
စောင်းတီးပညာကိုပါ ပြန်လည်ပို့ချနေသည့် တခိုင်လုံးရွှေအေးအေးမြင့်။ ဓာတ်ပုံ •အောင်ဌေးလှိုင်
"ကောက်ပင်နွယ်ပင် ထွန်ရေးပြုပြင်...ဗုံရှည်ကြီးတီးလို့ ပင် ရှေးတုန်းက သဘင်သည်၊ ဟိုရှေးတုန်းကသဘင်သည်"
ကက်တလီယာသစ်ခွပန်းသုံးပွင့်ကို ဘီးဆံပတ်ဆံထုံးကြီးမှာ ဆင့်ပန်ထားတဲ့ တခိုင်လုံးရွှေအေးအေးမြင့်ရဲ့ မြူးမြူးသွက်သွက် ကဟန်ဆိုဟန်က မြန်မာ့ရုပ်မြင်သံကြားခေတ်ဦးကာလကို မီခဲ့ဖူးသူတွေ မေ့နိုင်မယ်ဦးမယ်မထင် ပါဘူး။
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း မြန်မာ့ရုပ်မြင်သံကြားကအငြိမ့်အစီအစဉ်လွှင့်တဲ့အခါ လူရွှင်တော်လေးမောင်၊ စွတ်ပရား၊ ဆိုနီ၊ မိုးကျော်နဲ့ ဈေးသည်ကြီး ဆန်နီတို့ရဲ့ ပြက်လုံးတွေနဲ့ တခိုင်လုံးရွှေအေးအေးမြင့်ရဲ့ ကဟန်တွေကို တီဗီဖန်သားပြင်ရှေ့အချိန်ပေးစောင့်ကြည့်ခဲ့ဖူးတဲ့ ပရိသတ်တွေ ရှိခဲ့ဖူးပါတယ်။
မြန်မာ့ရုပ်မြင်သံကြားက တင်ဆက်တဲ့ တခိုင်လုံးရွှေအငြိမ့်ကိုအစွဲပြုပြီး တခိုင်လုံးရွှေအေးအေးမြင့်ရယ်လို့အမည်တွင်လာတဲ့သူဟာ နှစ်၂၀ ကျော်ကြာအငြိမ့်က လာခဲ့ပြီး ၂၀ဝ၄ ခုနှစ်မှာတော့အငြိမ့်ခွင်ထဲကနေ စတင်အနားယူသွားခဲ့ပါတယ်။
ရုပ်မြင်သံကြားပရိသတ်တွေရဲ့အချစ်တော် တခိုင်လုံး ရွှေအေးအေးမြင့်ကိုအငြိမ့်စင်မြင့်တွေမှာ မမြင်မတွေ့ရတော့ပေမဲ့ သူဟာ မျိုးဆက်သစ်လူငယ်တွေကို စောင်း၊ ပတ္တလား၊ ရုပ်သေးနဲ့ မြန်မာ့ရိုးရာအကကို သင်ကြားပေးနေ တဲ့ ဆရာတစ်ဦးအဖြစ် တစ်ကျော့ပြန် မြင်တွေ့ရပါတယ်။
မြန်မာ့ရိုးရာအကကို "က"ချင်သူ၊ မြန်မာ့ရိုးရာတူရိယာ တွေကို တီးမှုတ်လေ့လာချင်သူ နိုင်ငံခြားသားနဲ့ မြန်မာလူငယ်တွေက ရန်ကင်းမြို့နယ်၊ ရန်အောင်လမ်းသွယ်(၃)ထဲက သူ့နေအိမ်ကို ရောက်လာတတ်ကြပါတယ်။
ဒါပေမဲ့ မြန်မာ့ရိုးရာအကနဲ့ တူရိယာကို လေ့လာချင်သူအများစုက နိုင်ငံခြားသားတွေ ဖြစ်နေတာကိုတော့ သူကအားမရလှပါဘူး။
"မြန်မာပြည်ကိုလာရင် မြန်မာစကား၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို လေ့လာကြပါလို့ သူတို့ကို သင်လွှတ်လိုက် လားတော့ မသိဘူး၊ လာသမျှ နိုင်ငံခြားသားတွေက မြန်မာစကားနဲ့ မြန်မာ့တူရိယာကို ထဲထဲဝင်ဝင် လိုက်စားကြတာကို တွေ့ရတယ်။ ရုပ်သေးဆိုရင်လည်း ရုပ်သေးလုပ်တဲ့အလုပ်ရုံ၊ စောင်းဆိုလည်း စောင်းလုပ်တဲ့အလုပ်ရုံအထိ သွားလေ့လာကြတယ်" လို့ မြန်မာ့ရိုးရာအက၊ စောင်း၊ ပတ္တလားနဲ့ ရုပ်သေးပညာကိုအစ်မတွေနဲ့အတူ သင်ကြားပေးနေတဲ့ တခိုင်လုံးရွှေအေးအေးမြင့်က ပြောပါတယ်။
တခိုင်လုံးရွှေအေးအေးမြင့်ဟာ ဆိုင်းလောကရဲ့ ဘုရင်တစ်ပါးအဖြစ် တင်စားခံရသူ နေမျိုးဗလကျော်သူရွာစားဘွဲ့ရ ဆိုင်းဆရာကြီးစိန်ဗေဒါရဲ့ မြေးဖြစ်ပြီး ဆိုင်းဆရာကြီးဦးစိန်လှမောင်ရဲ့ သမီးအငယ်ဆုံး ဖြစ်ပါတယ်။
အသက်ခုနစ်နှစ်အရွယ်ကတည်းက ရန်ကုန်ပန်တျာ ကျောင်းက ဆရာမကြီး ယုဝတီဒေါ်ခင်ညွန့်ဆီမှာအကပညာသင်ယူရင်းအကဝါသနာထုံသူတစ်ဦး ဖြစ်လာ ပါတယ်။
အဘိုးစိန်ဗေဒါက ကမ်းခဲ့တဲ့အနုပညာအမွေကို မပျောက်ပျက်စေရအောင် ဖခင်ဖြစ်သူ ဆိုင်းဆရာကြီးဦးစိန်လှမောင်ဟာ သားသမီးခုနစ်ယောက်စလုံးကို မြန်မာ့ရိုးရာ စောင်း၊ ပတ္တလားနဲ့ ဆိုင်းပညာကို ကလေးဘဝကတည်းက သင်ကြားပေးပါတော့ တယ်။
အခမ်းအနားတွေမှာအဖေနဲ့ ညီအစ်ကိုမောင်နှမတွေက တီးမှုတ် သီဆိုကြစဉ်မှာအေးအေးမြင့် ကလေးက တပင်တိုင်အကကို မြူးမြူးြွကကြကကာ တက်ညီလက်ညီ တင်ဆက်ခဲ့ရင်းအငြိမ့် လောကမှာအခြေချဖို့အကြောင်းဖန်လာပါတယ်။
သူ့အသက် ၁၆ နှစ်သမီးအရွယ်ရောက်တော့ မြန်မာ့ရုပ်မြင်သံကြား စပေါ်လာပါတယ်။ မြန်မာ့ရုပ်မြင်သံကြား စမ်းသပ်ကာလမှာ ဦးစိန်လှမောင်မိသားစုဆိုပြီး ဖျော်ဖြေရေးအစီအစဉ်အနေနဲ့ ထည့်သွင်းရိုက်ကူးတဲ့အတွက်အစီအစဉ်ရဲ့ ကလေးအငြိမ့်ကဏ္ဍမှာ သူ့ရဲ့ တပင်တိုင်အကနဲ့ တင်ဆက်ခွင့်ရခဲ့ပါတယ်။
ဆယ်ကျော်သက်အရွယ်အေးအေးမြင့်ရဲ့ ကကျိုးကဟန်တွေကို ရုပ်မြင်သံကြားအဖွဲ့က လူကြီးတွေက သဘောကျပြီး လူရွှင်တော်ကောင်းကောင်းတွေနဲ့အငြိမ့်တွဲကရင် ကောင်းမှာလို့ ဖခင်ဖြစ်သူကို ကမ်းလှမ်းတော့ ရုပ်မြင်သံကြားမှာ တခိုင်လုံးရွှေအငြိမ့်ရယ်လို့ဖြစ်လာပြီးအေးအေးမြင့်လေးဟာလည်းအသက် ၁၈ နှစ်အရွယ်မှာပင် တခိုင်လုံးရွှေအေးအေးမြင့် ဖြစ်လာခဲ့ပါတယ်။
တခိုင်လုံးရွှေအငြိမ့်ထဲမှာ သူနဲ့တွဲပြီး ပြက်လုံးပျက်ခွင့် ရသူတွေကတော့ တက္ကသိုလ် ကျောင်းသားလေးတွေဖြစ်တဲ့ ညောင်ညောင်နဲ့ ချစ်စု ဖြစ်ပါတယ်။ တခိုင်လုံးရွှေအောင်မြင်လာတော့ လေးမောင်၊ စွတ်ပရား၊ ဆိုနီ၊ မိုးကျော်နဲ့ မေတ္တာတို့လို နာမည်ကြီးလူရွှင်တော်တွေနဲ့တွဲပြီး တင်ဆက်ခွင့်ရလာခဲ့ပါတယ်။
ဆယ်ကျော်သက်အရွယ်မှာပဲ မန်းတောင်ရိပ်ခိုသီချင်းမှာ ရုပ်ရှင်မင်းသားကြီး ဝင်းဦးကဆို သူက ]က}ပြီး ပရိသတ်ရင်ကို လှုပ်ခတ်စေခဲ့ပြန်ပါတယ်။
၁၉၈၉ ခုနှစ်က မြန်မာပြည်မှာ ပြဇာတ်တစ်ခေတ်ဆန်း လာချိန်မှာတော့ ဝဇီရာရုပ်ရှင်ရုံမှာ "ဂုဏ်တုဂုဏ်ပြိုင်" ၊ "ရူပမာလာနဲ့ကျော်စံကေး"၊ "ယောက္ခမရိုသေအသက်ရှည်"လို ပရိသတ်ရင်ထဲ မှတ်မှတ်ထင်ထင်ရှိခဲ့ဖူးတဲ့ ပြဇာတ်တွေမှာ ကပြဖို့ ကမ်းလှမ်းခံရတဲ့အတွက် တိုတောင်းပေမဲ့အောင်မြင်ခဲ့တဲ့ ပြဇာတ်ခေတ်တစ်ခေတ်မှာ သူ ဝင်ပါခဲ့ရပြန်ပါတယ်။
နှစ် ၂၀ လုံးလုံးအငြိမ့်ကခဲ့ပြီး သူ့အမျိုးသား ကွယ်လွန်သွားတဲ့ ၂၀ဝ၄ ခုနှစ်အချိန်ကစလို့အငြိမ့်ရပ်နားပြီး မင်္ဂလာဆောင်နဲ့အလ·တွေမှာ သီချင်းတွေလိုက်ဆိုရင်း မြန်မာ့ရိုးရာအက၊ စောင်း၊ ပတ္တလားနဲ့ ရုပ်သေးပညာသင်ပေးတဲ့အလုပ်ကို စခဲ့ပါတယ်။
ရုပ်သေးပညာကိုတော့ ၁၉၉၀ ဝန်းကျင်လောက်ကအခမ်းအနားတွေမှာ ပွဲစခါနီးထိ ရုပ်သေးပညာရှင်က ရောက်မလာတဲ့အတွက် ဒီပညာကို ငါသင်မှရမယ်ဆိုတဲ့ စိတ်နဲ့ စသင်ရင်းနဲ့ တတ်မြောက်ခဲ့တာဖြစ်ပါတယ်။
"ရုပ်မြင်သံကြားအငြိမ့်ခေတ်စားနေချိန်မှာအကကို ဝါသနာပါလို့ သင်ချင်ကြတဲ့ ကလေးတွေချည်းပဲ။ ကလေးတွေက လေးတန်းလောက်ကတည်းကနေ ၁၀ တန်းအောင်တဲ့အထိ သင်သွားကြတယ်။ ဆရာမနဲ့ဆိုရင် သူငယ်ချင်းလို ကျောင်းအိပ်ကျောင်းစား သင်သွားသူတွေချည်းပဲ။အခုခေတ်ကျတော့ တစ်ပွဲတိုး ဖြစ်လာတယ်။ မော်ဒယ်လေး တွေဆို နိုင်ငံခြားမှာအလှမယ်ပြိုင်ပွဲ သွားပြိုင်ရမယ်ဆိုပြီး တစ်ပုဒ်လောက်ပဲ လာသင်ကြတယ်။အချိန်ကလည်း တစ်ပတ် ၁၀ ရက်ပဲ ရကြတယ်" လို့ သူကပြောပါတယ်။

သင်တန်းသူ တစ်ဦးအားအကသင်ပေး နေစဉ်။ ဓာတ်ပုံ -•အောင်ဌေးလှိုင်
သင်တန်းမှာတော့ နိုင်ငံခြားမှာ ကျောင်းသွားတက် ကြမယ့် နိုင်ငံတကာကျောင်းတွေက ကလေးတွေလည်းအကနဲ့ ရိုးရာတူရိယာကို စိတ်ဝင်တစား သင်ယူကြပါတယ်။
"အပြည်ပြည်ဆိုင်ရာကျောင်းက ကလေးတွေကျတော့ လည်းအမြော်အမြင်နဲ့ သင်တယ်။ နိုင်ငံခြားမှာ ကျောင်း သွားတက်ရင် မြန်မာလူမျိုးဖြစ်တဲ့အတွက် မြန်မာ့ရိုးရာ တူရိယာတွေ တီးမှုတ်တတ်လားလို့ မေးခံရတယ်။ စန္ဒရားနဲ့ တယောထိုးတတ်ပါတယ်ဆိုရင်အထင်မကြီးကြပါဘူး။ နိုင်ငံခြားတူရိယာတွေ ဖြစ်တဲ့အတွက်ပါ။ စောင်းတီးတတ် တယ် ရုပ်သေးဆွဲတတ်ပါတယ်ဆို လက်ခံတယ်။ ဒါကြောင့် နိုင်ငံတကာကျောင်းက ကလေးတွေက ကိုးတန်း ဆယ်တန်းကတည်းက ဒီမှာလာပြီး ပညာလာသင်ယူတာ" လို့ သူကပြောပါတယ်။
မြန်မာ့ရိုးရာတူရိယာတွေကို စိတ်ဝင်တစားသင်ယူကြတဲ့ နိုင်ငံခြားသားတွေက နှစ်ကာလအကြာကြီး လာသင်ယူကြပြီး စောင်းကြိုးတပ်တာ၊ စောင်းကြိုးညှိတာကအစ ထဲထဲဝင်ဝင် လေ့လာကြတယ်လို့ သူကပြောပါတယ်။
"ဂျပန်မလေး တစ်ယောက်ဆိုရင် "လက်ရည်တပြင်တည်း"၊ "အောင်စေပိုင်စေ"၊ "စိန်ခြူးကြာညောင်"၊ "မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း" လို မြန်မာသီချင်းကြီးတွေကို စောင်းနဲ့အပုဒ် ၂၀ လောက် တီးတတ်သွားတယ်။ ဆရာမတို့ပညာကို သူတို့က ယူနိုင်တယ်"လို့ သူကပြောပါတယ်။
တူရိယာနဲ့ ရုပ်သေးပညာသင်ကြားရေးက သူ့အတွက် ခက်ခဲတယ်ရယ်တော့ မဟုတ်ပါဘူး။ သူအသက် ၁၀ နှစ်အရွယ်မှာ သူ့ဖခင်ဆီမှာ ပညာလာသင်တဲ့ ဆေးကျောင်းသူတွေ နဲ့ လူကုံထံတွေကို သူကပဲ ကပြရင်းအဖေ့ရဲ့လက်ထောက်အဖြစ် ကူညီသင်ကြားပေးခဲ့တဲ့အတွေ့အကြုံတွေက စာပြန်သင်ရာမှာအထောက်အကူအများကြီး ရခဲ့ပါတယ်။
"ဟိုတလောတုန်းက ဆရာမဆီမှာ မော်ဒယ်လေး တစ်ယောက် လာတယ်။ သူက နယ်ကလာပြီးအဆောင်မှာ နေတယ်။ သူ့အဆောင်မှာ စောင်းကို ဖွက်ထားရတယ်။ သူငယ်ချင်းတွေက စောင်းမသင်ဘဲ ဂီတာသင်ပါလား ဆိုပြီး ဝိုင်းလှောင်တယ်။ သူတို့စိတ်ထဲမှာ မြန်မာ့ရိုးရာတူရိယာကိုအထင်မကြီးကြတော့ဘူး။ ကိုရီးယားနန်းတွင်း ကားတွေမှာ သူတို့အဝတ်အစား၊ ရိုးရာတူရိယာတွေကို ဂုဏ်ယူတင်ဆက်တာပဲ။ ကင်ချီ ြွကားတယ်။ ရိုးရာဝတ်စုံတွေကို ြွကားတယ်။ ဒါတွေကိုအတုယူရမယ်။ မြန်မာလူမျိုး တွေအနေနဲ့လည်း ကိုယ့်ရဲ့ရိုးရာကို ဂုဏ်ယူသင့်တယ်" လို့ သူက ပြောပါတယ်။
မင်္ဂလာဆောင်တွေမှာ မြန်မာ့စောင်းကို ပွဲထုတ်နေသေးတဲ့အတွက် တစ်ခုအားတက်စရာဖြစ်ပြီး ယဉ်ကျေးမှုတက္ကသိုလ်ပေါ်လာတဲ့အတွက်လည်း မြန်မာ့ရိုးရာတူရိယာတွေကို စိတ်ဝင်စားမှု ပြန်လည်မြင့်တက်လာပါတယ်။
အဘိုးစိန်ဗေဒါက ပေးခဲ့တဲ့အမွေကို သူ့ရဲ့တစ်ဦးတည်းသော သားဖြစ်သူကိုလည်း လက်ဆင့်ကမ်းထားပြီ ဖြစ်ပြီး သားဖြစ်သူက စောင်းနဲ့ပတ္တလားအပြင် ဗုံနဲ့ လင်းကွင်းကိုပါ ကျွမ်းကျွမ်းကျင်ကျင် တီးခတ်တတ် ပါတယ်။