အကျိုးအမြတ်အားလုံးကို လှူဒါန်းမည့် ယူရီ ရုပ်ရှင်
mmtimes.com
|
2019-12-04



ဓာတ်ပုံ – Yuri - ယူရီ ဖေ့စ်ဘွတ်စာမျက်နှာ

အကျိုးအမြတ်အားလုံးကို လှူဒါန်းမည့် ယူရီ ရုပ်ရှင်

လူငယ်မျက်နှာသစ်ဒါရိုက်တာ တစ်ဦးဖြစ်သော အာဂသူရ၏ ယူရီ Yuri အမည်ရှိ ရုပ်ရှင်ဇာတ်ကား၏ မိတ်ဆက်ပွဲကို ဒီဇင်ဘာ ၂ ရက်ညက Junction City ရှိ JCGV ရုပ်ရှင်ရုံတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကား၏ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာအာဂသူရကိုယ်တိုင် ရေးသားထားပြီး ဒီဇင်ဘာ ၁၂ ရက်မှ စတင်ကာ ရန်ကုန်နှင့်မန္တလေးရှိ JCGV ရုပ်ရှင်ရုံများတွင် ရုံတင်ပြသသွားမည်ဖြစ်ကြောင်း၊ ယင်းဇာတ်ကားမှရရှိသော အကျိုးအမြတ်များအားလုံးကို ရန်ကုန်ဆေးရုံကြီး သွေးနှင့်ကင်ဆာရောဂါဌာနမှ ကင်ဆာရောဂါဝေဒနာခံစားနေရသော ကလေးငယ်များကို လှူဒါန်းသွားမည်ဖြစ်ကြောင်း ဒါရိုက်တာ အာဂသူရက မြန်မာတိုင်းမ်ကို ပြောကြားသည်။

ယင်းရုပ်ရှင်ကို ၂ဝ၁၅ ခုနှစ်ခန့်ကတည်းက အစပြုခဲ့ပြီး ၂ဝ၁၈ ခုနှစ်တွင် အသေအချာ အချိန်ပေး ရိုက်ကူးခဲ့ကြောင်း ဒါရိုက်တာ အာဂသူရက ပြောသည်။

'' ဒီရုပ်ရှင်ကားကို ကျွန်တော်က ကျောင်းတက်နေရင်းနဲ့ ကျောင်းတစ်ဖက်နဲ့ ရိုက်ခဲ့တာပါ။ ကျောင်းတက်လိုက် ရိုက်လိုက်နဲ့ တစ်နှစ်လောက်ကြာသွားတယ်။ ကားပြီးစီးသွားတဲ့အချိန်မှာတော်တော်ပျော်တယ်။ ဒီကားဇာတ်လမ်းကိုတော့ မရိုက်ခင် နှစ် နှစ်လောက်ကတည်းက ကြိုပြီး စိတ်ကူးရခဲ့တာပါ။ ကျောင်းသားဆိုတော့ ကျောင်းနဲ့ဆိုင်တဲ့ ဇာတ်လမ်းလေးပဲပေါ့။ အမှန်အတိုင်းပြောရရင် ရုပ်ရှင်ရိုက်ဖို့ မလောဘဲနဲ့ ဇာတ်လမ်းခိုင်မာမှ ဇာတ်ကားရိုက်ဖို့ လုပ်ခဲ့တာပါ။ ကျွန်တော်တို့ အနုပညာကို အခုလို ချပြခွင့်ရရှိအောင်ကူညီပေးခဲ့တဲ့ ဦးဇင်ဝိုင်းကိုလည်း ကျေးဇူးတင်ပါတယ်'' ဟု ဒါရိုက်တာ အာဂသူရက ပြောသည်။

မိတ်ဆက်ပွဲကို မင်းသား၊ မင်းသမီး၊ မီဒီယာများအပြင် ရုပ်ရှင်အသိုင်းအဝိုင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ လာရောက်ကြည့်ရှုအားပေးခဲ့ သူများထဲမှ KMA Group of Companies ၏ ဥက္ကဌ ဦးခင်မောင်အေးက'' လူငယ်သဘာဝအတွေးအခေါ်ကို ရိုးရိုးစင်းစင်းလေးပြသွားလို့ မလေးစားဘဲမနေနိုင်ဘူး။ အစက ချာတိတ်လေးတွေ ရိုက်တာပဲ ကောင်းမှာမဟုတ်ပါဘူးလို့ အထင်သေးထားတာ။ ကြည့်ပြီးမှပဲ ကျွန်တော်တို့ လူကြီးတွေ နောက်ကျန်နေခဲ့ပြီလို့ ခံစားရတယ် '' ဟု သူ၏ အမြင်ကို ပြောသည်။

ယူရီ ရုပ်ရှင်၏ ဓာတ်ပုံပိုင်းဆိုင်ရာဒါရိုက်တာအဖြစ် မာဂသူရက တာဝန်ယူရိုက်ကူးပေးထားပြီး နောက်ခံတေးဂီတကို Ramond Phillip ခေါ် ကိုသက်ထွန်းအောင်၏ ဂန္တဝင်တေးဂီတပုံသဏ္ဍာန် စန္ဒရားနှင့် တယောသံစဉ်များဖြင့် ဖန်တီးထားသည်။

ဇာတ်ဝင်တေးသီချင်းအသစ် တစ်ပုဒ်ကိုလည်း ဒါရိုက်တာ အာဂသူရကိုယ်တိုင်ရေးစပ်ပြီး သူ၏ သူငယ်ချင်းများဖြင့် ဖွဲ့စည်းထားသော Mini Miner Music Band ဖြင့် တီးခတ်သီဆိုထားသည်။

ယူရီရုပ်ရှင်သည် စတင်ရိုက်ကူးကတည်းက ရန်ပုံငွေရုပ်ရှင်အဖြစ်ရည်ရွယ်ထားသဖြင့် ပါဝင်သရုပ်ဆောင်သူအားလုံးမှာ အခကြေးငွေမယူဘဲ မေတ္တာဖြင့် သရုပ်ဆောင်ပေးထားခြင်းဖြစ်သည်။

ဇာတ်ကား၏ အကျိုးအမြတ်အားလုံးကို ရန်ကုန်ဆေးရုံကြီးမှ ကင်ဆာဝေဒနာရှင် ကလေးငယ်များအတွက် လှူဒါန်းသွားမည်ဖြစ်သည်။

လူငယ်အချစ်ဇာတ်လမ်း ယူရီ ရုပ်ရှင်တွင် အဓိက ပါဝင်သရုပ်ဆောင်ထားသူများမှာလည်း ဒါရိုက်တာအာဂသူရ၏ ကျောင်းတက်ဖော်သူငယ်ချင်းများဖြစ်ပြီး၊ အဓိက ဇာတ်ဆောင် ဟန့်အဖြစ် Marcel ခေါ် အောင်မျိုးဝင်း ၊ ယူရီ အဖြစ် ဝင်ဒီမြတ်ထက်ထွန်းတို့က သရုပ်ဆောင်ထားကြကာ ဧည့်သည်သရုပ်ဆောင်အဖြစ် မော်ဒယ်လ်နှင့်သရုပ်ဆောင် မေမြတ်နိုးက ပါဝင်ထားသည်။




Some text some message..