
တောင်ကိုးရီးယားရောက်ရှိနေတဲ့ မြန်မာနိုင်ငံသူ ကရင်မလေးမာသာထူးဝါးဟာ နာမည်ကြီး KBS ရုပ်သံလိုင်းကထုတ်လွှင့်ပြသတဲ့ My Neighbour Charlesအစီအစဉ်မှာ ပါဝင်လာပါတယ်။ My Neighbour Charles ဆိုတဲ့ ရုပ်သံအစီအစဉ်ဟာဆိုရင်ဖြင့် တောင်ကိုးရီးယားမှာ လာရောက်အခြေချနေထိုင်တဲ့ နိုင်ငံခြားသားတွေအကြောင်းကို ရိုက်ကူးပြသတဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်။
ဒီအစီအစဉ်မှာ ကိုးရီးယားမှာ လာရောက်နေထိုင်တဲ့ တိုင်းတစ်ပါးသားတွေရဲ့ ထူးခြားမှု၊ သူတို့ နေထိုင်စားသောက်ပုံ၊ နိုင်ငံရပ်ခြားမှာ ဘယ်လိုအသက်ရှင်နေထိုင်ကြသလဲဆိုတာတွေကို ရိုက်ကူးပြသထားပါတယ်။ My Neighbour Charles ရဲ့အပိုင်း ၁၈၄ ပိုင်းမြောက်မှာ မြန်မာနိုင်ငံမှ ကရင်မလေး မာသာထူးဝါးတို့ မိသားစုအကြောင်း My Neighbour Charlesအစီအစဉ်မှရိုက်ကူးထုတ်လွှင့်ခဲ့ပါတယ်။ Sasikanအမည်ရှိတဲ့ မာသာထူးဝါးရဲ့အမေဟာစစ်ဖြစ်နေစဉ်အတောအတွင်း ကိုးရီးယားသို့ ဒုက္ခသည်အဖြစ် ဝင်ရောက်ခိုလှုံခဲ့ရာက နိုင်ငံသားအဖြစ်ခံယူခဲ့တာဖြစ်ပါတယ်။
မာသာထူးဝါးရဲ့ ကိုးရီးယားအမည်ကတော့ Yihwa ဖြစ်ပြီးအဓိပ္ပါယ်ကတော့ သစ်တော်ပန်း လို့အမည်ရပါတယ်။ မာသာထူးဝါး ၈ နှစ်အရွယ်ကတည်းက ကိုးရီးယားကို ပြောင်းရွှေ့လာရတာဖြစ်ပြီး ချယ်ရီပန်းတွေပွင့်တဲ့ နွေဦးရာသီမှာ ရောက်ရှိခဲ့တာဖြစ်တယ်လို့ပြောကြားထားပါတယ်။ မောင်လေးနှစ်ယောက်ရှိပြီး ကလေးတွေအကုန်လုံးဟာ ကိုးရီးယားမှာ ကြီးပြင်းတာကြောင့် ကိုးရီးယားလူမျိုးတွေလို ကျွမ်းကျင်စွာပြောဆိုနိုင်ကြပါတယ်။
မာသာထူးဝါးတို့မိသားစုဟာ ကိုးရီးယားမှာလဲ Karen ဝတ်စုံကို ဂုဏ်ယူစွာဝတ်ဆင်ပြီး နေထိုင်သွားလာသူများဖြစ်ကြပါတယ်။ မိခင်ဖြစ်သူ Sasikan ဟာ ကလေးတွေကို မိခင်ဘာသာစကားမေ့မသွားရအောင်အိမ်တွင် karen ဘာသာစကားကိုပဲ ပြောဆိုလေ့ရှိပါတယ်။ သားသမီးတွေဟာ karen စကား၊ ကိုးရီးယားစကား၊အင်္ဂလိပ်စကားကျွမ်းကျင်သူများဖြစ်ကြပါတယ်။
မာသာထူးဝါးလေးဟာ မြန်မာနိုင်ငံက ပရိတ်သတ်တွေနဲ့ စိမ်းသူတစ်ဦးမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နှစ်က ဖေ့ဘွတ်ခ်တစ်ခွင်မှာ ရော့ခ်ကာကြီးလေးဖြူရဲ့ ယုံကြည်ရာသီချင်းကို cover song သီဆိုပြီးနာမည်ကြီးလာသူလေးပါ။ သီချင်းဆိုကောင်းတာကြောင့် မာသာထူးဝါးဟာလက်ရှိတက်နေတဲ့ကျောင်းမှာ နာမည်ကျော်တစ်ယောက်ဆိုလဲမမှားပါဘူး။
သီချင်းဆိုကောင်းတဲ့ မာသာထူးဝါးလေးဟာ နောက်နောင်များမှာလဲ သီချင်းတွေကို ဆက်လက်သီဆိုသွားမယ်လို့ သိရပါတယ်။ မာသာထူးဝါးဟာ ငယ်စဉ်ကတည်းက ကိုးရီးယားမှာကြီးပြင်းပြီး ကျောင်းတက်ခဲ့ရတာဖြစ်တဲ့အတွက်အမေထက်ကိုးရီးယားစကားကျွမ်းကျင်သူလေးပါ။အပြင်သွားတိုင်း မိခင် နားမလည်တဲ့ဘာသာစကားတွေကို karen ဘာသာစကားနဲ့ပြန်ရှင်းပြလေ့ရှိပါတယ်။
My Neighbour Charlesအစီအစဉ်မှာ မိသားစုအတွင်း မာသာထူးဝါးလေးရဲ့အရေးပါပုံကို မြင်တွေ့ရမှာပါ။အသက် ၁၂ နှစ်သာရှိသေးပေမဲ့အမေကိုရော မောင်လေးတွေကိုပါ ဂရုတစိုက်ကြင်နာပေးတတ်တဲ့မာသာထူးဝါးလေးပါ။ KBS ရုပ်သံလိုင်းမှာထုတ်လွှင့်ပြသတဲ့ မာသာထူးဝါးတို့မိသားစုအကြောင်းလေးကို ကြည့်ရှုခံစားကြည့်လိုက်ပါဦးပရိတ်သတ်ကြီးရေ။
(ပိုပိုလေး)