ပါရီဖက်ရှင်ပွဲမှာ မော်ဒယ်တွေဝတ်စားပြခဲ့ကြတဲ့ နောက်ဆုံးပေါ်ရေပုံးဖက်ရှင်
shwemom.com
|
2019-10-02

ပြင်သစ်ဖက်ရှင်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Nina Ricci ဟာ ဦးထုပ်၊ လက်ကိုင်အိတ်အစရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေနေရာမှာ ရေပုံးသဏ္ဍာန် ဖက်ရှင်တွေကို ဖန်တီးခဲ့ကြောင်း insider သတင်းအရ သိရပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက နွေဦး/နွေရာသီ (၂၀၂၀) ဖက်ရှင်ရက်သတ္တပတ်အတွင်းမှာ ခုလို ထူးခြားဆန်းပြားပြီး ရဲတင်းတဲ့ အဆင်အယင်ပုံစံ အမျိုးမျိုးကို ဒီဇိုင်နာတွေက ဖန်တီးပြသခဲ့ကြတာပဲ ဖြစ်ပါတယ်။


instagram/ninaricci

ဒီဇိုင်းအသစ်အသစ်တွေထဲမှာ လူတွေရဲ့အာရုံကို အဆွဲဆောင်နိုင်ဆုံးကတော့ သဲရေပုံးတွေနဲ့တောင် တူနေသေးတဲ့ Nina Ricci ရဲ့ အရွယ်လွန်ပလတ်စတစ်ပုံးတွေပဲ ဖြစ်ပါတယ်။ ၎င်းပလတ်စတစ်ပုံးတွေကို ဦးထုပ်တွေအဖြစ် အရောင်မျိုးစုံနဲ့ တွေ့မြင်ခဲ့ရတာ ဖြစ်ပါတယ်။ ဦးထုပ်အများစုကို ပလတ်စတစ်ပုံးတွေအဖြစ် တွေ့မြင်ရပေမယ့် နူးညံ့ပြီး အမွှေးပွပုံစံဦးထုပ်တွေလည်း ပါပါသေးတယ်။


instagram/ninaricci

ဦးထုပ်မဆောင်းတဲ့ မော်ဒယ်တွေကတော့ သာမန်ရိုးကျလက်ကိုင်အိတ်တွေအစား ၎င်းတို့အဝတ်အစားနဲ့ လိုက်ဖက်ညီတဲ့ ရေပုံးသဏ္ဍာန် အိတ်တွေကို ကိုင်ပြီး ထွက်လာတာကို တွေ့ရမှာပါ။ ဖက်ရှင်ပွဲအတွင်းက ဦးထုပ်တွေဟာ ပလတ်စတစ်နဲ့ တော်တော်ကြီးတူပေမယ့် လက်ကိုင်အိတ်တွေကိုတော့ သားရေကြိုးတွေနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။ အချို့မော်ဒယ်တွေကိုလည်း သုံးထောင့်သဏ္ဍာန်ကြိုးနဲ့ ဆိုင်းထားတဲ့ နေကာမျက်မှန် ဝိုင်းဝိုင်းကြီးကြီးတွေ တပ်ဆင်ထားကိုလည်း တွေ့ရပါသေးတယ်။


instagram/ninaricci

ဖက်ရှင်ရှိုးတစ်ခုလုံးမှာတော့ အဓိကအားဖြင့် အရွယ်လွန် အရွယ်အစားကြီးလွန်းတဲ့ accessory trend ကို ဖန်တီးပြသထားတာ ဖြစ်ပါတယ်။ အခုလိုဒီဇိုင်းတွေကို ဖက်ရှင်ရက်သတ္တပတ်မှာ ပြသထားပေမယ့် Nina Ricci အနေနဲ့ ဖော်ပြပါ ဦးထုပ်တွေ၊ လက်ကိုင်အိတ်တွေနဲ့ မျက်မှန်တွေကို အပြင်မှာ ထုတ်လုပ်ရောင်းချဦးမှာလား ဆိုတာတော့ သေချာမသိရသေးပါဘူး။


instagram/ninaricci

လင်းလင်း (ShweMom)





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..