
တောင်ကိုးရီးယား နာမည်ကျော်အက်ရှင်မင်းသားကြီး မာဒုံဆော့ဟာဆိုရင် The Gangster, The Cop, The Devil ဇာတ်ကားနဲ့အတူ ပရိတ်သတ် စိတ်ဝင်စားမှုအများအပြားရရှိထားတဲ့ မင်းသားတစ်လက် ပဲဖြစ်ပါတယ်။ မာဒုံဆော့ ဟာ 1971, မတ်လ ၁ ရက်နေ့မှာ မွေးဖွားပြီးအသက်ကတော့ ၄၈ နှစ်ရှိသွားပါပြီ။
တောင်ကိုးရီးယားမှာ မာဒုံဆော့ဆိုတဲ့ နာမည်နဲ့ သရုပ်ဆောင်လုပ်ပြီးအမေရိကန်၊ ဟောလိဝုဒ်မှာတော့ Don Lee ဆိုတဲ့ နာမည်အောက်မှာအလုပ်လုပ်ပါတယ်။ မာဒုံဆော့ ဟာ နာမည်က မာနဲ့ စတာမို့ မျိုးရိုးနာမည်က မာလို့ ထင်မှတ်ခဲ့ကြပေမယ့် ဒါကအမှန်မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ မျိုးရိုးနာမည်ကတော့ လီဖြစ်ပါတယ်။ နာမည်အရင်းက လီဒုန်ဆော့ပါ။အမေရိကန်လို နာမည်အရင်းက Don Lee ဖြစ်ပါတယ်။
မာဒုံဆော့ဟာ ကိုးရီးယားလူမျိုးဖြစ်တာကြောင့် လူတော်တော်များများက ကိုးရီးယားနိုင်ငံသားလို့ ထင်မှတ်ကြပေမဲ့အမှန်ကအမေရိကန် နိုင်ငံသားတစ်ဦးဖြစ်နေပါတယ်။ မာဒုံဆော့အသက် ၁၉ နှစ်အရွယ်မှာ မိဘများကအမေရိကန်နိုင်ငံသို့ ပြောင်းရွေ့နေထိုင်ခဲ့ပြီး နိုင်ငံသားအဖြစ်ခံယူခဲ့ကြပါတယ်။ ဆယ်နှစ်အကြာမှာ တောင်ကိုးရီးယားကို ပြန်လာခဲ့ပြီး သရုပ်ဆောင်အလုပ်ကို စတင်ခဲ့ပါတယ်။
၂၀၀၅ မှာရိုက်ကူးတဲ့ Heaven’s Soilders ရုပ်ရှင်ကားမှာအရံအနေနဲ့ ပါဝင်ပြီး ပရိတ်သတ် သတိထားမိလာပါတယ်။
The Neighbour, Nameless Gangster:Rules of The Time ,The Unjust တို့ဟာအရံသရုပ်ဆောင် မာဒုံဆော့ကို ပရိတ်သတ် သတိထားမိလာစေတဲ့ ဇာတ်ကားတွေပါပဲ။
၂၀၁၃ ခုနှစ်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့မင်းသမီး ဂျန်ဂျာယွန်းအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်မှာအဓိကဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားက ကိုးရီးယားပြည်သူတွေအကြား ဂယက်အကြီးကြီးထခဲ့ပါတယ်။ သရုပ်ဆောင် ဂျန်ဂျာယွန်းရဲ့အမှုမှန်ပေါ်ပေါက်အောင် စုံစမ်းပေးဖို့ ပြည်သူတွေဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
၂၀၁၄ မှာ Murderer, One On One ဇာတ်ကားတို့မှာအဓိက ဇာတ်ဆောင် မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂၀၁၆ Train To Busan မှာဇနီးသည်ကိုအရမ်းချစ်တဲ့ Sang Hwaအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။
မာဒုံဆော့ဟာ Train To Busan ရုပ်ရှင်ကားကြီးနောက်ပိုင်းအဓိကဇာတ်ဆောင်အဖြစ်နဲ့သာ ပါဝင်သရုပ်ဆောင်လာရပါတယ်။
Derailed, The Bros, The Outlaws တို့က မာဒုံဆော့အဓိကဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ ကားတွေပါ။
၂၀၁၉ မေလပိုင်းမှာ The Gangster, The Cop, The Devil ဆိုတဲ့ ဇာတ်ကားဟာအရမ်းပေါက်သွားခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့အဓိကဇာတ်ဆောင်တွေအနေနဲ့ Gangster Jang Dong Soo(ဂျန်ဒုံဆူး)အဖြစ် မာဒုံဆော့၊ ရဲစုံထောက် Jung Tae Suk(ဂျောင်ထယ်ဆော့ဂ်)အဖြစ် Kim Mu Yeol(ကင်မ်မူယောလ်) , ကွင်းဆက်လူသတ်သမား Kang Kyung Ho (ကန်ဂယောင်ဟို)အဖြစ် Kim Sung Kyu တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။
The Gangster, The Cop, The Devil နဲ့အတူ ပြင်သစ်နိုင်ငံ မှာကျင်းပပြုလုပ်တဲ့ 72 ကြိမ်မြောက် Cannes ရုပ်ရှင်ပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရပါတယ်။
Cannes ရုပ်ရှင်ပွဲတော်မှာ The Gangster, The Cop , The Devil ရဲ့ဇာတ်ဝင်ခန်း ၅ မိနစ်စာ ပြသခဲ့ပြီးနောက်မှာတော့ နိုင်ငံတကာက production company တွေက မာဒုံဆော့ကို စိတ်ဝင်စားလာကြပါတယ်။ ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီ Balbo Pictures က The Gangster, The Cop , The Devil ကားကိုဝယ်ယူပြီးအမေရိကန်ဗားရှင်းနဲ့ ပြန်လည်ရိုက်ကူးဖို့ စီစဉ်ခဲ့ပါတယ်။
မာဒုံဆော့ကိုပဲ မင်းသားအဖြစ်ပြန်လည်ငှားရမ်းပြီးအမေရိကန်ဗားရှင်းနဲ့ ရိုက်ကူးသွားမှာဖြစ်ပါတယ်။
တစ်ဖန် Cannes ရုပ်ရှင်ပွဲတော်မှာပဲ မာဒုံဆော့ဟာ ကမ္ဘာကျော် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Marvel Studio ကထွက်ရှိမယ့် ရုပ်ရှင်ဇာတ်ကား“Ethernals” မှာ ပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။
Ethernals ရုပ်ရှင်မှာ ဟောလိဝုဒ် နာမည်ကျော်စတားတွေဖြစ်တဲ့ Angelina Jolie, Richard Madden, Salma Hayek တို့နဲ့အတူ တွဲဖက်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ မာဒုံဆော့ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်နာမည်ကတော့ forgetten One ပါ။ မာဒုံဆော့ ပုံစံက Avengers ထဲက Hulk လိုမျိုးအင်အားကြီးမားတာကြောင့် Ethernals ရဲ့ Hulk လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။
မာဒုံဆော့ဟာ သရုပ်ဆောင် ကျွမ်းကျင်ရုံသာမက ဇာတ်ညွှန်းရေးသားတဲ့နေရာမှာပါ ပါဝင်ကူညီလေ့ရှိပါတယ်။ သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ Deep Trap ရုပ်ရှင်ကားကြီးရဲ့ ဇာတ်ညွှန်းရေးသားတဲ့အပိုင်းမှာအဖွဲ့နဲ့အတူ ပါဝင်ကူညီဆောင်ရွက်ခဲ့ပါတယ်။
မာဒုံဆော့ ဟာ သရုပ်ဆောင်အလုပ်မစတင်ခင် Don Lee နာမည်နဲ့အတူ MMA Fighter တွေဖြစ်တဲ့ Mark Coleman, Kevin Randle Man တို့ရဲ့ နည်းပြဆရာဖြစ်ခဲ့ဖူးပါတယ်။
အချစ်ရေးအနေနဲ့ မာဒုံဆော့ လက်ရှိမှာအသက် ၁၇ နှစ်တိတိငယ်တဲ့ ချစ်သူကောင်မလေး Ye Jung Hwa (ယယ်ဂျောင်ဟွာ) နဲ့ လက်တွဲနေဆဲဖြစ်ပါတယ်။ ယယ်ဂျောင်ဟွာနဲ့ ၂၀၁၆ ခုနှစ်မှာ သမီးရည်းစားတွေဖြစ်ကြောင်းအတိအလင်းကြေညာခဲ့ပါတယ်။
အချစ်ရေးမှာချစ်သူနဲ့အခွင့်အရေးရှိရင် လက်ထပ်ချင်တယ်ဆိုပေမဲ့အချိန်မပေးနိုင်သေးတာကြောင့် မဖြစ်နိုင်သေးဘူးလို့ မာဒုံဆော့ရဲ့အေဂျင်စီကပြောပါတယ်။
မာဒုံဆော့ဟာ တောင်ကိုးရီးယားအနုပညာလောကမှာ တိကျသေချာပြီးအလုပ်ကြိုးစားတဲ့ သရုပ်ဆောင်အဖြစ် နာမည်ကြီးသူတစ်ဦးပါ။အရံသရုပ်ဆောင် မာဒုံဆော့ ကနေအောင်မြင်တဲ့ ဟောလိဝုဒ်သရုပ်ဆောင် Don Lee ဖြစ်လာပါပြီ။ သူပါဝင်သရုပ်ဆောင်ထားတဲ့ Ethernals ရုပ်ရှင်ကားကြီးဟာ လာမယ့် ၂၀၂၀ နိုဝင်ဘာ ၆ ရက်နေ့မှာ စတင်ပြသသွားမှာဖြစ်ပါတယ်။ Ethernals မှာ forgetten Oneအဖြစ်မြင်တွေ့ရမယ့် မာဒုံဆော့ကို ဘယ်လိုပုံစံနဲ့ မြင်တွေ့ရမယ်ဆိုတာ စိတ်ဝင်စားစရာပါပဲ။
(ပိုပိုလေး)