တော်ဝင်မိသားစုထဲကို ဝင်မရောက်ခင်ကတည်းက မင်းသမီး မက်ဂန်မာကယ်လ်ဟာ ဖက်ရှင်ကျတဲ့ သူတစ်ဦး ဖြစ်ခဲ့ပါတယ်။အခုဆိုရင်လည်း တော်ဝင်မိသားစု တွေ့ဆုံပွဲတွေမှာ မက်ဂန်ရဲ့ ဝတ်စားဆင်ယင်မှုက သားသား နားနားနဲ့ ဖက်ရှင်ကျတာကို မြင်တွေ့ရမှာပါ။ မက်ဂန်ဟာအခြေအနေအချိန်အခါပေါ် မူတည်ပြီးအကောင်းဆုံး ဝတ်စားဆင်ယင်မှုကို ရွေးချယ်နိုင်တဲ့ သူတစ်ဦးပါပဲ။အခုလို တော်ဝင်မိသားစုထဲ ရောက်ရှိလာချိန်မှာတော့ သူမရဲ့ ဝတ်စားဆင်ယင်မှုကို လုံးဝ ပြောင်းလဲ ပစ်လိုက်ပါတယ်။အနုပညာလောကထဲ ရှိစဉ်အချိန်တုန်းက သူမအကြိုက်ဆုံးဖြစ်ခဲ့တဲ့ ဖက်ရှင်တွေကိုတောင် စွန့်လွှတ်လိုက်ရတဲ့အထိပါပဲ။ တော်ဝင်မင်းသမီးတစ်ဦးအနေနဲ့ မသင့်တော်တဲ့ သူမအကြိုက်ဆုံး ဖက်ရှင်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
(၁)အနက်ရောင်ကိုယ်ကြပ်ဂါဝန်
ခန္ဓာကိုယ်အလှကိုအသားပေးတဲ့ ကိုယ်ကြပ်ဂါဝန်တွေကိုတော့ မက်ဂန်က ဝတ်ပေမယ့်အနက်ရောင်ကိုတော့ မရွေးချယ်တော့ပါဘူး။ သူမအတွက်အနက်ရောင် ကိုယ်ကြပ်ဂါဝန်က ဘယ်တော့မှ မရိုးနိုင်တဲ့ ဖက်ရှင်တစ်မျိုးလို့ ဆိုခဲ့ပေမယ့် ခုလို တော်ဝင်မင်းသမီးဖြစ်လာပြီး နောက်ပိုင်းမှာတော့ လုံးဝ မဝတ်ဖြစ်တော့ပါဘူး။
(၂) ဘောင်းဘီအတို
တော်ဝင်မိသားစုဝင်တစ်ဦးဖြစ်လာပြီဆိုတာနဲ့ ဖက်ရှင်ပိုင်းဆိုင်ရာကအစ ဂရုစိုက်ဖို့အရေးကြီးပါတယ်။ လူအများ လေးစားအားကျအတုယူရတဲ့ တော်ဝင်မိသားစုဝင်တစ်ဦးဖြစ်လာတဲ့အတွက် ဝတ်စားဆင်ယင်မှုက ကလေးကလားဆန်နေမယ်ဆိုရင်အမြင် မသင့်တော်လှပါဘူး။ နောက်ပြီး တော်ဝင်မိသားစုမှာ ဖက်ရှင်ပိုင်းနဲ့ ပတ်သတ်ပြီး စည်းကမ်းသတ်မှတ်ချက် ရှိနေပါတယ်။ ပေါင်ရင်းလောက်ပဲရှိတဲ့ ဒူးအထက် ဘောင်းဘီတိုတွေကို လုံးဝမဝတ်ဆင်ဖို့ တားမြစ်ထားပါတယ်။ ဒူးဖုံး မီနီစကပ်နဲ့ ဂါဝန်တွေကိုသာ ဝတ်ဆင်ဖို့ ခွင့်ပြုထားတယ်လို့ သိရပါတယ်။
(၃) ရင်ပြတ်အကျီၤ
လည်ဟိုက်အင်္ကျီကိုတောင် ဝတ်ဖို့မသင့်တဲ့ တော်ဝင်မင်းသမီးအတွက်တော့ ရင်ပြတ်အကျီၤဆိုတာ ဂျောင်ထိုးထားရမယ့် ဖက်ရှင်ဖြစ်သွားပါပြီ။ တော်ဝင်မင်းသမီးတစ်ဦးအတွက် ဘယ်လိုမှ မအပ်စပ်တဲ့ ရင်ပြတ်အကျီၤက တချိန်က မက်ဂန်အတွက်အကြိုက်ဆုံး ဖက်ရှင်ဖြစ်ခဲ့ဖူးပါတယ်တဲ့။
(၄) ဂျင်းပြဲဘောင်းဘီ
ဂျင်းပြဲဘောင်းဘီက ဘယ်တော့မှ မရိုးနိုင်တဲ့ စတိုင်ကျကျဖက်ရှင်တစ်မျိုးပါပဲ။ ၂၀၁၇ ခုနှစ်က မင်းသားဟယ်ရီနဲ့ ဒိတ်တဲ့အချိန်တွေတုန်းကတော့ မက်ဂန်က ဂျင်းပြဲဘောင်းဘီဖက်ရှင်ကို ဝတ်ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် တော်ဝင်မိသားစုထဲကို ဝင်ရောက်လာချိန်မှာတော့ သူမကို ဂျင်းပြဲဘောင်းဘီဝတ်တာ လုံးဝမတွေ့ရတော့ပါဘူး။
(၅) လည်ဟိုက်ဂါဝန်
လည်ဟိုက်လွန်းတဲ့ ရွေရောင်၊ ငွေရောင် လက်လက် ဂါဝန်တွေက မက်ဂန်ရဲ့အနှစ်သက်ဆုံးသော ဖက်ရှင်တစ်မျိုးဖြစ်တယ်လို့ သူမရဲ့ ဒီဇိုင်းနာက ဆိုပါတယ်။ သူမအနုပညာအလုပ်လုပ်ချိန်က ပွဲတက်ဖက်ရှင်တော်တော်များများဟာ ရွေရောင်၊ ငွေရောင်လက်လက်ထနေတဲ့ လည်ဟိုက် ဂါဝန်တွေ များတာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် ခုတော့ သူမရဲ့ ပွဲတက်ဖက်ရှင်တွေကအရင်လို မဟုတ်တော့ဘဲ Classic ဆန်လာတာကို တွေ့ရပါတယ်။
(၆) သားရေဂျာကင်
တော်ဝင်မိသားစုရဲ့ ဖက်ရှင်တွေထဲမှာ သားရေဂျာကင်ဝတ်ဆင်တယ်ဆိုတာကို မမြင်တွေ့ဖူးပါဘူး။ သားရေဂျာကင်ကို မင်းသမီး ကိတ်ကလည်း တော်ဝင်မိသားစုဝင်မဖြစ်ခဲ့ခင်တုန်းက ဝတ်ဆင်တာကို တွေ့မြင်ဖူးပေမယ့် နောက်ပိုင်းမှာတော့ ဝတ်ဆင်တာကို မတွေ့ဖူးတော့ပါဘူး။ မင်းသမီး မက်ဂန်ကလည်း သားရေဂျာကင်ကိုအနုပညာရှင်ဖြစ်ခဲ့စဉ်တုန်းကတော့ စွဲစွဲမြဲမြဲဝတ်ဆင်ခဲ့ ပါသေးတယ်။ ဒါပေမယ့် တော်ဝင်မင်းသမီးဖြစ်ပြီးနောက်ပိုင်းတော့ သူမအကြိုက်ဆုံး ဖက်ရှင်ကိုတောင် စွန့်လွှတ်လိုက်ပါတယ်။
ရွှေရောင် (ရွှေအင်းလေး)