ဆို့နင့်ကျန်ရစ်မယ့် ရုပ်ပြဇာတ်လမ်း
mmtimes.com
|
2020-12-22



ပါဂျောင်ရုပ်ပြဝတ္ထုစာအုပ်နှင့် ရုပ်ပြထဲမှ ဇာတ်ကွက်အချို့။ ဓာတ်ပုံ-ဇွန်ပန်းပွင့်

ဆို့နင့်ကျန်ရစ်မယ့် ရုပ်ပြဇာတ်လမ်း

ကချင်ပြည်နယ် မြောက်ပိုင်းပါဂျောင်စခန်းမှာ ABSDF မြောက်ပိုင်းကျောင်းသားတပ်မတော်ရဲ့ တော်လှန်ရေးတပ်သားကြီးအဖြစ် တာဝန်ထမ်းဆောင်ရင်း ရက်စက်နည်းမျိုးစုံနဲ့ ညှင်းပန်းနိုပ်စက်မှုတွေခံစားရပြီး လွတ်မြောက်လာခဲ့တဲ့ ပန်းချီဆရာထိန်လင်းရဲ့ကိုယ်တွေ့အဖြစ်အပျက် ''မြောက်ပိုင်း ABSDF အချင်းချင်းသတ်ဖြတ်ပွဲ'' ကိုယ်တွေ့မှတ်တမ်းစာအုပ်ကို ကာတွန်းဆရာ Wooh (ဟေမန်ဦး)က ပြန်လည်သရုပ်ဖော်ရေးဆွဲထားတဲ့ ''ပါဂျောင်'' ရုပ်ပြဝတ္ထုကို ဒီဇင်ဘာ ၁၈ ရက်က ရုပ်ပြစာပေမှ ဖြန့်ချိခဲ့ပါတယ်။

၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုကြီးအပြီးမှာ လူငယ်ကျောင်းသားတချို့ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နယ်မြေဖြစ်တဲ့ နယ်စပ်ဒေသတွေကို တောခိုခဲ့ကြပါတယ်။ ပန်းချီဆရာထိန်လင်းဟာ ပါဂျောင်ဒေသမှာ တပ်ဆွဲထားတဲ့ ABSDF မြောက်ပိုင်းကျောင်းသားတပ်မတော်က သတင်းပြန်ကြားရေးဌာနမှာ ပန်းချီရေးသူတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရင်း အလွန်ရက်စက်ကြမ်းကြုတ်တဲ့ အချင်းချင်း နှိပ်စက်ညှင်းပန်းမှုတွေကို ခံစားခဲ့ရပါတယ်။

လက်နက်ကြောင့် စိတ်တွေပြောင်းလဲလာပြီး အချင်းချင်းအာဏာလုပွဲတွေကြောင့် ဘဝတူကျောင်းသားတချို့ ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရပြီး သူကိုယ်တိုင်ကလည်း ဒီနှိပ်စက်ခံရမှုတွေကနေ ကြိုးစားလွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ ဆရာထိန်လင်းဟာ ပါဂျောင်စခန်းမှာရခဲ့တဲ့ စိတ်ဒဏ်ရာကြောင့် ဒီအကြောင်းတွေကို နောင်နှစ်ပေါင်းများစွာထိ မဖွင့်အံနိုင်ခဲ့ပါဘူး။

၂ဝ၁၄ ခုနှစ်မှာတော့ ပါဂျောင်ဒေသမှာ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းဖြစ်ရပ်ဆိုးကို အသေးစိတ်ရေးသားထာတဲ့ ''ABSDF မြောက်ပိုင်းကျောင်းသားအရေးအခင်း'' ကို ဆရာထိန်လင်းက ရေးသားထုတ်ဝေနိုင်ခဲ့ပါတယ်။ ၂ဝ၁၉ ခုနှစ်မှာတော့ ''မြောက်ပိုင်း ABSDF အချင်းချင်းသတ်ဖြတ်ပွဲ'' အမည်နဲ့ ပြန်လည်ထုတ်ဝေခဲ့ပါတယ်။

''မြောက်ပိုင်း ABSDF အချင်းချင်းသတ်ဖြတ်ပွဲ'' စာအုပ်ကိုအခြေခံပြီး ကိုရီးယားရုပ်ပြဇာတ်လမ်းတွဲတွေကို ၁၈ နှစ်ကြာ ပါဝင်ရေးသားခဲ့တဲ့ ကာတွန်းဆရာ Wooh (အမည်ရင်းဟေမန်ဦး) က 'ပါဂျောင်' အမည်နဲ့ ရုပ်ပြပြန်လည်ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

၂ဝ၁၉ ခုနှစ်မှာ ပန်းချီထိန်လင်းဟာ British Museum မှာပြုလုပ်ခဲ့တဲ့ The Citi Exhibition Manga ပွဲကို ကြည့်ခွင့်ရခဲ့ပါတယ်။ ပြပွဲမှာ ဂျပန်ရုပ်ပြသမိုင်း၊ ရုပ်ပြစတင်ဆွဲစဉ်ကရေးဆွဲထားတဲ့ ရုပ်ပြလက်ရာတွေနဲ့ ဂျပန်ရုပ်ပြတွေ အဆင့်ဆင့်ပြောင်းလဲလာပုံကို သက္ကရာဇ်တွေနဲ့ပိုင်းပြီး ပြသခဲ့ပါတယ်။

''ဒီပွဲကို တော်တော်တအံ့တသြဖြစ်ရတယ်။ နိုင်ငံတကာမှာ ရုပ်ပြယဉ်ကျေးမှုက အားကောင်းနေပါလျက်နဲ့ ကျွန်တော်တို့ဆီမှာ ပျောက်သွားတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော် မြန်မာပြည်ပြန်ရောက်ပြီး သိပ်မကြာခင်မှာ ကျွန်တော်ရဲ့စာအုပ်ကို ကာတွန်းရေးချင်တယ်လို့ ငါတို့စာပေက ဆက်သွယ်လာပါတယ်။ ကာတွန်းဆရာဟေမန်ဦး နမူနာရေးထားတဲ့ လက်ရာအချို့ကိုလည်း ပြတယ်။ အဲဒီမှာတင် ကျွန်တော် တအံ့အသြဖြစ်သွားတယ်။ ရင်ထဲမှာ တော်တော် ဝမ်းသာသွားတယ်။ အဲဒါနဲ့ပဲ ဝမ်းမြောက်ဝမ်းသာ လက်ခံမိတယ်။ ကျွန်တော်တို့နိုင်ငံမှာ ရုပ်ပြတစ်ခေတ် ပြန်ဆန်းခဲ့ပြီလို့ပဲ ပြောချင်ပါတယ်'' လို့ ''မြောက်ပိုင်း ABSDF အချင်းချင်းသတ်ဖြတ်ပွဲ'' စာအုပ်ကို ရေးသားခဲ့သူ ပန်းချီထိန်လင်းက ဒီဇင်ဘာ ၁၂ ရက်မှာ ပြုလုပ်ခဲ့တဲ့ ''ပါဂျောင်'' အွန်လိုင်းစကားဝိုင်းမှာ ပြောပြခဲ့ပါတယ်။

ပန်းချီထိန်လင်းဟာ ငယ်ရွယ်စဉ်ကတည်းက ရုပ်ပြတွေကို စွဲလန်းခဲ့ပါတယ်။ မြိတ်ဝင်းထိန်၊ ဝသုန်တို့ရဲ့ ရုပ်ပြတွေကို ကြိုက်နှစ်သက်ခဲ့ပြီး ရုပ်ပြတွေ စာအုပ်ဈေးကွက်ထဲကနေ ပျောက်သွားတဲ့အချိန်ထိ တောက်လျှောက်ဖတ်ခဲ့ပါတယ်။

''ရုပ်ပြတစ်ခေတ် ဆန်းသစ်မှုဟာ ဒီပါဂျောင်ဖြစ်ရပ်မှာ သေဆုံးခဲ့တဲ့ဝိညာဉ်တွေ တစ်ခါပြန်နိုးထလာတာနဲ့အတူ ယှဉ်တွဲပြီးဖြစ်လာတဲ့အတွက် ဝမ်းမြောက်မိတယ်'' လို့ ပန်းချီထိန်လင်းက ပြောပါတယ်။

''ပါဂျောင်'' ရုပ်ပြဝတ္ထုဟာ လူ့ငရဲတစ်ခုကို သရုပ်ဖော်ရတဲ့အတွက် ရုပ်ပြထဲမှာ အနီရောင်တွေ ခပ်များများ သုံးစွဲထားသလို sketch တွေကလည်း ခပ်ကြမ်းကြမ်းဖြစ်နေခဲ့တာက ဝတ္ထုကိုခံစားပြီးတဲ့အခါ ရွေးချယ်မိခဲ့တဲ့ အရောင်တွေ၊ sketch တွေဖြစ်တယ်လို့ ကာတွန်းဆရာ Wooh က အွန်လိုင်းစကားဝိုင်းမှာ ပြောပြခဲ့ပါတယ်။

''ကျွန်တော် အနီကိုမုန်းတယ်။ မဖြစ်မနေသုံးရမယ့် အခါမျိုးမှသာ အနီကိုသုံးပါတယ်။ ဒါပေမဲ့ ဒီရုပ်ပြတစ်ခုလုံးက ရဲပတောင်းခတ်နေခဲ့တယ်။ Sketch တွေကလည်း ကြမ်းကြမ်းတမ်းတမ်းကြီးတွေ ကျွန်တော့လက်ထဲကထွက်လာတယ်။ ဒါနဲ့ပဲသရုပ်ဖော်ချင်တာပါ'' လို့ ကာတွန်းဆရာ Wooh က ပြောပါတယ်။

''ပါဂျောင်'' ရုပ်ပြဝတ္ထုကို ဒီဇင်ဘာ ၁၈ ရက်က ရုပ်ပြစာပေမှ တစ်အုပ်ကိုကျပ် ၆,ဝဝဝ ဖြင့် ဖြန့်ချိခဲ့ပါတယ်။ ပန်းချီထိန်လင်းရဲ့ ''မြောက်ပိုင်း ABSDF အချင်းချင်းသတ်ဖြတ်ပွဲ'' ဝတ္ထုကို ဖတ်ရှုသူတိုင်းဟာ အခန်းတစ်ခန်းချင်းစီမှာ ထိတ်လန့်တုန်လှုပ်ဖွယ် အဖြစ်အပျက်တွေကြောင့် ဖတ်ပြီးတဲ့အချိန်မှာ ရင်ထဲဆို့နင့်ကျန်ခဲ့စေသလို ပါဂျောင်ရုပ်ပြဟာလည်း အလားတူခံစားမှုမျိုး ပေးစွမ်းဦးမှာဖြစ်ပါတယ်။




Some text some message..