၁၉၉၀ ပြည့်နှစ်ဝန်းကျင်က "သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် ပလပ်ပေါက်ကိုကိုင်" ဆိုပြီး ပရိသတ်တွေ ပါးစပ်ဖျားစွဲနေအောင်အောင်မြင်ကျော်ကြားခဲ့တဲ့ သရဲလေးကောင်ပြဇာတ်ထဲက လူရွှင်တော် ဟာသသရုပ်ဆောင် ဦးကင်းကောင် (အမည်ရင်း ဦးမျိုးမြင့်)ဟာ ဇန်နဝါရီ ၂၂ ရက် မနက် ၆ နာရီဝန်းကျင်က ပုပ္ပားမှာ ဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးနေရင်း ကွယ်လွန်သွားပြီဖြစ်ပါတယ်။
ပရိသတ်တွေက ဦးကင်းလို့ ချစ်စနိုးခေါ်ကြတဲ့ ဦးကင်းကောင်ဟာ ၁၉၈၀ ဝန်းကျင်က ဦးသူရ(ဇာဂနာ)စီစဉ်တဲ့ ရန်ကုန်တက္ကသိုလ်အနုပညာအသင်းအငြိမ့်တွေမှာ လူရွှင်တော်အဖြစ် စတင် ကပြရာကအနုပညာလောကထဲကို ရောက်လာခဲ့သူ ဖြစ်ပါတယ်။
"မြပုဏ္ဏမာအငြိမ့်မှာ ကိုသူရ(ခေါ်)ကတုံး(ဇာဂနာ)က မိတ်ဆက်ပေးလို့ သူနဲ့စသိခဲ့တယ်။ သူက ဘာထူးခြားလဲဆိုတော့ ခွန်းထောက်၊ သဖြန်၊ ဒွေးချိုးတွေကိုအမြဲလိုလို နှုတ်တိုက်ဖွဖွ ရွတ်နေတာကို တွေ့ရတယ်။အဲဒီကနေတစ်ဆင့် သူကဗျာတွေကို ချစ်လာတယ်လို့ သူကပြောဖူးတယ်။ ဆရာက မော်ဒန်ကဗျာရေးတော့ သူတော့ဖြင့် မော်ဒန်ကဗျာတော့ ဖတ်မှာမဟုတ်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ဆရာနဲ့ နောက်တစ်ခါတွေ့တော့ မဂ္ဂဇင်းတွေမှာ ဆရာ့ကဗျာတွေကို ဖတ်ရတယ်လို့ပြောမှ ရသစာပေ၊ မော်ဒန်ကဗျာတွေကို ခုံမင်တဲ့လူတစ်ယောက်ဖြစ်မှန်း သိခဲ့ရတယ်" လို့ ကဗျာဆရာစောဝေက ဦးကင်းကောင်နဲ့ပတ်သက်ပြီးအမှတ်တရ ပြောပြပါတယ်။
"ရသစာပေတွေကို ခုံမင်တဲ့သူတွေကအနုပညာသက်တမ်း ရှည်တတ်ကြတယ်။ ခုလည်း သူအနုပညာအလုပ်ကိုလုပ်ရင်းနဲ့ ကွယ်လွန်သွားခဲ့တယ်။ စိတ်မကောင်းဘူး" လို့ သူက ဆက်ပြောပါတယ်။
ဦးကင်းကောင်ဟာ စမ်းချောင်းမြို့နယ်၊ ဇေယျဝတီလမ်းမှာ နေထိုင်ပြီး ရပ်ကွက်ထဲမှာအားကိုးရတဲ့ ရပ်ကွက်လူကြီးဖြစ်သလို ဆွမ်းလောင်းအသင်းကို ဦးဆောင်သူ၊ သာရေးနာရေးအတွက် လုပ်အားပေးတတ်သူ နိဗ္ဗာန်ဆော်တစ်ဦးလည်း ဖြစ်ပါတယ်။
"သူ့ကို ကျွန်တော် စသိတာက သူရဲလေးကောင် မတိုင်ခင် ကတည်းက ဦးသူရ(ဇာဂနာ)ရဲ့ သူတောင်းစားညီလာခံ ပြဇာတ်မှာပါ။အဲဒီပြဇာတ်ကိုကြည့်ပြီး သိပ်ကြိုက်ခဲ့တယ်။ လွန်ခဲ့တဲ့သုံးနှစ်က ဆေးရုံတက်ပြီး ခွဲစိတ်မှုခံယူရတယ်။အဲဒီကတည်းက သူအရက်ပြတ်သွားပြီး ဘာသာရေးကို လိုက်စားလာတာက မှတ်မှတ်ရရပါပဲ"လို့ ကိုမျိုး(မြန်မာစာ)က ပြောပါတယ်။
အနုပညာသက်တမ်း နှစ်ပေါင်း ၃၀ နီးပါးရှိတဲ့ ဦးကင်းကောင်ဟာ ဟာသ၊အလွမ်း၊ ဇာတ်ပို့၊ ပြဇာတ်စသဖြင့် ကျရာနေရာက ပရိသတ်ချစ်အောင် ဖျော်ဖြေခဲ့သူဖြစ်ပြီး မကွယ်လွန်မီ တစ်ရက်ကစပြီး သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်သံဇာတ်လမ်းတွဲတစ်ခုကို ပြည်တွင်းရုပ်သံချန်နယ်တစ်ခုက စတင်လွှင့်ခဲ့ပါတယ်။
ပြည်သူချစ်အနုပညာရှင်ဟာ ရိုက်ကူးရေးခရီးမှာပဲ ရင်ကျပ်ရောဂါကြောင့် ရုတ်တရက်ကွယ်လွန်ခဲ့ရပါတယ်။ သူ ကွယ်လွန်ချိန်မှာအသက် ၅၅ နှစ်ရှိပြီး ဇနီးနဲ့သားတစ်ဦး ကျန်ခဲ့ပါတယ်။