လက်ရှိတော့ ကိုယ်နိုင်သလောက်လေးနဲ့ လှူဒါန်းရတာ ပျော်လည်းပျော်ရတယ်၊ စိတ်လည်းမရှုပ်ရဘူး
mmtimes.com
|
2021-01-02



အဆိုတော် ဖြိုးမြတ်အောင်။ ဓာတ်ပုံ-ဖြိုးမြတ်အောင်

လက်ရှိတော့ ကိုယ်နိုင်သလောက်လေးနဲ့ လှူဒါန်းရတာ ပျော်လည်းပျော်ရတယ်၊ စိတ်လည်းမရှုပ်ရဘူး


Shwe FM Radio ၏ ရွှေလေလှိုင်းမှတစ်ဆင့် ပရိသတ်တောင်းဆိုမှုအများဆုံး အမျိုးသားတေးသံရှင်ဆုကို ရရှိထားသည့်အကြောင်း၊ အလှူအတန်းများ ဆက်တိုက်လုပ်ဖြစ်နေသည့်အကြောင်း၊ ပတ်ဝန်းကျင်သစ်ဖြင့် နေထိုင်မှုပုံစံအကြောင်းနှင့်စပ်လျဉ်း၍ အဆိုတော်ဖြိုးမြတ်အောင်အား မေးမြန်းခဲ့သည်များကို မြန်မာတိုင်းမ်သတင်းထောက် နဒီက ရေးသားထားသည်-


၂၀၂၀ ခုနှစ်အတွက် Shwe FM ဆုရရှိထားတဲ့အတွက် မှတ်တိုင်တစ်ခု စိုက်ထူနိုင်လိုက်ပြီးလို့ ပြောလို့ရမလား။

ကိုဗစ်ကာလ ကျပ်တည်းခက်ခဲနေချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ဆုအပြင် ငွေသားပါချီးမြှင့်လို့လည်း ပိုအဆင်ပြေတယ်။ ဒါကြောင့်လည်း ကျွန်တော် လှူချင်တဲ့နေရာတွေကို လှူဖြစ်တယ်။ အစထဲက ဆုရမှလှူမယ်လို့ ရွေးတာတော့ မဟုတ်ပါဘူး။ စိတ်ထဲမှာပေါ်လာရင် ကြုံလာရင် လှူလိုက်တာပါ။ ကိုယ်လှူဒါန်းလိုက်လို့ တစ်ဖက်သားပျော်သွားရင် ကိုယ်လည်း ဒီပီတိကို ပြန်ခံစားရပါတယ်။ ကျွန်တော့်အတွက် မှတ်တိုင်တစ်ခုစိုက်နိုင်လို့လည်း ပျော်ပါတယ်။


အလှူအတန်းတွေ လုပ်နေသူတစ်ယောက်အနေနဲ့ ပရဟိတအဖွဲ့ တည်ထောင်ဖို့ရောရှိမလား။

ဒီလို ပရဟိတအဖွဲ့တည်ထောင်ဖို့က မလွယ်ဘူးလို့ထင်တယ် တာဝန်လည်းကြီးတယ်လေ။ လူအများနဲ့ပတ်သတ်တဲ့ လုပ်ရတဲ့အလုပ်ဆိုတော့လေ။ ဒီနေရာတစ်ခုကို သေချာတာဝန်ယူလုပ်ပေမယ့် သူရှိရင်တော့ ကောင်းပါတယ်။ လက်ရှိတော့ ကိုယ်နိုင်သလောက်လေးနဲ့ လှူဒါန်းမှုတွေလုပ်ရတာ ပျော်လည်းပျော်ရတယ်။ စိတ်လည်းမရှုပ်ရဘူး။ ပရဟိတအဖွဲ့နာမည်တစ်ခုနဲ့ တည်ထောင်လိုက်ရင် စိတ်ထဲမှာ တာဝန်ကြီးသွားမယ်။ တစ်နိုင်တစ်ပိုင်ပဲ လှူဒါန်းမှုတွေ ရှေ့ဆက်လုပ်သွားမှာပါ။


လက်ရှိ Online Sale ကို မင်းသားစွမ်းနဲ့ အတူလုပ်ဆောင်နေတာ တွေ့ရတယ်နော်။

ကျွန်တော်အနေနဲ့ လက်ဝတ်ရတနာတွေကို သိပ်နားမလည်တဲ့အပိုင်းတွေရှိတော့ ကိုစွမ်းက ကူညီပေးလို့ အဆင်ပြေသွားတယ်။ မိတ်ဆွေတစ်ယောက်က ချိတ်ပေးလို့ ရင်းနှီးရတာပါ။ ပထမဆုံး Live Sale ပါ။ ကိုစွမ်းရဲ့ အသိဆိုင်ပါ။ ကိုယ့်ထက် စီနီယာတွေဆီက ကူညီပေးလို့လည်းပျော်ပါတယ်။ ကိုယ့်လုပ်နေကျ အလုပ်လည်းမဟုတ်တော့။ လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားအရ Live Sale ဆီက ဝင်ငွေရမှ သီချင်းပြန်လုပ်ဖို့ဝင်ငွေက ပြန်ကာမိမှာပါ။


အရင်က ဖြိုးမြတ်အောင်နဲ့ လက်ရှိ ဖြိုးမြတ်အောင် ဘာတွေကွာခြားသွားပြီးလဲ ပြောပါဦး။


အရင်တုန်းက ဆတ်ဆတ်ထိမခံဘူး။ ကိုယ့်ကိုကြည့်ရင်တောင် မကြိုက်ဘူး။ အရင်က ခြေမြန်လက်မြန် စိတ်ဆတ်တတ်တယ်။ ခုချိန်မှာ အရာရာကို သည်းခံတတ်လာတယ် နားလည်လာတယ်။ နေထိုင်မှုပုံစံ ပြောင်းလဲလိုက်တော့ အကျင့်စရိုက်တွေပါ နည်းနည်းဆီပြောင်းလဲလာတယ်။ ဒါပေမယ့် တချို့ဖျောက်ဖျက်လို့မရတဲ့ အကျင့်တွေလည်း ရှိတာပေါ့။
လက်ရှိ ပတ်ဝန်းကျင်မှာရော နေသားကျနေပြီလား။

လက်ရှိ ပြိုင်ပွဲပြီးကတည်းကဆိုတော့ တစ်နှစ်ကျော် နှစ်နှစ်နီးပါးလည်းရှိလာပြီးတော့ ပတ်ဝန်းကျင်အသစ်မှာ နေထိုင်မှုတချို့ ကျင့်သားရလာပြီ။ ကိုယ့်ကျင်လည်နေတဲ့နေရာက ပတ်ဝန်းကျင်အသစ်ဆိုတော့ မတူဘူးလေ။ ကိုယ်တွေက နည်းနည်းစရိုက်ဆန်တဲ့နေရာက တက်လာခဲ့တာဆိုတော့လေ။ နယ်ပယ်အသစ်ဆိုတော့ နေရထိုင်ရတာ နည်းနည်းအခက်အခဲလည်းရှိတယ် အပြောင်းအလဲတော့ဖြစ်တယ်။ နှစ်နှစ်လောက်နေမှ နေသားနည်းနည်းကျလာပါပြီ။


လူတစ်ယောက်နဲ့ တစ်ယောက် ကြိုဆိုမှုပုံစံတွေကလည်း မတူကြဘူးဆိုတော့လေ ဘယ်လိုကြုံရတာရှိမလဲ။

လူတစ်ယောက်နဲ့ တစ်ယောက် ကြိုဆိုမှုပုံစံတွေကလည်း မတူကြဘူးဆိုတော့ အများကြီး ကြုံတွေ့ ရပါတယ်။ ဒါကို ကိုယ်ကလိုက်ပြီးတော့ ခံစားနေရင် ကိုယ်ပဲပူလောင်မှာပဲလေ။ ဒါကသဘာဝပဲ အသိသိထားရင် သိပ်မခံစားရတော့ဘူးပေါ။


၂၀၂၁ ခုနှစ်မှာရော ဂီတပိုင်းပတ်သက်ပြီး ဘာတွေချပြဖို့ရှိမလဲ ပြောပါဦး။

ကျွန်တော်တို့ Online ကနေ Group Member ကြေးနဲ့ ကြည့်ရှုလို့ရတဲ့ ရှိုးပွဲတွေအတွက် ပရိသတ်တချို့နဲ့ ချိတ်ဆက်မရတာတွေ ရှိနေသေးတယ်။ လက်မှတ်ဝယ်ဖို့ မလုပ်တတ်သေးသူတွေလည်း ရှိနေတယ်။ ၂၀၂၁ ခုနှစ် ၄ ရက်နေ့က အရမ်းထူးခြားတယ်၊ လွတ်လပ်ရေးနေ့လည်း ဖြစ်တယ်။ ချိတ်ဆက်မရလို့ လုံးဝစိတ်မကောင်းမဖြစ်ပါနဲ့ ၄ ရက်နေ့မှာ Free ကြည့်ရမယ်။ အားလုံးစိတ်ဝင်စားစရာ ဗိုလ်ချုပ်အတွက် သီချင်းသစ်တစ်ပုဒ်ရှိတယ်။ လုံးဝပရိသတ်ကို ချမပြရသေးတဲ့ သီချင်းသစ်ပါ။ ကျွန်တော်တို့ သူငယ်ချင်းတွေ မထွက်ရသေးတဲ့ သီချင်းသစ်တွေရှိနေသေးတယ်။ ခုတ်ပီးရယ်၊ နာနိုရယ် ကျွန်တော်ရယ် 50 Live TV ကနေ သီချင်းတွေကို ဆိုပြမှာပါ။ ဗိုလ်ချုပ်သီချင်းအဟောင်းလည်း ဆိုမယ်။ ဇန်နဝါရီ ၄ ရက်နေ့မှာတော့ အပြတ်အသတ်ဝုန်းဖို့ စီစဉ်ထားပါတယ်။


သီချင်းတွေက ဘယ်နှပုဒ်လောက် ဖျော်ဖြေဖြစ်မလဲ။

ကျွန်တော်တို့ ဇန်နဝါရီ ၄ ရက်နေ့မှာတော့ အသစ်တွေရော၊ အဟောင်းတွေလည်း ဆိုမယ်ဆိုတော့ အပုဒ် ၂၀ နီးပါးလောက် ဖြစ်မယ်ထင်တယ်။ ငါတို့ရဲ့ General သီချင်း ဗိုလ်ချုပ်သီချင်းသစ်ကို ဆိုမယ်။




Some text some message..