မြန်မာပြည်မှာ နာမည်အကြီးဆုံးသိုင်းကားတွေထဲက တစ်ခုဖြစ်တဲ့ သိမ်းငှက်သူရဲကောင်း ( Return of Condor Heroes ) ဇာတ်လမ်းတွဲကို နောက်နှစ်မှာ ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးမယ်လို့ သိရပါတယ်။
အဆိုပါရုပ်ရှင်အတွက် သရုပ်ဆောင်အသစ်များကိုစတင်ခေါ်ယူနေပြီဖြစ်ပါတယ်။ ဒီဇာတ်လမ်းကိုပြန်အသက်သွင်းမယ့် ဒါရိုက်တာကြီးက ဇာတ်လမ်းရဲ့အဓိက ဇာတ်ကောင်တွေဖြစ်တဲ့ ရန်ကော် နဲ့ ရှောင်လုံနွီ (ဂူဂူး) နေရာအတွက်သရုပ် ဆောင်များကိုရှာနေပါတယ်။
Return of Condor Heroes (သိမ်းငှက်သူရဲကောင်း) ကို ရုပ်ရှင်အဖြစ်အသက်ပြန်သွင်းမယ့် ဒါရိုက်တာကတော့ Tsui Hark ဖြစ်ပါတယ်။
သူကတော့ တခြားသူမဟုတ်ပါဘူး မြန်မာနိုင်ငံမှာ ဝမ်ဖေးဟုန်ဆိုပြီး နာမည်ကြီးခဲ့တဲ့ မင်းသားဂျက်လီရဲ့ “Once Upon a time in China” ဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာပဲဖြစ်ပါတယ်။ သူရိုက်ထားတဲ့ ရုပ်ရှင်ကားတွေကတော့ မပေါက်တဲ့ကားဆိုတာမရှိသလောက်ပါပဲ။
The Blade, Chinese Ghost Story, The Killer , A better tomorrow, Legend of Zu, Journey to the West: Demon Strikes Backအစရှိတဲ့ နာမည်ကြီးရုပ်ရှင် ဇာတ်ကားများကို ရိုက်ထားတဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပါတယ်။
ဒါရိုက်တာကြီးဟာဒိတ်ဒိတ်ကြဲ ရုပ်ရှင်ဇာတ်ကား တွေပဲရိုက်လေ့ရှိတာမို့ သိမ်းငှက်သူရဲကောင်းအတွက် သရုပ်ဆောင်ရွေးချယ် တဲ့အခါမှာလဲ စံနှုန်းသတ်မှတ်ချက်များစွာ ထားရှိထားပါတယ်။
အဓိက ဇာတ်ကောင်ဖြစ်တဲ့ ရန်ကော် နေရာက ပါဝင်သရုပ်ဆောင်ရမယ့် သရုပ်ဆောင်ဟာအသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းဖြစ်ပြီး မန်ဒရင်းဘာသာစကားကို ကျွမ်းကျင်စွာပြောဆိုနိုင်ရပါမယ်။ ဝူရှူး နဲ့ ကိုယ်ခံပညာအခြေခံလောက်တော့ ရှိရပါမယ်။
သိမ်းငှက်သူရဲကောင်း ဇာတ်လမ်းတွဲ ဟာဆိုရင် ၂၀၀၆ ခုနှစ်က ရိုက်ကူးထုတ်လွှင့်ခဲ့တာဖြစ်ပြီးအရမ်းအောင်မြင်ခဲ့တဲ့ သိုင်းကားတစ်ကား ဖြစ်ခဲ့ပါတယ်။ ရန်ကော်အဖြစ်နဲ့ မင်းသား Huang Xiao Ming (ဟွားရှောင်မင်း) က သရုပ်ဆောင်ခဲ့ပြီး ရှောင်လုံးနွီ(ဂူဂူး)အဖြစ် မင်းသမီး Liu YiFei (လျူ့ရီဖေး) ကပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကြောင့် ဒီဇာတ်လမ်းတွဲဟာအရမ်းကိုအောင်မြင်ခဲ့တယ်ဆိုလဲ မမှားပါဘူး။ မြန်မာပရိတ်သတ်တွေပါးစပ်ဖျားမှာ ရန်ကော် နဲ့ ဂူဂူးဆိုပြီး စွဲနေတဲ့အထိပါပဲ။ အခု ရန်ကော်အသစ်နဲ့ ဂူဂူးအသစ်ကလဲ ဘယ်သူတွေဖြစ်လာမလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲနော်။