
The Voice Myanmar Season 2 ပြန်လာပါပြီ..။
Season 1 တုန်းက ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုနဲ့အတူ The Voice Myanmar က မြန်မာနိုင်ငံရဲ့ လူကြိုက်အများဆုံး သီချင်းဆိုပြိုင်ပွဲအစီစဉ် ဖြစ်ခဲ့ပြီး ထူးခြားတဲ့အသံပိုင်ရှင် တစ်ဦးကိုအောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။
ယခု Season 2 မှာတော့ ပရိသတ်များအကြိုက်တွေ့စေမယ့် နည်းပြအသစ်တစ်ဦးနဲ့အတူ တင်ဆက်မှု ပုံစံအသစ်စက်စက်တွေကို မကြာခင် တွေ့မြင်ရတော့မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဂီတကို တတ်ကျွမ်းခံစားနိုင်တဲ့အကြားအာရုံတစ်ခုထဲနဲ့သာ ပြိုင်ပွဲဝင်တွေကို ရွေးချယ်သွားမှာဖြစ်ပြီး သူတို့ကို လမ်းညွှန်ကြီးကြပ် နည်းလမ်းပြပေးသွားမယ့် နည်းပြ တစ်ဦးချင်းစီရဲ့အနုပညာခရီးလမ်းကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
၁။ ဟန်ထူးလွင် (ခ) ကျားပေါက်
အော်လ်တာနေးတစ်ဗ်၊ ပန့်ရော့ခ် သီချင်းတွေကို ကိုယ်တိုင်ရေးသားသီဆိုတဲ့ ဂီတအနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ တေးရေး၊ တေးဆိုသာမက တူရိယာအတော်များများကိုလည်း ကျွမ်းကျင်စွာ တီးခတ်တတ်ပြီး သီချင်းထုတ်လုပ်သူလည်းဖြစ်ပါတယ်။
“ကျားပေါက်” ဟာ Big Bagအဖွဲ့နဲ့ကိုယ်ပိုင်တီးဝိုင်းကို ၂၀၀၀ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ပထမဦးဆုံး တေးစီးရီးဖြစ်သည့် “Punk For All”အယ်လ်ဘမ်ဖြင့် ပရိသတ်အားပေးမှုအခိုင်မာရရှိခဲ့သူဖြစ်ပါတယ်။
Big Bagအဖွဲ့မတိုင်ခင်က Bloodsugar Politik နဲ့ Lucid တီးဝိုင်းတို့ကိုလည်း ထူထောင်ခဲ့ဖူးသူဖြစ်ပြီး ဂစ်တာတီးခတ်မှုသာမက စန္ဒယားနဲ့ ဒရမ်တို့ကိုလည်း တီးခတ်နိုင်သူတစ်ဦးဖြစ်ပါတယ်။
‘မယ်တင်’ ‘နားလည်ပါ’ ‘အင်ယားလမ်းကပန်းဆိုင်’ ‘သည်းခံ’ ‘ဝေးသွားလည်း’ ‘ကြွေ’အစရှိသော တေးသီချင်းများနဲ့ ပရိသတ်ရင်ထဲကို နက်ရှိုင်းစွာ ဖြတ်သန်းစီးဆင်းစေခဲ့သူ တစ်ဦးလည်းဖြစ်ပြီး နိုင်ငံတစ်ကာ ဂီတလမ်းကြောင်းထဲကိုလည်း ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေသူလည်းဖြစ်ပါတယ်။
တေးသီချင်း တီးခတ်၊ ရေးသား၊ သီဆိုမှုသာမက မော်ဒန်ဝတ္ထုတိုများကိုလည်း “ကျားပေါက်”အမည်ဖြင့် လုံးချင်းစာအုပ်များလည်း ရေးသားခဲ့သူဖြစ်ပါတယ်။ သီချင်းဆိုပြိုင်ပွဲအစီစဉ်များ၊ ရုပ်သံဇာတ်လမ်းတွဲနောက်ခံ သီချင်းများကို စီစဉ်ဖန်တီးပေးနေတဲ့ ဂီတပညာရှင် တစ်ဦးလည်း ဖြစ်ပြီး The Voice Myanmar 2018 Season 2 မှာ နည်းပြတစ်ဦးအဖြစ် ထပ်မံပြီး မြင်တွေ့ရမှာဦးဖြစ်ပါတယ်။
၂။ ရန်ရန်ချမ်း
The Voice Myanmar ရဲ့အကဲဖြတ်ညွှန်ကြားသူ လေးဦးထဲမှာအနုပညာသက်တမ်းအရင့်ဆုံးလို့ ပြောလို့ရတဲ့ ရန်ရန်ချမ်းဟာ ဟစ်ဟော့ပ်ဂီတကို မြန်မာလူငယ်ပရိသတ်နဲ့ ပထမဦးဆုံး ထိတွေ့ရင်းနှီးပေးတဲ့ “ACID”အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။
Hip Hop ဆိုတာ လူတွေဘာမှန်းနားမလည်၊ ဝေဖန်မှုများကြားကနေ သူတို့ရဲ့ Rap စာသားတွေနဲ့ ပရိသတ်တွေကြားကို ကြိုးစားထိုဖောက်ခဲ့သူလည်း ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်က စတင်ပြီး Hip Hop သီချင်းတွေကို ရေးသားခဲ့ပြီးအတွဲခွေတွေလည်း ထွက်ရှိထားသူဖြစ်ပါတယ်။
The Voice Myanmar Season 1 မှာ ပရိသတ်တွေကို လှုပ်ခါသွားစေနိုင်တဲ့ ပြိုင်ပွဲဝင်တွေကို ရွေးထုတ်ခဲ့ပြီး ဂီတလမ်းကြောင်းပေါ် ဆွဲတင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ထူးခြားတဲ့ တင်ဆက်မှုပုံစံတွေနဲ့အတူ မြူးကြွတဲ့ တေးသွား၊ စာသားတွေကို ကိုယ်တိုင်သီဆိုဖန်တီးနိုင်တဲ့ နည်းပြအဖြစ် The Voice Myanmar Season 2 မှာ ပရိသတ်တွေနဲ့ ထပ်မံ ဆုံဆည်းရပါဦးမယ်။
၃။ နီနီခင်ဇော်
The Voice Myanmar Season 1 မှာအမြူးကြွအလှပဆုံးနဲ့ တစ်ဦးတည်းသောအမျိုးသမီး နည်းပြနေရာကို ယခုနှစ် Season 2 မှာလည်း ပရိသတ်အားပေးမှုနဲ့အတူ နီနီခင်ဇော် က ထပ်မံသိမ်းပိုက်ထားဆဲဖြစ်ပါတယ်။
“နီနီခင်ဇော်” ဟာ ၂၀၀၈ ခုနှစ် Melody World(သံစဉ်များနှင့်ကမ္ဘာ) သီချင်းဆိုပြိုင်ပွဲတွင် Winner ဆုရှင်ဖြစ်ခဲ့ပြီး ပရိသတ်တခဲနက်အားပေးခဲ့တဲ့အဆိုတော်တစ်ဦးဖြစ်လာခဲ့ပါတယ်။
တေးရေး မြင့်မိုးအောင် ရေးစပ်ခဲ့တဲ့ “ရန်သူ” သီချင်းဟာ ပရိသတ်ရင်ထဲထိုးဖောက်နိုင်ခဲ့တဲ့ သူမရဲ့ ပထမဦးဆုံး ကိုယ်ပိုင်သီချင်းတစ်ပုဒ်ဆိုရင်လည်း မမှားပါဘူး။
တစ်ကိုယ်တော် တေးအယ်လ်ဘမ်များအဖြစ် “မာရီယို” “အနီရောင်” “ယူ” တို့ထွက်ရှိထားပြီးအတွဲခွေများစွာ ထွက်ရှိပြီးထားပါတယ်။ ‘သစ္စာမပျက်ကြေး’ ‘ရပ်’ ‘ဂယ်ဘဲဂယ်ဘဲ’ သီချင်းတို့က ဟစ်ဖြစ်ခဲ့ပြီး တေးရေး ဆောင်းဦးလှိုင် ရေးသားခဲ့တဲ့ ‘မျှော်လင့်ချက်တစ်စုံတစ်ရာ’ သီချင်းကတော့ သူမရဲ့အအောင်မြင်ဆုံး သီချင်းလည်းဖြစ်ခဲ့ပါတယ်။
၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းကအာဆီယံနိုင်ငံများအဖွဲ့ နှစ် ၅၀ ပြည့် သီချင်းဆိုပြိုင်ပွဲကြီးတွင် သွားရောက်ယှဉ်ပြိုင်ရန် စေလွှတ်ခံခဲ့ရပြီး ‘မျှော်လင့်ချက်တစ်စုံတစ်ရာ’ သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ရာ ဒုတိယဆုရရှိပြီး မြန်မာနိုင်ငံဂုဏ်ကို ဆောင်နိုင်ခဲ့တဲ့အဆိုတော်တစ်ဦးဖြစ်ပါတယ်။
အနုပညာလုပ်ငန်းများနဲ့အတူ “Super Red”အမှတ်တံဆိပ်အလှကုန်ပစ္စည်း ထုတ်လုပ်နေသူလည်းဖြစ်ပါတယ်။
သီချင်းဆိုပြိုင်ပွဲအစီစဉ်အချို့မှာ ဒိုင်လူကြီးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး ပြိုင်ပွဲဝင်အဆိုရှင်များအပေါ်အကောင်းဆုံးလမ်းညွှန်မှုများ၊အကြံဉာဏ်များ ပေးနိုင်ခဲ့တဲ့ ဒိုင်တစ်ဦးအဖြစ် ပရိသတ်အသိမှတ်ပြုခြင်း ခံထားရသူလည်းဖြစ်ပါတယ်။
“နီနီခင်ဇော်” ကို The Voice Myanmar 2018 Season 2 မှာ နည်းပြတစ်ဦးအဖြစ် ပြန်လည်၍ မြင်တွေ့ရဦးမှာဖြစ်ပါတယ်။
၄။အာဇာနည်
The Voice Myanmar Season 2 ရဲ့ နည်းပြအသစ်တစ်ဦးကတော့ နိုင်ငံကျော် ရော့ခ်အဆိုတော်ကြီး “အာဇာနည်” ဖြစ်ပါတယ်။ ဂီတလမ်းကြောင်းပေါ်မှာ ACIDအဖွဲ့နဲ့အတူ Featuring တွေ သီဆိုပေးခဲ့ပြီး “ငါ့ကိုချစ်တဲ့သူ” တစ်ကိုယ်တော်တေးအယ်လ်ဘမ်နဲ့ ပရိသတ်အခိုင်မာရခဲ့တဲ့အနုပညာရှင်ဖြစ်ပါတယ်။
“ကမ္ဘာသား”အယ်လ်ဘမ်ထိ တစ်ကိုယ်တော်အခွေ ၅ ခွေနဲ့အတွဲခွေပေါင်းမြောက်များစွာ ထွက်ရှိအောင်မြင်ထာတဲ့အာဇာနည် က Season 2 မှာ နည်းပြအဖြစ် ဆောင်ရွက်ဖို့ The Voice Myanmar နဲ့ ပထမဦးဆုံး လက်တွဲလာတာဖြစ်ပါတယ်။
ပရိသတ်တွေအနေနဲ့ “အာဇာနည်” ကို စင်ပေါ်မှာ သီချင်းဆို ဖျော်ဖြေတာကိုသာအများဖြင့် မြင်ရတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ပရိသတ်တွေအနေနဲ့အာဇာနည် တစ်ယောက် ပြိုင်ပွဲဝင်တွေကို ဘယ်လို နည်းလမ်းတွေနဲ့ ညွှန်ကြားပြသဦးမလဲဆိုတာ The Voice Myanmar Season 2 တစ်လျောက်လုံးအကြာကြီး ထိတွေ့ခွင့်ရမှာဖြစ်ပါတယ်။
The Voice Myanmarအစီစဉ်ကို လာမည့် တနင်္ဂနေနေ့ ဖေဖော်ဝါရီ (၂၄) ရက်ကနေ စတင်ပြီးအပတ်စဉ် တနင်္ဂနွေနေ့ည (၉:၀၀) မှာ MRTV-4 ရုပ်သံလိုင်းမှ ထုတ်လွှင့်တင်ဆက်တော့မှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦးလို့ သတင်းကောင်းပါးလိုက်ပါတယ်။
The Voice Myanmar Facebook နဲ့ Popolay Facebook Page တို့ကလည်း The Voice Myanmar Season 2 နဲ့ သက်ဆိုင်တဲ့အကြောင်းအရာတွေကို ပရိသတ်ကြီးနဲ့အမြဲတမ်း ချိပ်ဆက်ပေးသွားမှာ ဖြစ်လို့ Like & See First လုပ်ထားကြဖို့ မမေ့ကြပါနဲ့ဦးနော်။
(ပိုပိုလေး)