတိုင်းလူတိုင်းမှာ ရင်ဖွင့်ပိုင်ခွင့်ရှိသလို အချို့သော အကြောင်းအရာတွေကိုတော့ ဘယ်သူကိုမှထုတ်မပြောဘဲ ထားသင့်ပါတယ်။ တစ်ခါတလေ ကိုယ်ကသဘောရိုးနဲ့ ပြောလိုက်ပေမယ့် ကိုယ်နိမ့်ပါးတဲ့အချိန်ကျရင် ကိုယ့်ရဲ့လျှို့ဝှက်ချက်တွေကို ချနင်းပြီး ရေနစ်သူ ဝါးကူထိုးတဲ့ လုပ်ရပ်တွေ ကျူးလွန်လာမယ့်သူတွေ ရှိကောင်းရှိနိုင်ပါတယ်။ အဲ့ဒါကြောင့် ကိုယ်နဲ့ပတ်သက်ပြီး အခြားသူတွေကို လုံးဝထုတ်မပြောသင့်တဲ့ အကြောင်းအရာတွေက ဘာတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင် …
၁။ အတိတ်တုန်းကမကောင်းတဲ့ဇာတ်လမ်းများ။
လူတစ်ယောက်ချင်းစီမှာ ပိုင်ဆိုင်ထားတဲ့ အတိတ်တွေက ကောင်းတာတွေရှိသလို မကောင်းတာတွေလည်း ရှိတတ်ပါတယ်။ ကိုယ့်ရဲ့ မခမ်းနားဘဲ ဆိုးရွားတဲ့ အတိတ်ဇာတ်လမ်းတွေကို ကိုယ်ကဖွင့်ပြောမိထားမယ်ဆိုရင် တစ်ချိန်မှာ ဒီလူတွေက ကိုယ့်ရဲ့အဲ့ဒီအားနည်းချက်ကို အသုံးချပြီး ကိုယ့်ကို ထိုးနှက်လာနိုင်ပါတယ်။
၂။ ပိုင်ဆိုင်မှုများ။
ကိုယ့်ရဲ့ တစ်လဝင်ငွေ ဘယ်လောက်ရှိတယ်ဆိုတာမျိုး၊ အိမ်မှာ ဘယ်လိုစီးပွားရေးတွေနဲ့ အကျိုးပြုနေလဲဆိုတာမျိုးတွေကို လွယ်လင့်တကူ ထုတ်မပြောပါနဲ့။ ကိုယ့်အကျိုးမလိုလားတဲ့သူတွေက အဲ့ဒီအရာတွေကို သိသွားတဲ့အချိန်မှာ ကိုယ့်အပေါ် အရင်ကထက် ပိုမိုမနာလိုဖြစ်လာပြီး ကိုယ့်ရဲ့ရှေ့ဆက်ရမယ့် ဘဝခရီးတစ်လျှောက် ပျက်စီးရာ ပျက်စီးကြောင်းတွေကိုပဲ ကြံဆရင်း ကိုယ့်ကိုဒုက္ခပေးပါလိမ့်မယ်။
၃။ အနာဂတ်အိပ်မက်များ။
ဒါကလည်း အပေါ်မှာပြောပြခဲ့တဲ့အကြောင်းအရာနဲ့အတူတူပါပဲ။ လူတိုင်းရဲ့အိပ်မက်တစ်ခုချင်းစီက မတူညီပါဘူး။ မြင့်မားတဲ့ရည်ရွယ်ချက်ရှိတဲ့သူ၊ သာမန်ပန်းတိုင်ကိုပဲ မှန်းဆထားသူနဲ့ ဘာမှမရှိဘဲဖြစ်သလိုနေတဲ့သူဆိုပြီး အမျိုးမျိုးရှိနိုင်ပါတယ်။ ကိုယ့်ရဲ့ ရည်မှန်းချက်က သူများနဲ့မတူ တမူထူးခြားတဲ့ ရည်မှန်းချက်ဆိုရင်တော့ ဒီအကြောင်းတွေကို မဖွင့်ပြောသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကိုယ့်ရဲ့စိတ်ကူးစိတ်သန်းတွေကို အသုံးချပြီး ဦးနှောက်ဖောက်စားသွားတာမျိုးတွေ ခံရနိုင်ပါတယ်။
၄။ ကိုယ့်ရဲ့ကောင်းကွက်များ။
ကိုယ်က သူတစ်ပါးအပေါ် ဘယ်လိုကောင်းတယ်၊ ဘယ်လိုစိတ်မျိုးထားတယ်ဆိုတာတွေကို မထုတ်ပြောသင့်ပါဘူး။ ဒီလိုမျိုးထုတ်ပြောနေရင် တစ်ဖက်သားက ကိုယ့်ကိုအထင်ကြီးလေးစားနိုင်မှာမဟုတ်ဘဲ နောက်ကွယ်မှာ နှာခေါင်းရှုံ့ဝေဖန်ကြပါလိမ့်မယ်။ အဲ့ဒီတော့ ကိုယ်လုပ်စရာရှိတာပဲ ကြိုးစားပြီးလုပ်ပါ။ ကိုယ့်ရဲ့ကောင်းကွက်တွေ၊ ကူညီတတ်ပြီး ရိုးသားတဲ့စိတ်ထားတွေကို သူတို့ဘာသာသူတို့ အလိုလို သိလာတာကပဲ အကောင်းဆုံးပါ။
၅။ မိသားစုပြဿနာ
လတ်တလောကြုံနေရတဲ့ ဒါမှမဟုတ် ငယ်ငယ်က ကိုယ့်မိသားစုမှာ ကြုံခဲ့ရတဲ့ ပြဿနာတွေကို ကိုယ့်ရဲ့အတွင်းရေးအဖြစ်ပဲ သဘောထားပါ။ အရင်တည်းက အတွင်းစည်းမှာ ပြဿနာတွေတက်နေပါတယ်ဆိုမှ ကိုယ့်ကြောင့် သူစိမ်းတစ်ယောက်ယောက်က မိသားစုအတွင်းရေးပြဿနာတွေကို သိသွားမယ်ဆိုရင် ကိုယ်နဲ့ကိုယ့်မိသားစုကို လှောင်ပြောင်စရာအဖြစ် သဘောထားပါလိမ့်မယ်။ အဲ့ဒါကြောင့် မိသားစုပြဿနာနဲ့ ပတ်သက်လာပြီဆိုရင် အတတ်နိုင်ဆုံး ဘယ်သူ့ကိုမှရင်မဖွင့်ပါနဲ့။
၆။ ကိုယ့်ရဲ့အယူအဆ နဲ့ စိတ်ခံစားချက်။
ပူပူနွေးနွေး ဥပမာပြရမယ်ဆိုရင် ငါကဘယ်သူ့ကို ဘယ်လိုကြည်ညိုတာ၊ ဘယ်သူ့ကိုတော့ဖြင့် ဘယ်လိုမုန်းတယ်ဆိုတာတွေကို ထုတ်မပြောတာ အကောင်းဆုံးပါ။ အဲ့ဒီမှာ ကိုယ်နဲ့စကားပြောနေတဲ့လူက ကိုယ်နဲ့အယူအဆဝိဝါဒ ကွဲပြားတယ်ဆိုရင် ကိုယ့်အတွက် ရန်သူမဟုတ်တောင် အမြင်ကတ်တဲ့သူ၊ ကြည့်မရတဲ့သူတစ်ယောက် တိုးလာနိုင်ပါတယ်။ ပြီးရင် ကိုယ့်ရဲ့သာမန်စိတ်ခံစားချက်၊ ဘယ်သူ့ကိုဘယ်လိုသဘောထားတယ်၊ ကိုယ်ကိုယ်တိုင်က ဘယ်လိုနေရထိုင်ရတာကို သဘောကျနှစ်သက်တယ်ဆိုတာတွေကိုလည်း လုံးဝထုတ်မပြောပါနဲ့။ တစ်ယောက်ယောက်က ကိုယ့်ရဲ့ဒီအချက်တွေကို ထိပါးစော်ကားလာလို့ ကိုယ်လည်း သည်းမခံနိုင်တဲ့အဆုံးမှာတော့ ပြဿနာတွေ အကြီးအကျယ်ဖြစ်ပွားနိုင်ပါတယ်။
ဒီစာလေးကို ဖတ်ပြီးပြီဆိုရင်တော့ ကိုယ့်ဘဝတစ်လျှောက် လူတွေကိုယုံပြီး လျှို့ဝှက်ချက်တွေ ပြောပြမိလို့ ဒုက္ခရောက်ခဲ့ဖူးတာမျိုးရှိရင် အဲ့ဒီအကြောင်းတွေကို ပြန်သတိရလာပါလိမ့်မယ်။ အဲ့ဒါကြောင့် ဒီလိုအကြောင်းတွေကို လုံးဝ လုံးဝ ထုတ်မပြောပါနဲ့လို့ အကြံပေးချင်ပါတယ်။
#HM
#LifestyleMyanmar
Source: powerofpositivity