
နာမည်ကျော် ခေတ်ပြိုင် ရသ စာရေးဆရာများ
စာရေးဆရာတွေကအကြောင်းအရာစုံကို စိတ်ဝင်စားစရာဖြစ်အောင် ပုံစံအမျိုးမျိုးနဲ့ သူတို့ခံစားရသမျှ စာတွေရေးသားရင်း စာဖတ်ပရိသတ်တွေကို ကိုယ်စီဆွဲဆောင်နေကြတာ ခေတ်အဆက်ဆက်ပါ။
Loading...
Your Brand HereYour Brand HereYour Brand Here
ပတ်ဝန်းကျင်အနေအထား၊ လူမှုအဆင့်အတန်း၊ ပညာရေး၊ စီးပွားရေးနဲ့ ခေတ်မီနည်းပညာအသုံးပြုမှုတွေ၊ ကုန်ပစ္စည်းတွေဟာ စာရေးဆရာတွေရေးသားသမျှ ဝတ္ထုအပါအဝင် စာပေအမျိုးအစား တွေမှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံ၊ လူမျိုး၊ ဘာသာ၊ သဘာဝသယံဇာတတွေကို စာတွေထဲမှာ ဖော်ကျူးရေးသားမြဲဖြစ်တဲ့ မြန်မာနိုင်ငံက စာရေးဆရာတချို့ကို ဖော်ပြလိုက်ပါတယ်။
၁။ သင့်လူ
ဒီ ခေတ်ပြိုင်ဘာသာပြန်စာရေးဆရာက ဆရာဝန်တစ်ယောက်ပါ။ ဒါပေမဲ့ ဆေးပညာကိုပဲအသားပေးတဲ့ နိုင်ငံတကာဝတ္ထုတွေကို ချည်း ဘာသာပြန်တာတော့ မဟုတ်ပါဘူး။အဖိအဖော့အလှောင်အချော့တို့နဲ့ စကားပြော စာရေးသားတဲ့နည်းနဲ့အများဆုံးဘာသာ ပြန်တဲ့ စာရေးဆရာဖြစ်ပြီး သူ့ပရိသတ်ကို ဘယ်တော့မှ ငြီးငွေ့မသွားအောင်အရေးအသားတွေနဲ့ ဆွဲဆောင်ထားသူပါ။ လက်ရှိအချိန်ထိနာမည်ကျော် ဝတ္ထုစာအုပ်ပေါင်း ၂၀ ကျော် ဘာသာပြန်ဆိုထုတ်ဝေခဲ့ပြီး 'ကျားဖြူ'၊ 'သားသတ်လွတ်သမ'၊'အတ္တလန္တိတ်ရှာပုံတော်' ၊ 'မီဆိုဟင်းရည်' စသဖြင့် စာအုပ်အားလုံးက လူကြိုက်များပါတယ်။
၂။ ပါစကယ်ခူးသွယ်
တကယ်တော့ ဒီ ကယန်းတိုင်းရင်းသား စာရေးဆရာက သူ့တစ်သက်တာမှာ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိလို ဝတ္ထု စာအုပ်တစ်အုပ်ပဲ ထုတ်ဝေခဲ့ပြီး ဘယ်အချိန်ဖတ်ဖတ် ရိုးမသွားတဲ့အဲဒီစာအုပ်ကြောင့် နာမည်ကျော်သူပါ။ "From the Land of Green Ghosts: A Burmese Odyssey" စာအုပ်ကို ၂၀ဝ၂ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီးအဲဒီစာအုပ်နဲ့ Kiriyama ဆုလည်း ရရှိထားပါတယ်။ ဒီစာအုပ်ကိုပဲ စာရေးဆရာ သင့်လူက 'အိုဘယ့်အစိမ်းတို့မြေ' ဆိုတဲ့နာမည်နဲ့ ဘာသာ ပြန်ရေးသားခဲ့ပြီး တော်လှန်ရေးကျောင်းသားတစ်ယောက်ရဲ့အနိမ့်အမြင့်ဘဝဇာတ်ကြောင်းကို တိုင်းရင်းသား ဓလေ့အယူအဆတွေ ဖြည့်စွက်ထားတာမို့ လူတိုင်းရဲ့အားပေးမှု ရရှိထားပါတယ်။
၃။ မိုးသက်ဟန်
သူကတော့ နိုင်ငံတကာစာပေရပ်ဝန်းနဲ့ မြန်မာနိုင်ငံ စာဖတ် ပရိသတ်ကို ပေါင်းကူးပေးတဲ့ တံတားတွေထဲက တစ်စင်းလို့ နာမည်ပေးခံရသူ စာရေးဆရာတစ်ဦးပါ။ ပို့စ်မော်ဒန် စာအရေးအသားတွေနဲ့ မြန်မာလူမျိုးတွေ ဖုံးကွယ်ထားလေ့ရှိတဲ့ လိင်မှုဆိုင်ရာအခင်းအကျင်းတွေကို ပွင့်လင်းမြင်သာစွာ ဘာသာပြန်ဆိုတတ်သူ လည်း ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ဘာသာပြန်ဝတ္ထု ၁၇အုပ်နဲ့ ကိုယ်တိုင်ရေးဝတ္ထု ငါးအုပ်တို့ကို ထုတ်ဝေထားပြီး 'နော်ဝေတောအုပ်'၊ 'လန်ဇာရိုတီ'၊ 'ပလက်ဖောင်း'၊ 'သိုးကျောင်းသားရဲ့အနတ္တလွင်ပြင်' စတဲ့ စာအုပ်တွေ ပါဝင်ပါတယ်။
၄။ ချမ်းမြေ့ဝင်း
မနှစ်က တစ်နှစ်လုံး 'ဂရုမစိုက်ခြင်းအနုပညာ' စာအုပ်နဲ့ လူတွေရဲ့အာရုံကို သိမ်းပိုက်သွားတဲ့ ဘာသာပြန်စာရေးဆရာပါ။ ကမ္ဘာကျော်စာရေးဆရာ Mark Manson ရဲ့ "The Subtie art of not giving a f**k" စာအုပ်ကို ဘာသာပြန်ဆိုပြီး မြန်မာပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့တဲ့ ချမ်းမြေ့ဝင်းဟာ ဆက်တိုက်ဆိုသလိုပဲ "Everything's Expected" ကို 'မျှော်လင့်ခြင်းဖတ်စာ' ၊ Eric Weiner ရဲ့ "The Geography of Bliss" ကို 'သုခမြေပုံ' ၊ Paul Hawkins ရဲ့ "The girl on the train" ကို 'ရထားပေါ်က မိန်းကလေး' ဆိုတဲ့ စာအုပ်တွေအဖြစ် ဘာသာပြန်ဆို ထုတ်ဝေခဲ့ပါတယ်။
၅။ စပယ်ဖြူနု
ဝတ္ထုတိုတွေနဲ့ မဂ္ဂဇင်းစာမျက်နှာတွေကတစ်ဆင့် စာဖတ်သူတွေရဲ့ ရင်ထဲကို ဝင်လာခဲ့တဲ့ စာရေးဆရာမတစ်ဦးဖြစ်ပြီး နူးညံ့ရိုးရှင်းတဲ့ စာအရေးအသားက ဆွဲဆောင်မှုအပြည့်ရှိနေပါတယ်။ 'ဟစ်တိုင်'အဖြစ် ရုပ်ရှင်ချစ်ပရိသတ်ကို လှုပ်ကိုင်ခဲ့တဲ့ 'လှပ်ရွေ့လွှင့်သောကမ္ဘာ' ဝတ္ထုကို ရေးသားခဲ့သူဖြစ်ပြီး 'အလွမ်းဆိုင်'၊ 'မြောက်ဖျားကအလွမ်း ရာသီ' စတဲ့ လုံးချင်းဝတ္ထုတွေကို ရေးသားထုတ်ဝေထားပါတယ်။အမျိုးသားစာပေဆုကိုလည်း ရသစာပေဆု ၂၀၁၅ ခုနှစ်နဲ့ ကလေး စာပေဆု ၂၀၁၈ ခုနှစ်တို့အတွက် သိမ်းပိုက်နိုင်ခဲ့သူတစ်ယောက်ပါ။
၆။ ချိုပိန်းနောင်
ကဗျာတွေ၊အက်ဆေးတွေနဲ့ ဝတ္ထုတိုတွေကို ပို့စ်မော်ဒန်အရေးအသားတွေနဲ့ ထူးခြားတဲ့ရှုထောင့်က တင်ပြပုံအမိုက်စားတွေကြောင့် စာဖတ်သူ (မိန်းကလေးအများစုအပါအဝင်)တွေ ကြွေကျရတဲ့ စာရေးဆရာမတစ်ဦးပါ။အက်ဆေးတွေ စုစည်းပါဝင်တဲ့ 'ဖွင့်ဆောင်းမရတဲ့ထီး' စာအုပ်က လူကြိုက်များသလို 'ဆူဆိုက် ကော်ဖီဆိုင်'နဲ့ 'လနီနီကို မြင်တဲ့လူ'စာအုပ်တွေက ချိုပိန်းနောင်ရဲ့ ရသစာပေအရေးအသားတွေကို ဥပမာသာဓကအဖြစ် ဖော်ကျူးပေးနေပါတယ်။ စာဖတ်ဝိုင်းတွေ၊ ကဗျာရွတ်ပွဲတွေကိုအားတက်သရော ပါဝင်တတ်တဲ့ စာရေးဆရာမပါ။
၇။ သူဝေး
ခေတ်ပြိုင် စာရေးဆရာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဝတ္ထုတွေက စာဖတ်သူအထူးသဖြင့် လူငယ်တွေကို စာဖတ်ဖြစ်အောင် ဆွဲဆောင်ထားနိုင်တဲ့အရေးအသားတွေ ဖြည့်စွက်ထားပါတယ်။ စကားပြောဟန်နဲ့ ရေးသားလေ့ရှိတဲ့ စာရေးဆရာ သူဝေးရဲ့ ထူးထူးခြားခြား ဝတ္ထုတွေထဲက 'နန်းတွင်းကျောင်းသား'ကလည်း တစ်အုပ်အပါအဝင်ဖြစ်ပြီး စာဖတ်အားကောင်းတဲ့ သူတွေရဲ့ဟန်အတိုင်း စကားလုံးကောင်းတွေကိုအဆင်အပြေဆုံး သုံးနှုန်းထားတဲ့ ဝတ္ထုတွေကို ဖန်တီးရေးသားနေပါတယ်။ လက်ရှိအချိန်အထိ လုံးချင်းဝတ္ထုပေါင်း ၁၅အုပ် ရေးသားခဲ့ပြီးဖြစ်ပါတယ်။
၈။ လူနေ
အတွေးအမြင်သစ်တွေကို ဝတ္ထုထဲအမြဲထည့်ရေးလေ့ရှိတဲ့ လူငယ်စာရေးဆရာ တစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်အထိ လုံးချင်းဝတ္ထုပေါင်း ၃၀ ကျော်ကို ရေးသားထုတ်ဝေခဲ့ပြီးဖြစ်သလို တချို့ကိုလည်း ရုပ်ရှင်အဖြစ် ပြောင်းလဲအသက်သွင်းခဲ့ပါတယ်။ လူနေ ၂၀၁၃ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ 'ခယဝလ'ဝတ္ထုက သူ့ရဲ့နာမည်ကျော် စာအုပ်တစ်အုပ်ဖြစ်ပြီး 'သမ္မတကြီးထံပေးစာ'အမည်နဲ့ ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် တင်ဆက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ 'ငွေစက္ကူ ၇ ရွက်' မြန်မာရုပ်သံဇာတ်လမ်းတွဲအတွက် ဇာတ်ညွှန်းရေးပေးနေပါတယ်။
၉။ သိုးဆောင်း
၂၀ဝ၀ ပြည့်နှစ် နောက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ လူငယ် စာရေးဆရာတွေထဲမှာ ခေတ်တစ်ခေတ်ကို ဦးဆောင်နိုင်တဲ့အထိ နာမည်ကျော်တဲ့ စာရေးဆရာ သိုးဆောင်းပါ။ စာချစ်သူ ပရိသတ်က သူမှသူဖြစ်တဲ့အထိအတွေးအခေါ်ကောင်းကောင်းနဲ့ ဝတ္ထုတွေရေးသားခဲ့ပြီး စုစုပေါင်း လုံးချင်း ၂၉အုပ်အထိ ရှိပါတယ်။ စာအုပ်ဆိုင်တွေရဲ့အရောင်းရဆုံးစာရင်းမှာအမြဲပါတတ်တဲ့ သိုးဆောင်းရဲ့ ဝတ္ထုတွေထဲမှာ 'ကျောင်းဆင်းချိန်' ဝတ္ထုကိုတော့ လတ်တလော ပြန်လည်ထုတ်ဝေထားပါတယ်။
၁၀။ သော်တာအေးလဲ့
သတင်းသမား၊ ကွင်းစ်လန်းနဲ့ နိုင်ငံတကာလူမှုရေးသိပ္ပံတို့မှာ ကျားမရေးရာ လေ့လာသင်ယူခဲ့သူ၊ ပြည်တွင်းအင်န်ဂျီအိုတစ်ခုမှာအလုပ်လုပ်နေတဲ့ စာရေးဆရာမ သော်တာအေးလဲ့က 'လရိပ်ပိုးမျှင်' ဝတ္ထုရဲ့ ဖန်တီးသူလည်း ဖြစ်ပါတယ်။ 'မနက်ဖြန်မှ ပြုံးတော့မယ်'၊ 'ကျန်ရစ်မြစ်'၊ 'နယ်ခြားမဲ့မိုးတိမ်' ဝတ္ထုတွေကို ရေးသားထုတ်ဝေခဲ့ပြီး လက်ရှိမှာတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုကာ စာရေးဆရာမတစ်ယောက်အဖြစ်အမေရိကန်မှာ ကျင်းပနေတဲ့ International Writing Programအစီအစဉ်မှာ ပါဝင်တက်ရောက် နေပါတယ်။