ဆိုရှယ်မီဒီယာပေါ်မှာ နေ့စဉ်တင်နေတဲ့ Post တွေကပြောတဲ့ သင့်ရဲ့ စိတ်နေစိတ်ထား
lotaya.mpt.com.mm
|
2019-02-08




ဆိုရှယ်မီဒီယာပေါ်မှာ နေ့စဉ်တင်နေတဲ့ Post တွေကပြောတဲ့ သင့်ရဲ့ စိတ်နေစိတ်ထား

Facebook ၊ Twitter နဲ့ Instagramအစရှိတဲ့ ဆိုရှယ်မီဒီယာတွေ ခေတ်စားလာတာနဲ့အမျှ လူတော်တော်များများရဲ့ တစ်နေ့တာအတွင်း ဆိုရှယ်မီဒီယာအသုံးပြုချိန် တစ်ဖြည်းဖြည်း များပြားလာနေတာကို တွေ့ရပါတယ်။ ဆိုရှယ်မီဒီယာမှာ သင်တင်တဲ့အကြောင်းအရာတွေကလည်း သင့်ရဲ့အတွင်းစိတ်ထဲမှာ တကယ်တမ်းဖြစ်တည်လာတဲ့ ခံစားချက်တွေနဲ့ တိုက်ဆိုင်တာကို တင်နေတာဖြစ်လို့ လူတစ်ယောက် ဆိုရှယ်မီဒီယာပေါ်မှာ တင်လိုက်တဲ့ updates ကိုကြည့်လိုက်တာနဲ့ ဒီလူဘာဖြစ်နေလဲဆိုတာ ခန့်မှန်းလို့ရပါတယ်တဲ့။ လူတစ်ယောက်သုံးတဲ့ ဆိုရှယ်မီဒီယာကို ကြည့်လိုက်တာနဲ့ ဒီလူက ဘယ်လိုလူစားမျိုးလဲဆိုတာ ခန့်မှန်းလို့ရတဲ့အထိ ဖြစ်လာနေလို့ တစ်ချို့ဆိုရင် ဆိုရှယ်မီဒီယာကို လုံးဝမသုံးဘဲ နေကြသူတွေတောင် ရှိလာနေတာပါ။ ဒါပေမယ့် ဆိုရှယ်မီဒီယာကိုပဲ ဘဝတစ်ခုလို သုံးနေသူတွေကလည်း ရှိနေပါသေးတယ်။ ဒီတော့ သင့်သူငယ်ချင်းတွေ ဆိုရှယ်မီဒီယာမှာ ဘာတွေတင်နေလဲ၊ သူ့အတွင်းစိတ်မှာ ဘာတွေဖြစ်နေလဲဆိုတာ သိနိုင်ဖို့ ဒီအချက်လေးတွေနဲ့ တိုက်ဆိုင်စစ်ဆေးနိုင်သလို သင်ကိုယ်တိုင်ရော ဘယ်လို Post တွေ တင်နေမိတာလည်း၊ သင်ကဘယ်လိုလူလည်း ဆိုတာ လေ့လာကြည့်လိုက်ရအောင်ပါနော်။


ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းတဲ့သူတွေတင်လေ့ရှိတဲ့ Post

အများအားဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းတဲ့သူအများစုက ဆိုရှယ်မီဒီယာတွေပေါ်မှာ သူတို့ရဲ့ ကြည်နူးဆွတ်ပျံ့ဖွယ်အချစ်ရေးအကြောင်းတွေ၊ Romantic ဆန်ဆန်အချစ်ရေးတစ်ခု ပိုင်ဆိုင်ထားကြောင်းတွေကို လူသိအောင် တင်လေ့ရှိပါတယ်တဲ့။ တကယ်တမ်းအဲဒီလိုတင်တဲ့သူတွေက သူတို့ရဲ့အချစ်ရေးအပေါ်အယုံအကြည်မရှိသလို ခံစားနေရပြီးအချစ်ရေးနဲ့ ပတ်သက်ပြီး ခံစားရမှာ ကြောက်လန့်နေသူတွေလည်း ဖြစ်နိုင်ပါတယ်တဲ့။


အတ္တကြီးသူတွေ တင်လေ့ရှိတဲ့ Post

ကိုယ်တိုင်ကအရမ်းအောင်မြင်နေပါတယ်၊အောင်မြင်မှုတွေဆက်တိုက်ရနေပါတယ်၊ ဘာလုပ်လုပ်အောင်မြင်နေပါတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်အမွှန်းတင်နေတဲ့သူတွေက ယုံကြည်မှုအားနည်းပြီးအောင်မြင်မှုတွေ ရပ်တန့်သွားမှာ ကြောက်ရွံ့နေသူ၊ ဒီအောင်မြင်မှုအကြောင်းအရာပေါ်မူတည်ပြီး နောက်ထပ်အောင်မြင်မှုတွေကိုအတ္တကြီးကြီး မျှော်လင့်နေသူတွေလို့ ပြောရမှာဖြစ်ပါတယ်။ လူဆိုတာတော့အတ္တရှိတတ်ကြစမြဲပဲလေ၊ ဒါပေမယ့် လိုတာထက်ပိုပြီးအတ္တကြီးတဲ့သူတွေ ဆိုရှယ်မီဒီယာတွေမှာ တင်လေ့ရှိတဲ့ Post က သူတို့ရဲ့ ဝိတ်လျော့အစီအစဉ်တွေနဲ့ သူတို့ဘယ်လို လေ့ကျင့်ခန်းလုပ်နေတယ်ဆိုတာတွေပါပဲ။ ဒီလူတွေဟာ သူတို့ရဲ့ ကိုယ်ခန္ဓာအပေါ် ကျန်းမာမှုမရှိဘူးလို့ ခံစားနေကြရသူတွေဖြစ်ပြီး သူတို့ရဲ့အတွေးထဲမှာလည်း ကျစ်လျစ်လှပပြီး ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်ကို ဆိုရှယ်မီဒီယာပေါ်မှာ ပြသနိုင်ဖို့ကိုပဲ ဦးစားပေးနေတတ်သူတွေဖြစ်ပါတယ်။


ပျော်ပျော်နေတတ်သူတွေ ဆိုရှယ်မီဒီယာမှာတင်လေ့ရှိတဲ့ Post တွေ

ပျော်ပျော်နေတတ်သူတွေကတော့ သူတို့ရဲ့ နေ့စဉ်ပုံမှန် လှုပ်ရှားမှုလေးတွေ၊ လူတွေနဲ့ ထိတွေ့ဆက်ဆံမှု မှန်သမျှကို ပေါ့ပေါ့ပါးပါး ပုံစံလေးနဲ့ Post တင်လေ့ရှိကြပါတယ်။အများအားဖြင့်တော့ သူတို့ရဲ့ လူမှုဆက်ဆံရေးအခြေအနေမှန်ကို ဖုံးကွယ်ထားခြင်းမရှိဘဲ ဆိုရှယ်မီဒီယာမှာအမှန်အတိုင်း တင်လေ့ရှိသူတွေပဲ ဖြစ်ပါတယ်။ စာတွေအများကြီးတင်နေတတ်တာမျိုးမရှိပဲ သူတို့အခုဘယ်ရောက်နေတယ် ၊ ဘာလုပ်နေတယ်၊ ဘယ်သူနဲ့ရှိနေတယ်၊ ဘာလုပ်ငန်းတွေအောင်မြင်နေတယ် ဆိုတာကို ပုံလေးတွေနဲ့ သက်သေပြတတ်သူတွေပေါ့။


စိတ်မူမမှန်သူတွေ တင်လေ့ရှိတဲ့ Post

စိတ်မူမမှန်သူတွေ၊အကြောင်းကိစ္စတစ်ခုခုကြောင့် စိတ်ဂယောက်ဂယက် ဖြစ်နေသူတွေကတော့ လူတွေရဲ့အာရုံစိုက်မှုကို တောင်းခံလေ့ရှိပါတယ်တဲ့။ သူတို့တွေရဲ့ facebook မှာ လူတွေရဲ့ စိတ်ဝင်စားမှု ရစေမယ့် Post တွေကိုပဲ ရွေးတင်ထားတာ တွေ့ရမှာဖြစ်ပြီး သူတို့တင်တဲ့ Post တွေမှန်ကန်ကြောင်း၊ တရားဝင်သတင်းအချက်အလက်တွေဖြစ်ကြောင်းအထောက်အထားတွေ တသီကြီးနဲ့ ပြောထားတာကိုလည်း တွေ့ကြရမှာပါ။ သူတို့တွေကအမြဲလို Online ရှိနေလေ့ရှိပြီး သူတို့ Offline ဖြစ်တယ်ဆိုတာ တော်တော်လေးကို ရှားပါတယ်တဲ့။


အတေ့ွအကြုံသစ်တွေနှစ်သက်ပြီး ပွင့်လင်းသူတွေ တင်လေ့ရှိတဲ့ Post

အတွေ့အကြုံသစ်တွေ တွေ့ကြုံရတာကို နှစ်သက်ပြီး ပွင့်ပွင့်လင်းလင်းစိတ်ထားရှိသူတွေက သူူတို့ရဲ့ Facebook နဲ့ ဆိုရှယ်မီဒီယာတွေမှာ တစ်ခြားသူတွေရဲ့ စိတ်ကူး၊အိုင်ဒီယာကောင်းကောင်းလေးတွေကို share လေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာ သူတို့ Share မယ့်အကြောင်းအရာနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ကိုယ်ပိုင်စိတ်ကူးလေးတွေကို ပါဖြည့်စွက်ပြီး တစ်ခြားသူတွေ သိရှိနိုင်ဖို့ မျှဝေပေးလေ့ရှိသူတွေလည်း ဖြစ်ပါတယ်။


တာဝန်သိတတ်သူတွေတင်လေ့ရှိတဲ့ Post

တာဝန်သိတတ်သူအများစုရဲ့ wall မှာ ကလေးငယ်တွေနဲ့ ပတ်သက်တဲ့ Post တွေက နေရာယူထားပါလိမ့်မယ်။ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ကလေးငယ်တွေအတွက်အသိပညာ ၊ ဗဟုသုတဖြစ်စေမယ့်အကြောင်းအရာတွေ၊ သူတို့ကိုယ်တိုင်ကြုံတွေ့ရတဲ့ ရင်သွေးငယ်လေးတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်လေးတွေကို တွေ့ရမှာပါ။ တစ်နည်းပြောရရင်တော့ ကလေးငယ်တွေကို ပြုစုစောင့်ရှောက်ထိန်းသိမ်းတဲ့ ပညာရပ်မှာ သူ့အနေနဲ့ ဘယ်လိုဘယ်ပုံ ကျွမ်းကျင်တယ်၊ ပိုင်နိုင်တယ်ဆိုတာကို တစ်ခြားသူတွေအပေါ် မသိမသာ ပြိုင်ဆိုင်နေလေ့ရှိတဲ့သူတွေလည်း ဖြစ်ပါတယ်။

REF: powerofpositivity.com




Some text some message..