ပန်းပင်အရေအတွက် ၂သိန်းကျော်နဲ့ စည်ကားသိုက်မြိုက်စွာကျင်းပနေတဲ့ ၁၃ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်
lotaya.mpt.com.mm
|
2018-12-18




ပန်းပင်အရေအတွက် ၂သိန်းကျော်နဲ့ စည်ကားသိုက်မြိုက်စွာကျင်းပနေတဲ့ ၁၃ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်

အမျိုးသား ကန်တော်ကြီး ဥယျာဉ် (ပြင်ဦးလွင် ) ဆိုတဲ့နာမည်ကို ကြားလိုက်တာနဲ့... ရောင်စုံပန်းခင်းတွေအစိမ်းရောင် မြက်ခင်းပြင် ကျယ်ကြီးတွေနှင့်အတူ ရေပြင်ကျယ်ကြီးကို တွေးမြင်မိလိုက်ကြမှာပါ ၊ ဒီလိုမြင်ကွင်းတွေ နှင့်အတူ နှစ်စဉ်ကျင်းပနေကြ ပန်းပွဲတော် ကိုလည်း တွဲဖက်သတိရမိကြမှာအမှန်ပါပဲ။

၂၀၁၈ ခုနှစ်အမျိုးသား ကန်တော်ကြီးဥယျာဉ် ရဲ့ (၁၃) ကြိမ်မြောက် ပန်းပွဲတော် ဖွင့်ပွဲအခမ်းအနားကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၅) ရက်နေ့ ၊ မနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပြီး တေးသံရှင် နီနီခင်ဇော် နဲ့ တေးသံရှင် ဝိုင်းစုခိုင်သိန်း တို့ရဲ့အကောင်းဆုံးအမြူးကြွဆုံး ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ ၊ Designer မေမြတ်ဝါဆို ဖန်တီးချုပ်လုပ်ထားသည့် လှပဆန်းသစ်သော ဖက်ရှင်ဝတ်စုံများကို ပန်းလင်းလင်း (Florist) က ပန်းဖက်ရှင်များ ပံ့ပိုးထားတဲ့ Fashion Showအစီအစဉ်တွေကိုလည်း ထည့်သွင်းကျင်းပခဲ့တာဖြစ်ပါတယ်။










ပွဲတော်ရက်အတွင်း ပန်းပင်အရေအတွက် ၂သိန်းကျော်နဲ့ ပြသထားမှာဖြစ်ပြီး ဒီနှစ်အတွက်ပန်းပွဲတော်ကအရင်နှစ်တွေနဲ့မတူ ပိုမိုထူးခြားအောင် စီစဉ်ထားကြပါတယ်။ ပန်းပွဲတော်အတွက် နေရာဒီဇိုင်းဆွဲတာ ၊ ပန်းစိုက်ပျိုးတာတွေကိုလည်း ထိုင်းနဲ့ ဂျပန်က ပန်းပညာရှင်တွေရဲ့အကူအညီရယူထားပြီး ပန်းအစစ်တွေကိုသာအများဆုံးအသုံးပြုထားတာဖြစ်လို့ ဓါတ်ပုံရိုက်ဝါသနာရှင်တွေအတွက်တော့အလှဆုံးဖြစ်နေစေခဲ့ပါတယ်။













ခါတိုင်းပုံမှန်ရှိနေကျပန်းတွေနဲ့တောင် လှနေပြီးသား ကန်တော်ကြီးကအခုဆိုရင်ဘယ်လောက်တောင်လှနေပြီလဲဆိုတာ ပုံမှာပြထားတဲ့ ပန်းတွေက သက်သေပါပဲနော်။ ဓါတ်ပုံရိုက် ဝါသနာပါသူတွေ၊ ပရီဝက်ဒင်းရိုက်ကူးလိုသူတွေအနေနဲ့လည်းအကြိုက်တွေ့ကြမှာပါပဲ၊ ဘာလို့လည်းဆိုတော့ ဒီနှစ်မှာ ပန်းအရေအတွက်ပိုသုံးထားပြီး ထိုင်း၊ တရုတ်နဲ့ ဂျပန်နိုင်ငံတို့က ရယူထားတဲ့ ပန်းအလှ ၃၃ မျိုး၊ ပြည်တွင်း ပန်းမျိုး ၃၆ မျိုး ၊ နိုင်ငံခြားရော ပြည်တွင်းပါအပါဆိုရင်အပင်အရေအတွက် ၂သိန်းကျော်နီးပါး ပြသထားတယ်လို့ သိရပါတယ်။ ပန်းပွဲတော်လာသူတွေအနေနဲ့ ပန်းတွေနဲ့အတူ ဓါတ်ပုံရိုက်ကြရင်း တစ်လနီးပါး ပြသမယ့် ဒီပန်းလေးတွေအလှမပျက်စေဖို့ ပန်းတွေကို ချိုးဖဲ့ခူးယူတာမျိုးကိုတော့ ရှောင်ကြဉ်ဖို့တိုက်တွန်းချင်ပါတယ်။

ပြသစိုက်ပျိုးထားတဲ့ ပန်းတွေထဲမှာ ရှားပါးသစ်ခွမျိုးတွေ၊ ဒန်းပန်း၊ ပန်းဂေါ်ဖီမျိုး၊ ဒေလီယာအစရှိတဲ့ ပန်းပေါင်းစုံ တွေ့မြင်ရမှာဖြစ်ပြီး စားသောက်ဆိုင်ငယ်တွေ၊ လူသုံးကုန်ပြပွဲတွေ၊ ကလေးကစားစရာနေရာတွေပါ ထည့်သွင်းထားသေးတာ ဖြစ်ပါတယ်။



















ပန်းပွဲတော်ကြီးကို Htoo Group Of Companies ကတာဝန်ယူကျင်းပတာဖြစ်ပြီး ပွဲတော်ဖွင့်ပွဲအခမ်းအနားနဲ့ ပွဲတော်ရက်အတွင်းအစီအစဉ်တွေကိုတော့ John Lwin ရဲ့

Star Event Production က တာဝန်ယူတင်ဆက်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။

ပွဲတော်ဖွင့်ပွဲအခမ်းအနားမှာ Star Eventအဖွဲ့မှ Dancers များဖြင့် ကပြဖျော်ဖြေခြင်း ၊ ပန်းပညာရှင် Lin Lin(Florist) ၏ လှပသော...ပန်းဒီဇိုင်းများဖြင့်..Alvaasce Fabric များကိုအသုံးပြု၍ ဒီဇိုင်နာ မေမြတ်ဝါဆိုမှ နောက်ဆုံးပေါ်ခေတ်မှီဆန်းသစ်သော ဒီဇိုင်းများကို STARTS &MODELS INT"L (Mandalay) မှ Models များမှ ဝတ်ဆင် ၍ Show ပြသခဲ့ခြင်း ၊ တေးသံရှင် ဝိုင်းစုခိုင်သိန်း နှင့် နီနီခင်ဇော်တို့ က သီဆိုဖျော်ဖြေခြင်းအစရှိတဲ့ performance တွေကို တင်ဆက်ပြသခဲ့ရာမှာ လူအများစိတ်ပါဝင်စားတက်ရောက်ခဲ့ကြတာကိုလည်း တွေ့မြင်ရပါတယ်။

အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်) ၏ (၁၃)ကြိမ်မြောက် ပန်းပွဲတော် မှာဆိုရင် လူသုံးကုန် နဲ့ စားသောက်ကုန်ပစ္စည်းများအပါအဝင် ရိုးရာလက်မှုအရောင်းဆိုင်များ ၊ နဲ့ ပန်းပျိုးပင်အရောင်းဆိုင်များ ပါဝင်တဲ့ ဈေးရောင်းပွဲတော်ကိုလည်းအရင်နှစ်တွေကအတိုင်း ထည့်သွင်းထားပါတယ်။

ဈေးပွဲတော်ကာလအတွင်း Product Show , Model Show , Magic Show , Joker ,အိမ်မက်ဆုံရာ နဲ့ Myanmar Idol မှ တေးသံရှင်များ ၊ Music Band and Vocalists , Mono Music , DJ and Dancer , Traditional Puppet Show နဲ့ Myanmar's Got Talent မှ ပညာရှင်များ ပါဝင်တဲ့အစီအစဉ်ကောင်းတွေကိုလည်း တင်ဆက်ပေးသွားဦးမှာပါ။

ပြီးတော့အခုနှစ် (၁၃) ကြိမ်မြောက် ပန်းပွဲတော်မှာဆိုရင် Indoor and Outdoor Plant Competition ပြိုင်ပွဲကို ပထမဦးဆုံးအကြိမ် ထည့်သွင်း ကျင်းပသွားမှာဖြစ်ပြီး ဆုကြေးက တစ်သိန်း ၊ သုံးသိန်း၊ ငါးသိန်းအသီးသီးပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။



















၁၃ကြိမ်မြောက် ပန်းပွဲတော်ကြီးကို ဒီဇင်ဘာ ၁၅ရက်ကနေ ၂၀၁၉ ဇန်နဝါရီလ ၁၅ရက်နေ့အထိ ပြုလုပ်ကျင်းပမှာဖြစ်ပြီး ပွဲတော်ရက်အတွင်းအဆိုတော်တွေကလည်း ပါဝင်အားဖြည့်ပေးကြဦးမှာပါ။ ၂၀၁၈ ပန်းပွဲတော်ရဲ့ ဂီတဖျော်ဖြေပွဲကြီးကို ဒီဇင်ဘာလ ( ၂၂ - ၂၃ ) ရက်နေ့ နန်းမြင့်မျှော်စင်မှာ ကျင်းပမှာဖြစ်ပြီး ၊ ဒီဇင်ဘာ ( ၂၅ ) ရက်နေ့မှာတော့အမျိုးသားအထိမ်းအမှတ်ဥယျာဉ်က ပြည်ထောင်စုရင်ပြင် မှာ စည်ကားသိုက်မြိုက်စွာကျင်းပတော့မှာ ဖြစ်ပါတယ်။

မရောက်ဖြစ်သေးတဲ့သူတွေအနေနဲ့လည်းအချိန်ရမယ်ဆိုရင် ထူးခြားမှုတွေနဲ့ စည်ကားလှတဲ့ ပြင်ဦးလွင်ပန်းပွဲတော်ကို တစ်ခါတစ်ခေါက် သွားရောက်လည်ပတ်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။

ကဲ သင်လည်း ၁၃ ကြိမ်မြောက် ပြင်ဦးလွင် ပန်းပွဲတော်ကိုအလည်လာဖြစ်ခဲ့ရင် ကိုယ်အနှစ်သက်ဆုံး နေရာလေးနဲ့အမှတ်တရဓါတ်ပုံလေးတွေ share ရင်းအတူတူမျှဝေလိုက်ရအောင်နော်။




Some text some message..