ချစ်သူရည်စား၊ အိမ်ထောင်ဘက်တွေ ရှောင်ရှားရမယ့် အချက် ၉ ချက်
lifestylemyanmar.com
|
2020-10-26



ချစ်သူရည်းစားစုံတွဲတွေကြားမှာ တယောက်နဲ့တယောက်ပြတ်ဆဲဖြစ်စေတဲ့၊ တည်ဆောက်ထားခဲ့တဲ့ ချစ်ခြင်းတွေကို ပြိုကွဲသွားစေတဲ့ အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီအချက်တွေဟာ ချစ်သူနှစ်ဦးကို ဝေးကွာသွားစေတဲ့ အချက်တွေဖြစ်တဲ့အတွက် ရှောင်ကြဉ်နိုင်ဖို့ကိုလည်း ဂရုပြုစေချင်ပါတယ်။

ပိုက်ဆံကိစ္စနဲ့ပတ်သတ်ပြီး




ငါရှာထားတဲ့ပိုက်ဆံ ငါ့ဘာသာစိတ်ကြိုက်သုံးမယ်။ နင်က ပိုက်ဆံဘယ်လောက်ရှာနိုင်လို့လဲ။ နင်ရှာထားတဲ့ ပိုက်ဆံက ဘယ်လောက်များလို့လဲ။ နင့်လစာကဖြင့် ငါ့လစာ တဝက်လောက်တောင်မရှိဘဲနဲ့…။ အစရှိတဲ့ စကားလုံးတွေဟာ နှစ်ယောက်သားနွေးထွေးမှုတွေကို ဖြိုခွဲပစ်တဲ့ စကားလုံးတွေပါဘဲ။ နှစ်ယောက်အတူတူ ဘဝတခုကို တည်ဆောက်ဖို့ ရည်ရွယ်ထားရင်၊ တည်ဆောက်ထားရင် အတ္တတွေမာနတွေ ဘေးချိတ်ထားပြီး နှစ်ယောက်အတူတူ အေးအတူပူအမျှ နေနိုင်ရမယ့် စိတ်ဓါတ်တွေထားရှိဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ဒီချစ်ခြင်းတရားတွေဟာ ခဏတာနဲ့ ပြယ်လွင့်သွားပါလိမ့်မယ်။

မမျှတမှု



တယောက်ကတော့ ကောင်းကောင်းမွန်မွန်စားသောက်၊ ကောင်းကောင်းမွန်မွန်သုံးစွဲပြီး ကျန်တဲ့တယောက်ကိုတော့ ချို့ချို့ငဲ့ငဲ့ဖြစ်စေတာမျိုးက အဆင်မပြေနိုင်ပါဘူး။ ဒီနေ့လိုခေတ်မျိုးမှာ နှစ်ယောက်
အတူတူရုန်းကန်မှသာ အိမ်ထောင်တခုရဲ့ လိုအပ်ချက်တွေကို အတတ်နိုင်ဆုံးဖြည့်ဆည်းနိုင်မှာပါ။ အဲဒီလို ရုန်းကန်နေစဉ်မှာ ငါကပိုက်ဆံပိုရှာလို့ ငါဘဲ ပိုကောင်းတာတွေသုံးမယ်ဆိုတာမျိုးက ဆက်ဆံရေးတခုကို အက်ကြောင်းထင်စေတဲ့ အပြုအမူမျိုးတွေဘဲဖြစ်ပါတယ်။

အပေါင်းအသင်းကိစ္စနဲ့ ပတ်သတ်ပြီး




လူဆိုတာ အမြဲလို ပြီးပြည့်စုံနေတာမျိုး မရှိနိုင်ပါဘူး။ လူလူချင်းရိုင်းပင်းကူညီပေးရမယ့်၊ မိတ်ဆွေအပေါင်းအသင်းအချင်းချင်း တယောက်တလှည့် ကူညီပေးရမယ့် အခြေအနေမျိုးတွေ ကြုံတွေ့လာရနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ဘက်ကကူညီပေးနိုင်လို့ ကူညီပေးတာမျိုးကို ငြူစူစောင်းမြောင်းပြောဆိုတာမျိုး၊ သဘောထားသေးသိမ်တာမျိုးကို မပြုလုပ်ပြဖို့ လိုပါတယ်။ သူ့သူငယ်ချင်းအပေါင်းအသင်းဆိုတာ ကိုယ့်သူငယ်ချင်းအပေါင်းအသင်းပါဘဲ။ ဒါပေမယ့် အယူသာရှိပြီး အပေးမရှိတဲ့ အပေါင်းအသင်းမျိုးဆိုရင်တော့ အဆက်အဆံမလုပ်တာက အကောင်းဆုံးပါဘဲ။

ဂရုတစိုက်မရှိခြင်း




တယောက်က ဖျားနာနေတဲ့အခါမျိုးမှာ “ကလေးမှမဟုတ်တာ ကိုယ့်ဘာသာဂရုစိုက်ပေါ့” ဆိုတာမျိုးက အဆင်မပြေပါဘူး။ ကိုယ့်အပေါ်ဂရုတစိုက်မရှိတဲ့ သူမျိုးနဲ့ ဘယ်လိုလူကမှ ရေရှည်လက်မတွဲချင်ပါဘူး။ တယောက်အပေါ် တယောက် ဂရုတစိုက် ကြင်ကြင်နာနာမရှိနိုင်ဘဲနဲ့ နှစ်ယောက်အတူတူ ဘဝတခုကိုတည်ဆောက်ဖို့ ဆုံးဖြတ်တာမျိုးက လေထဲတိုက်အိမ်ဆောက်တာနဲ့ အတူတူပါဘဲ။

စိတ်ခံစားချက်တွေနဲ့ ပတ်သတ်ပြီး




တယောက်နဲ့ တယောက် စိတ်ခံစားချက်တွေကို ဖွင့်ဟပြောဆိုခြင်းမရှိတော့ဘူး။ တယောက်ခံစားချက်တွေကို တယောက်ကနားလည်မပေးနိုင်ဘူးဆိုရင်လည်း နှစ်ဦးသားဘဝတခုမှာ ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ တယောက်က အားပေးကူညီ နှစ်သိမ့်ဖို့ လိုအပ်နေချိန်မျိုးမှာ တယောက်က မသိချင်ယောင်ဆောင်နေပြီဆိုရင် ဒီဆက်ဆံရေးတခုဟာ ဘယ်လိုမှ ပြန်ပြီးကောင်းမွန်လာတော့မှာ မဟုတ်ပါဘူး။

အိမ်မှုကိစ္စများနဲ့ ပတ်သတ်ပြီး




အိမ်မှုကိစ္စတွေနဲ့ ပတ်သတ်ပြီး တယောက်နဲ့ တယောက်အပြစ်တင်မယ်၊ ကူညီပေးခြင်းမရှိဘူးဆိုရင် ဒီအိမ်ထောင်တခုက ရေရှည်အဆင်မပြေနိုင်ပါဘူး။ ဘေစင်က ရေယိုနေတာကို မပြင်ရကောင်းလားဆိုပြီး တယောက်က အပြစ်တင်မယ်၊ တယောက်ကလည်း ချက်ထားတဲ့ဟင်းတွေက အရသာမရှိဘူးဆိုပြီး ဝေဖန်မယ်။ ဒီလိုစကားတွေက ဘာမှမဟုတ်ဘူးလို့ထင်ရပေမယ့် ဆက်ဆံရေးတခုကို ပြိုကွဲသွားစေနိုင်လောက်ပါတယ်။

သူတပါးနဲ့ နှိုင်းယှဉ်ပြီး




“ငါ့သူငယ်ချင်းမိန်းမကတော့ ဘယ်လိုတော်တာ၊ အိမ်မှုကိစ္စဘယ်လိုနိုင်နင်းတာ”…။ ” ကြည့်စမ်း သူများယောက်ျားတွေဆို ပိုက်ဆံဘယ်လိုရှာနိုင်တာ၊ မိသားစုကို ဘယ်လိုဂရုစိုက်တာ” အစရှိသည်ဖြင့် တခြားတယောက်ယောက်နဲ့ နှိုင်းယှဉ်ပြီး အပျက်စကားတွေပြောဆိုတာမျိုးကလည်း နှစ်ဦးသားဆက်ဆံရေးကို ဝေးကွာသွားစေတဲ့ အကြောင်းရင်းတွေပါဘဲ။

တဖက်သတ် အပြစ်တင်ပြောဆိုခြင်း




ဘယ်လိုအရာမျိုးကိုမဆို တဖက်သတ် အပြစ်တင်ပြောဆိုနေမယ် ဒါမှမဟုတ် အပြောဆိုခံနေရမယ်ဆိုရင်လည်း ဒီဆက်ဆံရေးဟာ သိပ်မကြာခင်မှာဘဲ ပြိုကွဲသွားပါလိမ့်မယ်။ ဘယ်လိုအရာမျိုးကိုမဆို တယောက်ထဲကဘဲ တာဝန်ယူခေါင်းခံပြီး ဖြေရှင်းပေးနေရတာမျိုးက အဆင်မပြေမနိုင်ပါဘူး။ နှစ်ယောက်အတူတူဘဝကို တည်ဆောက်ပြီဆိုရင်တော့ ကိုယ်တတ်နိုင်တဲ့ တာဝန်ဝတ္တရားတွေကို တာဝန်ခွဲဝေယူဖို့လိုပါတယ်။ တယောက်ထဲကဘဲ ရင်ဆိုင်ဖြေရှင်းနေရတာမျိုးက ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။

ဝါသနာတွေနဲ့ ပတ်သတ်လို့



တယောက်ရဲ့ ဝါသနာကို တယောက်က ကူညီဖြည့်ဆည်းပေးရမယ့်အစား ပြစ်တင်ပြောဆိုနေမယ် လှောင်ပြောင်နေမယ်ဆိုရင် ဒီဆက်ဆံရေးဟာ ဘယ်လိုမှရေရှည်မတည်တံ့နိုင်ပါဘူး။ ဒါပေမယ့်
ဝါသနာလို့ ဆိုရာမှာလည်း အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး သင့်တော်မှန်ကန်တဲ့ ဝါသနာမျိုးဖြစ်ဖို့တော့လိုပါတယ်။ မိသားစုအနေအထားကို မငဲ့ကွက်ဘဲ ဝါသနာနောက်ကိုဘဲ လိုက်နေမယ်ဆိုရင်တော့ ဒီအသိုက်အမြုံလေးဟာ ရေရှည်မှာ ပြိုကွဲသွားပါလိမ့်မယ်။

ကိုယ့်ရဲ့ အတ္တကို ရှေ့တန်းတင်လွန်းခြင်း




ကိုယ့်ရဲ့အလိုဆန္ဒတခုထဲကိုဘဲ ရှေ့တန်းတင်ပြီး ကိုယ့်ရဲ့အိမ်ထောင်ဖက်၊ ချစ်သူရည်းစားရဲ့ ဆန္ဒတွေကို လျစ်လျူရှုတာမျိုးကလည်း မသင့်တော်ပါဘူး။ ဘယ်လောက်ဘဲကိုယ်အပေါ် နားလည်ခွင့်လွှတ်သည်းခံတတ်တဲ့သူဖြစ်ပါစေ အချိန်ကြာလာရင် စိတ်ပျက်ပြီး စွန့်ခွာသွားပါလိမ့်မယ်။ ဒါကြောင့်မို့ သူ့ဘက်ကိုယ့်ဘက် မျှတတဲ့အတွေးအခေါ်မျိုး၊ စိတ်ခံစားချက်မျိုးတွေကိုလည်း ထားရှိပေးဖို့ လိုအပ်ပါတယ်။

#Lifestyle_Myanmar

#Dmo_aung

#Ref- Brightside




Some text some message..