“ မာလာဆောင် ပြည်လမ်းရှေ့မှာ ”
lotaya.mpt.com.mm
|
2019-04-24



“ မာလာဆောင် ပြည်လမ်းရှေ့မှာ ”

ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် )

( စ - ဆုံး )

“ မာလာဆောင်နဲ့ပါတ်သက်လို့

ပုံပြင်လေးတစ်ပုဒ်ကြားဖူးတယ်

ပုံပြင်ထဲက ဇာတ်လိုက်ကြီး

ဘယ်သူလဲလို့ မမေးပါနဲ့ ….. ”

အားလုံးသိထားပြီးသားဖြစ်တဲ့ “အဆောင်သရဲ ” ဆိုတဲ့ သီချင်းသံကို

မထင်မှတ်ဘဲ ကြားမိလိုက်တဲ့ ကျွန်တော် မနက်စောစောစီးစီးတောင်

ကြက်သီးထမိသွားတယ်… ၊ ဒီသီချင်းလေးကလည်းအချစ်စွဲနဲ့ကွယ်လွန်သွားရင်း

မကျွတ်ဘဲ သရဲဖြစ်သွားတဲ့သူတစ်ယောက်အကြောင်း ဖြစ်ရပ်မှန်ကို ရေးဖွဲ့သီကုံးထားတာလို့

သိထားဖူးတယ်လေ…. ၊ ဒီလောက်နဲ့ ကြက်သီးထမိတယ်တော့မထင်ပါနဲ့….

ကျွန်တော်ကိုယ်တိုင်လည်း မနေ့ညကလေးတင်

မာလာဆောင်နားမှာ သရဲခြောက်ခံခဲ့တာကို….. ။

အဲ့ဒီနေ့ညက မှတ်မှတ်ရရကျွန်တော်တို့လှည်းတန်းမှာ သင်တန်းအတူတူတက်နေကြတဲ့

သူငယ်ချင်းတွေထဲက တစ်ယောက်ရဲ့ မွေးနေ့ပွဲလေး… ၊ သူ့မွေးနေ့မှာ သူပျော်သွားအောင်

သူငယ်ချင်းကို surpriseလုပ်ပေးမယ်ဆိုပြီး လှည်းတန်းစင်တာက Seasons မုန့်ဆိုင်လေးမှာ

ကိတ်မုန်ကလေး ခွဲပေးဖြစ်ခဲ့ကြတယ် ၊ ပျော်ပျော်ပါးပါးနဲ့ ဓါတ်ပုံတွေရိုက်ကြပြီး

ကျွန်တော်တို့ စကားတွေ ဖောင်ဖွဲ့ပြောကြရင်းကနေအချိန်တွေကုန်မှန်းမသိကုန်လာခဲ့တယ် ။

ရုတ်တရက် ကျွန်တော် နာရီကိုကြည့်မိလိုက်တော့ …

“ ဟင်…! ၆နာရီတောင် ခွဲနေပြီ…ဟ..ဟေ့ကောင်တွေ ပြန်ကြရအောင်

ဒီအချိန်ကားကြပ်ပြီဟ…ကားမရတော့ရင်တော့ ပြသနာပါပဲ ”

ကျွန်တော့်အလန့်တကြားပြောလိုက်တဲ့စကားသံက

တော်တော်လေးကျယ်သွားတယ်ထင်တယ် ဘေးစားပွဲဝိုင်းကလူတွေကပါ

ကျွန်တော့်ကို တစ်ချက်ကြည့်သွားကြသေးတယ်… သူငယ်ချင်းတွေလည်း

ကျွန်တော်ပြောမှ ဝရုန်းသုန်းကားနဲ့ ဆိုင်က ထဖို့ပြင်ဆင်ကြတယ်လေ ။

ဆိုင်ကနေထွက်လာပြီး ကျွန်တော်တို့တွေ တစ်နေရာတည်းကနေ

သက်ဆိုင်ရာ မြို့နယ်တွေဆီကို ရောက်နိုင်မယ့် ကားမှတ်တိုင်တစ်ခုဆီ

အတူတူ လျောက်သွားဖြစ်ခဲ့ကြတယ်…အဓိက က ကျွန်တော်တို့အဖွဲ့ထဲမှာ

မိန်းကလေးတစ်ယောက်ပါလာတော့ သူ့တစ်ယောက်တည်းပြန်ဖို့အားလုံးက စိတ်မချကြတာနဲ့

ကားမှတ်တိုင်လိုက်ပို့ဖြစ်တာလဲပါတယ်ဗျ… ၊ နောက်တစ်ချက်က သူစီးမယ့်မှတ်တိုင်ကဆိုလည်း

ကျွန်တော်တို့တွေအိမ်တွေရှိတဲ့ မှတ်တိုင်တွေဆီကို ရောက်တဲ့ ကားတွေပေါတယ်လေ… ၊

ကျွန်တော်တို့ စီးနေကျ မှတ်တိုင်တွေမှာအချိန်နောက်ကျနေတော့ ကားအလာကြဲသွားပြီမဟုတ်လား ၊

အဲ့လိုနဲ့ ကျွန်တော်တို့တွေအတူတူကားစီးဖို့ လှည်းတန်းစင်တာဘက်ကနေ ပြည်လမ်းမကြီးအတိုင်း

လမ်းလျောက်လာခဲ့ကြတယ်… ၊အတော်လေးလျောက်လာခဲ့ပြီးတော့ မာလာမှတ်တိုင်ဆိုတဲ့ ကားမှတ်တိုင်ကို

ရောက်လာခဲ့ကြတယ်ဗျ… ၊ ကားမှတ်တိုင်ရောက်တော့ သူငယ်ချင်းတွေထဲက သူငယ်ချင်းမိန်းကလေးက

ကပိုကရိုအမူအယာနဲ့ ….

“ ဟာ… တော်သေးတယ်အခုမှသတိရလို့… ငါလွန်ခဲ့တဲ့အပတ်ကအလုပ်ကိစ္စနဲ့

မြိတ်ဘက် ခရီးသွားတုန်းက နင်တို့ကိုပေးဖို့ဆိုပြီး မြတ်ဘက်က ငပိ ၊ ပုစွန်ခြောက် ၊ ငါးမုန့်တွေ

ပါလာတာ…ငါတစ်နေကုန်မေ့နေတာ...ပြန်ခါနီးမှ သတိရလို့တော်ပါသေးရဲ့ ” ဆိုပြီး

ပြောပြောဆိုဆိုနဲ့ သူ့အိတ်သေးသေးလေးထဲကနေ သေသေချာချာခွဲပြီး ထုတ်ပိုးထားတဲ့

အထုတ်လေးတွေကို ထုတ်ရင်း ကျွန်တော်တို့ကိုလှမ်းပေးလိုက်တယ်… ၊ သူ့စေတနာကိုတော့

ကျေးဇူးတင်ပေမယ့် ငပိမကြိုက်တဲ့ ကျွန်တော်အတွက်တော့ သူကမ်းပေးလိုက်တဲ့အထုတ်ထဲက

ထောင်းခနဲ ထွက်လာတဲ့ ငပိအနံ့တွေက ဆိုးရွားလွန်းတယ်… ၊ ဒါပေမယ့်လည်း တစ်ဖက်လူ

စိတ်မကောင်းဖြစ်သွားမှာစိုးလို့ရယ်..အိမ်ကအဖေနဲ့အမေတို့ ငပိကြိုက်တာကိုသိထားလို့ရယ်ကြောင့်

ကြိုးစားပြုံးပြလိုက်ရင်း ကျေးဇူးတင်စကားဆိုခဲ့လိုက်သေးတယ် ။

သူငယ်ချင်းမိန်းကလေး ပေးလိုက်တဲ့ မြတ်ကပါလာတဲ့ လက်ဆောင်အထုတ်လေးကို

ငပိမကြိုက်တဲ့ကျွန်တော့်လက်တွေအနံ့ကူးကုန်မှာစိုးလို့တောင် ကျွန်တော် လက်မပြောင်းဘဲ

သူပေးတဲ့အတိုင်း လှမ်းယူဖြစ်တဲ့ ဘယ်ဘက်လက်မှာပဲ ဆက်ဆွဲထားဖြစ်ခဲ့တယ်… ၊

အများအမြင်မှာတော့ ကျွန်တော်ကနည်းနည်း ဇီဇာကြောင်တဲ့သဘောမှာရှိတယ်ဗျ…တကယ်လည်းအဟုတ်…၊

ဒီလိုနဲ့ ကျွန်တော်တို့လူစု ကားမှတ်တိုင်မှာ ကားစောင့်နေရင်း စာအုပ်တွေထည့်ထားတဲ့

လွယ်အိတ်တွေကလည်းပါလာတာကြောင့်မို့ မတ်တပ်ရပ်ထားရင်းကြာတော့ ညောင်းလာကြတယ်… ၊

ကားမှတ်တိုင်က ခုံတွေကြည့်ပြန်တော့ တစ်ခုံမှ မလွတ်ဘူး…အကုန်လူတွေအပြည့်ထိုင်ရင်းကားစောင့်နေ

ကြတာကို မြင်ရပြန်ရော…မကြာပါဘူး ကျွန်တော်တို့အဖွဲ့ထဲက သူငယ်ချင်းတစ်ယောက်က

ကားမှတ်တိုင်ဘေးမှာရှိတဲ့ ကွမ်းယာတိုင် မုန့်ဆိုင်သေးသေးလေးအနောက်ဘက်မှာရှိတဲ့

အုတ်ခုံခပ်မြင့်မြင်လေးကို ညွတ်ပြနေတယ်ဗျ… သူဆိုလိုတာက ထိုင်ကြရအောင်ပေါ့….

အဲ့သဘောပဲ…ဒါပေမယ့် ကျွန်တာ်တို့ ကြံစီနေတုန်းမှာပဲအဲ့ထိုင်ခုံလေးမှာလည်း

အခြားသူတွေနေရာယူသွားကြပြန်တယ်….နောက်ဆုံးအရမ်းညောင်းလာတယ်…ကားကလည်း

တော်တော်နဲ့မလာဘူးရယ်… ၊ ကျွန်တော်လည်း ထိုင်စရာလေးများရှိလေမလားလို့

သေချာလိုက်ကြည့်မိတော့ ကားမှတ်တိုင်ကျောဘက် မျက်စောင်းထိုး …ခုနက ကွမ်းယာဆိုင်သေးသေးလေး

နဲ့အုပ်ခုံအမြင့်ရဲ့အနောက်ဘက်တည့်တည့်မှာရှိတဲ့ မာလာဆောင်ဆိုတဲ့

ဆိုင်းဘုတ်ကြီးရေးဆွဲထားတဲ့နေရာ… ဝင်းတံခါးကြီး ဘေးနားလေးက ခပ်မို့မို့လေးဖြစ်နေတဲ့

ကွန်ကရစ်တုံးပုပုလေးတွေကို သွားမြင်တာနဲ့ ကျွန်တော်ပြေးထိုင်လိုက်မယ်တယ်..

ကျွန်တော်ပြေးထိုင်တာကိုမြင်တော့ သူငယ်ချင်းတွေလည်းလိုက်လာပြီးကပ်ထိုင်နေကြတယ်ဗျ ၊

ကျွန်တော်တို့ထိုင်စရာလေးလည်းရရော…ရောက်တက်ရာရာစကားတွေပြောကြရင်း

ကားမှတ်တိုင်ကနေ ကားအလာကိုစောင့်ကြည့်နေမိကြတယ်… ။

ပတ်ဝန်းကျင်တစ်ခုလုံးက တော်တော်လေးမှောင်လို့….

အချိန်က ၇နာရီကို တော်တော်လေး ကျော်နေပြီ….

နွေဦးမို့ထင်တယ်…လေနုအေးလေးတောင်မတိုက်ခတ်ဘူး… တစ်ကိုယ်လုံးလည်း

ပူအိုက်ယားယံသလိုခံစားမိတယ်…အိုက်စက်စက်ကြီး…. ကျွန်တော်တို့ထိုင်နေတဲ့

အပေါ်တည့်တည့်မှာ သစ်ပင်အကြီးကြီးတွေကအုံမိုးထားသေးတယ်ဗျ… ၊

ညဘက်မို့အမြင်အားရုံအားနည်းတဲ့ကျွန်တော့်အတွက် ဘာအပင်ဆိုတာ ခွဲရတော်တော်ခတ်တယ် ၊

အပင်ကြီးတာမှ တော်တော်ကြီးကိုအိုပြီး…နွယ်တွေ..သစ်ခတ်တွေနဲ့အုံ့အုံ့ဆိုင်းဆိုင်းကြီးကို

ကြီးနေတဲ့အပင်အိုကြီးဗျ…. ၊ မာလာဆောင်အဝင်၀ ဝင်းဘေးနားမှာ ရှိနေတာ… ။

သိပ်မကြာပါဘူး…ကျွန်တော်တို့စကားပြောနေတုန်း ကျွန်တော်တို့တွေနားကို

ခွေးအနက်ကလေး နှစ်ကောင် ပြေးလာကြရင်း လက်ထဲကအထုတ်တွေနား လာနမ်းသလိုလို

လုပ်နေကြတယ်… ၊ ခွေးနက်ဆိုပေမယ့် ခါတိုင်းလည်း ကားမှတ်တိုင်မှာ ဒီခွေးတွေမြင်ဖူးနေကျမို့

အထူးအဆန်းလို့မထင်ခဲ့ပါဘူး… ၊ ထူးဆန်းတာတစ်ခုက ကျွန်တော်တို့လည်း မခြောက်လန့်ပါပဲ

အဲ့ဒီခွေးတွေက ကျွန်တော်တို့နောက်မှာ တစ်ယောက်ယောက်ကို မြင်လို့ လန့်သွားသလိုနဲ့

ထွက်ပြေးသွားကြတာ ပြန်ကိုမလာတော့ဘူး… ၊ ကျွန်တော်တို့လည်း စိတ်ထဲအနောက်က

ကားမှတ်တိုင်မှာစောင့်မယ့်သူတစ်ယောက်ယောက်ကများ လာနောက်ပြောင်ခြောက်လန့်လိုက်လေသလားလို့

တွေးမိကြသေးတယ် …အနောက်လှည့်ကြည့်တော့ ဘယ်သူမှ မရှိနေဘူး.. ၊

ကျွန်တော်တို့ထိုင်နေတဲ့နေရာက မီးရောင်နဲ့တော်တော်ဝေးတဲ့အမှောင်ဘက်မှာ… ၊

ကားမှတ်တိုင်နေရာကလင်းတယ်ဆိုပေမယ့်အခုထိုင်နေတဲ့နေရာကနေဆို

ခန့်မှန်းအကွာအဝေး ခြေလှမ်း ၂၀လောက်တော့ ရှိလောက်မယ်… ၊ ခွေးနက်တွေ

လက်ထဲကအထုတ်တွေကို လာနမ်းတာလည်း စိတ်ထဲဘယ်လိုမှမနေပါဘူး..

ကျွန်တော်တို့လက်ထဲမှာ ကိုင်ထားတာကအညှီအဟောက်..ငပိတွေပါတဲ့

အထုတ်တွေလေ…၊အနံ့ကတော့ ဘာသင်းသလဲမမေးနဲ့ ကိုင်ထားတဲ့ကျွန်တော်

နှာစေးနေတဲ့သူတောင်အတိုင်းသားရနေတာ… ၊အဲ့လို ခွေးတွေ ထွက်ပြေးသွားပြီးမကြာဘူး

ကျွန်တော့်ဘက်ဘက်လက်အထုတ်တွေကိုင်ထားတဲ့လက်ပေါ်ကိုအပေါ်ကနေ

ရေစက်တွေကျလာပါလေရော…

“ တောက်..တောက်…တောက် ”

“ ဟင်…ဟေ့ယောင်တွေကြည့်ဦး..ငါ့လက်ပေါ်ရေစက်တွေကျလာတယ်…

ဘယ်ကောင်လက်ကမြင်းပြီး ရေသန့်ပုလင်းကို ဆော့နေလဲမသိဘူးကွာ ”

ကျွန်တော်ပြောလိုက်တော့ သူငယ်ချင်းတွေကလည်း ဝိုင်းကြည့်ကြပြီး

မယုံသလိုနဲ့

“ မင်းငါတို့ကို စနေတာမို့လား..ဒီမှာ ဘယ်သူမှ မရှိဘူး..တို့တွေပဲရှိတာ

လူတွေကလည်းဟိုဘက်မှာသူ့ဘာသာနေနေကြတာ..မျက်နာမပြောင်နဲ့ကွာ ”

သူတို့ပြောနေတုန်းမှာလည်း ကျွန်တော့်လက်ပေါ်ကို

ရေစက်တွေက ကျမြဲကျနေတုန်းပဲ…

“ ဟာ..မဟုတ်သေးဘူးနော်…ရေစက်တွေက ဆက်တိုက်ကျနေတုန်းဟ

မိုးများရွာသလားမသိဘူး ”

ကျွန်တော်အသံထွက်ပြောလိုက်ရင်း ဘယ်ဘက်လက်ကိုအထုတ်ဆွဲထားလျက်

ဆန့်ပြလိုက်တယ်…. ကျွန်တော် ဆန့်နေတုန်းမှာလည်း ဆန့်ထားတဲ့လက်ပေါ်

ရေစက်တွေက တတောက်တောက် ဆက်ကျနေတုန်းပဲ….အဲ့ဒါကိုလည်း

သူငယ်ချင်းအားလုံးမြင်သွားတယ်…အားလုံးကလည်း မိုးရွာနေသလားဆိုပြီး

ပတ်ဝန်းကျင်ကလူတွေကိုကြည့်ပြန်တော့အားလုံးအေးဆေးပဲ နောက်ပြီး မိုးရွာတာဆိုရင်လည်း

လက်တစ်နေရာတည်း ရေစက်ကျစရာအကြောင်းမရှိဘူးလေ… ၊ ကျန်တဲ့သူတွေကိုယ်ပေါ်လည်းမကျဘူး

ကျွန်တော့်လက်ပေါ်ပဲ ရေစက်တွေကျနေတာ…. ၊ ကျွန်တော်လည်း စိတ်ထဲ မသိုးမသန့်ဖြစ်နေတာနဲ့

သူငယ်ချင်းတွေ ကြောက်မှာစိုးလို့အာရုံပြောင်းသလိုနဲ့စကားပြောလိုက်တယ်

“အာ…မိုးရွာထားတဲ့ သစ်ရွက်အစိုတွေကနေတွဲလွဲခိုနေတဲ့ ရေစက်တွေအခုမှ လေတိုက်လို့

ကျလာတာနေမှာပါကွာ..အပင်ကြီးကလည်းအကြီးကြီးကိုကွ… ငါနေရာပြောင်းထိုင်လိုက်ရင် မင်းအပေါ်

ကျလိမ့်မယ် လာလာ နေရာလဲထိုင်ရအောင် ”

သူငယ်ချင်းတစ်ယောက်နဲ့ ကျွန်တော် နေရာပြောင်းထိုင်လိုက်တယ်

အဲ့လို ပြောင်းလိုက်ပေမယ့်လည်း ရေစက်တွေက သူ့အပေါ်တစ်စက်မှမကျဘူး

ကျွန်တော့်လက်ပေါ်ပဲ ဆက်ကျနေတယ်…. ၊ ပတ်ဝန်းကျင်ကိုကြည့်တော့လည်း

အကုန်လုံးက သူ့အာရုံနဲ့သူအေးအေးဆေးဆေးပဲ…အခု ကျွန်တော့်တစ်ယောက်တည်း

လက်ပေါ်ကို သစ်ပင်ကြီးပေါ်ကနေ ရေစက်တွေကျကျလာတာကြုံနေရတယ်… ၊

ကျွန်တော်လည်း စိတ်မလုံတော့ဘူး စိတ်ထဲကြောက်စိတ်လည်းဝင်လာတာအမှန်ပဲ….

အပေါ်ကိုမော့ကြည့်ပြန်တော့လည်း ဘာမှမတွေ့ရဘူး သစ်ပင်အိုကြီးက

ကောင်ကင်ကိုတောင်မမြင်ရအောင် သစ်ရွက်တွေအပြည့်နဲ့ ကာမိုးထားတယ်…. ၊

နောက်ဆုံးအကြိမ် ကိုယ်တိုင် စမ်းမယ်ဆိုပြီး လက်ကြီးကို ဆန့်လျက်ကြီးနဲ့

နေရာ ခပ်ဝေးဝေးကိုပြောင်းကြည့်လိုက်တော့လည်းအဲ့အချိန်ထိ ကျွန်တော့်လက်ပေါ်ကို

ရေစက်တွေ တတောက်တောက်နဲ့ ကျနေဆဲပဲလေ….. ။

ကျွန်တော်နားလည်လိုက်ပါပြီ….၊ လက်ထဲကအထုတ်ကို နေရာမှာပဲ ပစ်ချလိုက်ပြန်ရင်လည်း

ပေးတဲ့သူစေတနာကို စော်ကားရာကျမယ်… ၊ မထူးပါဘူး ဖြစ်ချင်ရာဖြစ်ကွာဆိုပြီး

ရသမျှ ဘုရားစာလေးတွေ စိတ်ထဲကရွတ်နေမိလိုက်ရင်း လူများများရှိပြီး မီးလင်းထိန်နေတဲ့

ကားမှတ်တိုင်မှာ သွားရပ်နေလိုက်တယ်… ၊ ကျွန်တော့်နောက်က သူငယ်ချင်းတွေလည်း

ပါလာကြတယ်..သူတို့မျက်လုံးထဲမှာလည်း ကြောက်စိတ်ကိုအတိုင်းသားမြင်နေရတယ် ၊

ကျွန်တော်ကိုယ်တိုင်လည်း ကြောက်နေမိပေမယ့် သူတို့ပါ ကြောက်နေကြမှာစိုးလို့

အားတင်းပြုံပြလိုက်ရင်း

“ ဘာမှမဟုတ်ပါဘူး…ရေစက်တွေပါ ငါက မင်းတို့ကိုအလကားလျောက်စနေတာ ဟီးဟီး ” လို့

ပြောဖြစ်ခဲ့တယ်…မကြာပါဘူး သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက်

သက်ဆိုင်ရာ ကားတွေလာလို့ ပြန်သွားကြတယ်… ၊ နောက်ဆုံး ကျွန်တော်နဲ့အိမ်ချင်းနီးတဲ့

လမ်းကြောင်းသင့်တဲ့သူငယ်ချင်းနဲ့ ကျွန်တော်ပဲ ကျန်တော့တယ်….နာရီကိုကြည့်တော့

၈နာရီထိုးနေပြီ ၊ ကျွန်တော်တို့နှစ်ယောက်လည်း ဒီနေရာမှာ ကြာကြာမနေသင့်တော့ဘူးဆိုတာရယ် ၊

မနေရဲ့တော့တာရယ်ကြောင့် Taxi တစ်စီးကိုအတူပေါင်းငှားပြီးအိမ်အမြန်ပြေးဖြစ်ခဲ့တယ် ၊

အဲ့နေ့ညကအိမ်ရောက်တာနဲ့အိမ်ထဲမဝင်ခင် “ ဖက် ဖက် ဖက် ” လုပ်ပြီးတော့အိမ်ထဲက

ဘုရားစင်မှာတင်ထားတဲ့အန္တရယ်ကင်းပရိတ်ရေလေးသောက်ပြီးမှအိပ်ယာဝင်ဖြစ်ခဲ့တယ်…. ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အလုပ်ပိတ်လို့ မနက်ကိုနေဖင်ထိုးမှအိပ်ယာထဖြစ်ခဲ့တယ် …..

လုပ်နေကျအတိုင်း ဖုန်းလေးကိုအိပ်ချင်မူးတူးနဲ့ လှမ်းယူရင်း ကြည့်မိလိုက်တော့

မနေ့ညကအတူတူပြန်သွားဖြစ်တဲ့ သူငယ်ချင်းတွေဆီက miss call တွေအများကြီါ်

မြင်လိုက်ရတယ် ၊အိပ်ရေးမပျက်ချင်လို့ ဖုန်းကို Silence လုပ်အိပ်တတ်တာကြောင့်

ဖုန်းတွေဝင်နေတာ ကျွန်တော်မသိလိုက်ဘူး နောက်တော့ ကျွန်တော့်ဆီဆက်ထားတဲ့သူတွေဆီ

တစ်ယောက်ဆီကိုပြန်လိုက်ဆက်ကြည့်တော့ တစ်ယောက်ပြီးတစ်ယောက်

ကျွန်တော့်ကို စိတ်ပူတဲ့အကြောင်းတွေ ပြောပြလာတယ်…အဲ့ထဲကတစ်ယောက်က…

“ သူငယ်ချင်း …နင်အဆင်ပြေရဲ့လား….ညက ကိစ္စ ဘာဖြစ်တယ်ဆိုတာ

ငါသေချာသိတယ် ”

“ နင်သိတယ်ဟုတ်လား ”

“အေးဟုတ်တယ်…နင်ဘာမှ ဘာပြောမနေနဲ့ ငါသိတယ်ဆိုတာကလည်း

ငါကိုယ်တိုင် ကြုံဖူးခဲ့တာမို့သိတယ်လို့ပြောတာ ”

သူငယ်ချင်းမိန်းကလေးရဲ့စကားကြောင့်

ကျွန်တော် ရူးချင်သလိုလိုတောင် ဖြစ်သွားမိတယ်…

“ နင်က ဘယ်လိုကြုံဖူးတာလဲ လုပ်စမ်းပါဦး ”

“ ငါကြုံဖူးတာကအဲ့ဒီ တက္ကသိုလ်အဆောင်တွေထဲကတစ်ဆောင်မှာပဲ

ပြသနာတတ်မှာစိုးလို့အဆောင်နာမည်တော့ ငါမပြောပြတော့ဘူး

ဒါပေမယ့် ဒါက ငါ့ကိုယ်တွေအမှန်ပဲ….. ”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လွန်ခဲ့တဲ့ နှစ်အတော်အကြာက…..

အောက်မြန်မာပြည် တက္ကသိုလ်များဘောလုံးပြိုင်ပွဲအတွက်

တက္ကသိုလ်အသီးသီးက မိန်းကလေးတွေကို စခန်းသွင်း လေ့ကျင့်ရေးပေးနေတဲ့အချိန်

စခန်းသွင်းလေ့ကျင်တဲ့အခါ မိန်းကလေးတွေနေဖို့အဆောင်တွေပေးထားတယ်…

မိုးမြင့်သော် တို့နေရတဲ့အဆောင်ကလည်း မာလာဆောင်အနီးအနားကအဆောင်တွေထဲက

တစ်ခုမှာပေါ့…. ၊အဆောင်က သရဲခြောက်တယ်လို့နာမည်ကြီးနေပြန် မိန်းကလေးတွေချည်းဆိုတော့

အချင်းချင်းဖေးမရင်းနေကြရပြန်တယ် ၊အဆောင်ကြီးရဲ့တည်ဆောက်ထားပုံကိုက သရဲကားတစ်ကား

ကောင်းကောင်းရိုက်လိုကရတဲ့အထိ ပံ့ပိုးထားသလိုပါပဲ ၊ ချောက်ချားစရာအဆောင်ကြီးကကျယ်ပြီးတော့

မီးအလင်းရောင်က နေရာတိုင်းပြည့်ပြည့်၀၀ မပေးထားနိုင်တော့ ညဘက်ဆို သရဲကြောက်လို့

မိန်းကလေးတွေအကုန်အပေါ့အပါးကိစ္စကို တစ်စုပြီးတစ်စုအတူူတူသွားရင်းကြိုတင်ရှင်းလင်းဖြစ်ကြတယ် ၊

အပေါ့အပါးသွားရတဲ့နေရာကလည်းအိပ်ဆောင်နဲ့ဆို တော်တော်လေးကိုဝေးတယ်မဟုတ်လား ၊

နောက်ပြီး ကော်ရိုက်တာတစ်လျောက်မှာကလည်း မီးရောက်မှိန်မှိန်လေးတွေပဲရှိနေတယ် ၊ ပတ်ပတ်လည်မှာက

သစ်ပင်ကြီးငယ်တွေဝန်းရံထားပြန်တယ် ၊အမှောင်ကျနေတဲ့အဆောင်တွေကို ပိုပိုပြီး

အမှောင်ဘက်ရောက်နေအောင်များ သစ်ပင်ကြီးတွေက လက်မဲမဲကြီးတွေလို ကာအုပ်မိုးထားသလားလို့တောင်

တွေးင်မိစရာရှိနိုင်တယ် ။

မိုးမြင့်သော်အိပ်ဆောင်နေရာလေးကအဆောင်တစ်ခုလုံးရဲ့ မြေညီထပ်နေရာလေး…၊

အိပ်ဆောင်တစ်ဆောင်မှာ ကုတင် နှစ်လုံးနဲ့ လူနှစ်ယောက်နေလို့ရအောင်လုပ်ပေးထားတယ် ၊

သူတို့အဆောင်ကအင်းလျားကန်ကြီးနဲ့ မဝေးဘူးလို့ပြောလို့ရမယ်… ၊ တေးရေး - ခဲနစ် ရေးထားပြီး

စိုးလွင်လွင်ရဲ့အင်းလျား (၈/၈၂အင်းလျား) သီချင်းထဲကအဆောင်သူလေးတွေကို

တက္ကသိုလ်ကျောင်းသားတွေက ဂစ်တာလေးတီးပြရင်း ချစ်သံစဉ်လေးတွေ ဟစ်ကြွေးနေကြ

နေရာလို့ ပြောလို့ရတဲ့အဆောင်တစ်ခုပါပဲ ။

သူတို့အဆောင်မှာရှိတဲ့ မိန်းကလေးတွေကအနယ်နယ်အရပ်ရပ် တက္ကသိုလ်အသီးသီးက

လာကြတဲ့ လက်ရွေးစင်တွေချည်းပဲမို့ ညဘက်တွေဆို သရဲကြောက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့

အခန်းတစ်ခန်းထဲမှာ စုပြီး စကားပြောသူတွေကပြော ဖဲခိုးကစားသူတွေက ကစားလုပ်ကြသေးတယ် ၊

မိုးမြင့်သော်ကတော့အရင်ကတည်းက လူအများနဲ့စကားပြော ဆက်ဆံရေးနည်းသူမို့ ညဘက်တွေဆို

သူများတွေနဲ့ရောမနေတတ်ဘဲအိပ်ယာစောစောဝင်ဖြစ်တာများနေတတ်တယ် ။

တစ်နေ့ ….

မိုးမြင့်သော်တစ်ယောက်အများသူငြာအိပ်မောကျနေတဲ့အချိန်ကြီး ညသန်းခေါင်လောက်မှာ

မခံမရပ်နိုင်အောင်အပေါ့သွားချင်စိတ်ဖြစ်လာတယ်… ၊အများပြောနေကြတဲ့အဆောင်သရဲဆိုတာကြီးကို

ကြောက်လွန်းလို့ ကြိုးစားထိန်းထားရင်းဘယ်လိုမှမခံနိုင်တော့တဲ့အဆုံး တစ်ယောက်တည်းအားတင်းပြီး

ကဲလေ….သရဲနဲ့တွေ့ချင်လည်းတွေ့….အကောင်အထည်မြင်ကာမှ မြင်ရော…လောလောဆယ်တော့

ကိုယ့်ကိစ္စကိုအရင်ရှင်းမှရတော့မယ်လို့ ဆုံးဖြတ်ပြီး လက်နှိတ်ဓါတ်မီးလေးကိုယူပြီး ဘေးကုတင်က

အိပ်မောကျရင်း ဟောက်နေတဲ့ သူငယ်ချင်းကို စိတ်ပျက်သလိုတစ်ချက်ကြည့်လိုက်မိတယ် ၊

နောက်တော့ တစ်ယောက်တည်းအိပ်ဆောင်ကနေအပြင်ကိုထွက်လာပြီး ဓါတ်မီးလေးနဲ့

လျောက်လမ်းတစ်လျောက် ဟိုထိုး ဒီထိုး ကြည့်ဖြစ်သေးတယ် ၊ လူရိပ် သူရိပ်တောင်

တစ်ယောက်တစ်လေမှမတွေ့တော့အားငယ်မိတာအမှန်ပဲ… မြန်မြန်သွားပြီး မြန်မြန်ပြန်အိပ်မယ်ဆိုတဲ့

အသိနဲ့ ခြေလှမ်းခပ်မြန်မြန်လေးလှမ်းသွားလိုက်တယ်… လမ်းတစ်လျောက် ဗို့အားနည်း

အဝါရောင် မီးသီးလေးတွေက မှိတ်တုတ်မှိတ်တုတ် နဲ့ မှုံကုတ်ကုတ်အလင်းရောင်အောက် မှာ

မိန်းကလေးတစ်ယောက်တည်း ကြောက်စိတ်ကို ချိုးနှိမ်ထားရင်းခပ်သွက်သွက်ကလေး လျောက်သွားတုန်း

အိမ်သာကို လှမ်းမြင်နေရတဲ့အချိန်မှာ သူလမ်းလျောက်နေတုန်းခေါင်းပေါ်တည့်တည့်ကနေ

တစ်စုံတစ်ယောက်က ရေကို ပုံးလိုက် လောင်းချလိုက်သလို “ ဝရော….ဝုန်း ” ဆိုတဲ့ ရေတွေ ပြိုဆင်းလာသံကို

သေချာကြားလိုက်ရတော့တယ်… ၊ ရေသံကြားတော့ တစ်ကိုယ်လုံးရေရွှဲရွှဲဆိုလောက်တဲ့ ပမာနမှန်းသိပြီးသားမို့

ချက်ချင်း လက်နဲ့ ခေါင်းပေါ်ကို ကာမိုးလိုက်ရင်း မျက်စိကိုမှိတ်ထားပြီး တစ်ကိုယ်လုံးလည်း

ကြမ်းပြင်နဲ့ကပ်နေအောင် ဝပ်တွားလိုက်မိတယ်…ပါးစပ်ကလည်းအာမေဋိတ်သံလေးတစ်ချက်

ထွက်သွားလိုက်မိတယ် ။

ခဏလေးဆိုပေမယ့် သူမတစ်ကိုယ်လုံး ချွေးတွေမနည်းထွက်လာတယ်…

တစ်ကိုယ်လုံးပေါ်ရေလောင်းချသံကို ပီပီပြင်ပြင်ကြီးကြားလိုက်ရပေမယ့်

ကိုယ်ပေါ် ရေတစ်စက်လေးတောင် ကျမလာတာကတော့အရမ်းအံသြစရာကောင်းနေပြီ ၊

အဲ့အချိန်မှာပဲ လှမ်းမြင်နေရတဲ့အိမ်သာရဲ့ တံခါးချပ်က တစ်ယောက်ယောက်တွန်းဖွင့်လိုက်သလို

“ ကျွီ…. ” ဆိုတဲ့အသံကြီးနဲ့အတူ ပွင့်လာပါလေရော…. ၊ ဘာပြောကောင်းမလဲ

မိုးမြင့်သော်လည်း ခြေကုန်သုတ်ပြီးအိပ်ခန်းဆီကိုအမြန်ပြေး… ၊ ဆောင်ကို

ခေါင်းအထိလုံနေအောင် ခြုံထားရင်း တစ်ညလုံး ထိတ်ထိတ်လန့်လန့်နဲ့ မိုးလင်းလာခဲ့ရတယ် ။

အဲ့ဒီနောက်ပိုင်း ညဘက်တွေ တစ်ခြားသူငယ်ချင်းတွေ ဖဲခိုးကစားတဲ့အခါလည်း

မိုးမြင့်သော် စိတ်ဝင်တစားဝင်ကြည့်ဖြစ်တယ်… ၊အကြည့်ကောင်းလို့လည်း ညဘက် ကင်းလှည့်တဲ့

ဆရာမတစ်ယောက်က ဖဲခိုးကစားနေတာကိုမြင်ပြီး တစ်ဖွဲ့လုံးကို ပြင်းပြင်းထန်ထန် ဒဏ်ပေးတဲ့အခါ

မိုးမြင့်သော်ပါအစစ်ပါသွားခဲ့သေးတယ်လေ…. ။

သူတို့အဆောင်ကြီးရဲ့ထူးခြားချက်တွေကတော့အများကြီးပါပဲ… ၊

သူတို့အဆောင်တစ်ခုတည်းလားဆိုရင် မဟုတ်ပါဘူး ကျန်တဲ့အဆောင်တွေမှာလည်း

အလားတူ ဖြစ်ရပ်ဆန်းတွေအများကြီး မကြာမကြာ ဖြစ်တယ်လို့ ကြားဖူးခဲ့တယ် ၊

နောက်…သူတို့အဆောင်သူတွေအားလုံးအတူတူကြုံရတဲ့အဖြစ်အပျက်လေးတစ်ခုလည်း

ရှိသေးတယ်… ၊အဲ့ဒါကတော့အဆောင်ရှေ့က ဂစ်တာသံလေး…. ။

ဂစ်တာသံလေးက နားဝင်ချိုပြီးအရမ်းကိုသေသပ်လှပလောက်တဲ့ လက်ပိုင်ရှင်တစ်ယောက်တီးနေမှန်း

ဂီတအကြောင်းနားလည်တဲ့ ဂစ်တာတီးကျွမ်းတဲ့ မိုးမြင့်သော် ကောင်းကောင်းသိနေတယ်… ၊

အဆောင်မှာ ညဘက် ၁၂နာရီ နဲ့ ၁နာရီကြားဆိုရင်အဲ့ဒီ့ ဂစ်တာသံကိုအလန်းပေးစက်တစ်ခုလို

ပုံမှန်ကိုကြားနေရတတ်တယ်… ၊ ကြားနေရတဲ့နေရာကအဆောင်အပြင်ဘက်အုတ်ခုံလေးဆီက…

လှမ်းကြည့်လိုက်ရင်လည်း ဘယ်သူ့ကို မတွေ့ရတတ်ဘူး… ၊ ညတိုင်းကို တစ်ရက်မှ မပျက်မကွက်

ည ၁၂နာရီနဲ့ ၁နာရီကြားမှာ ပုံမှန်ကြားနေရဆဲပဲ… ၊ ဂစ်တာပိုင်ရှင်က လူမဟုတ်မှန်းတော့

အဲ့ဒီအဆောင်ကအဆောင်သူတွေအပြင် ဆရာ ၊ ဆရာမတွေပါ ကောင်းကောင်းသိထားကြပါတယ် ၊

အဆောင်မှာ ခြောက်လန့်မှုတွေထဲက ဒီဂစ်တာသံကတော့ ကြောက်စရာမကောင်းဆုံး

ခြောက်လန့်မှုပဲလို့ပြောလို့ရတယ် ၊ သံစဉ်အလိုက်က ခင်မောင်တိုး တို့ခေတ်ကလို

သီချင်းအမျိုးအစားထဲက သီချင်းအေးအေးလေးတစ်ပုဒ်ပဲ ၊အဲ့တစ်ပုဒ်တည်းကိုပဲ

ညတိုင်းအချိန် ၁၂နာရီနဲ့၁နာရီကြားမှာ တီးခတ်သံကြားရတယ်… သီချင်းတစ်ပုဒ်လုံး

တီးပြီးသွားရင်အဲ့အသံပျောက်သွားတယ် ၊ နောက်နေ့ ၁၂နာရီလောက်ဆို ပြန်ပြန်ကြားနေရတတ်တယ် ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အဖြစ်အပျက်တွေကတော့အဆောင်မှာကြုံခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေပါပဲ ၊

ဒီအဖြစ်အပျက်တွေကအစစ်အမှန်ဟုတ်မဟုတ်ကတော့ ကိုယ်တိုင်ချင့်ချိန်ပြီးမှ ယုံသင့်

မယုံသင့် စဉ်းစားနိုင်မှာပါ… ၊ ကျွန်တော့်အတွက်တော့ မိုးမြင့်သော် ကြုံခဲ့တာအဖြစ်မှန်တွေဆိုတာ

တထစ်ချယုံပြီးသား… ၊ ဘာလိုလဲဆို ဒီမိန်းကလေးက မုသားမသုံးတတ်တဲ့သူမို့လေ ၊

ဒါပေမယ့် တစ်မျိုးတွေးနိုင်တာက လူတွေက စိတ်ကြောင့် ချောက်ချားပြီး

တကယ်မရှိတာတွေကိုအရှိလို့ မြင်တတ်ကြတယ် ၊ ကြားတတ်ကြတယ် ၊

အဲ့လိုမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်… ၊ ကျွန်တော့်လက်ပေါ် ရေစက်တွေကျလာတာကတော့

အိပ်မက်မဟုတ်ဘူးဆိုတာအမှန်ပါ ၊အခုတောင် ကျွန်တော့်ဘေးအိမ်က သီချင်းလေးတစ်ပုဒ်ဆက်ဖွင့်နေသေးတယ်

တိုက်ဆိုင်လိုက်တာ လွန်နေပါရော့လား…. ၊ သီချင်းလေးကဘာတဲ့……

“ မာလာဆောင် ပြည်လမ်းရှေ့မှာ

ဂစ်တာသံညတိုင်းကြားတယ်…………. ”

#END

ကြိုးစားပါဦးမည် …

~ မိုးစွေ ~

စာပြီးချိန် - 12.4.2019 ( 01 : 35 Am )

#lotaya_shortstory




Some text some message..