မျှော်လင့်သလောက် မထူးခြားခဲ့တဲ့ "ကမ္မဖလ"
mmtimes.com
|
2020-01-09



မျှော်လင့်သလောက် မထူးခြားခဲ့တဲ့ "ကမ္မဖလ"


ကံကောင်း (ပြေတီဦး)ရဲ့ ဟားတိုက်ရယ်မောသံနဲ့ စပြီး ရယ်မောသံနဲ့ပဲအဆုံးသတ်ခဲ့တဲ့ "ကမ္မဖလ" ရုပ်ရှင်ဇာတ်ကားကြီးဟာ နှစ်ကူးပြီးနောက် မင်္ဂလာရုပ်ရှင်ရုံတွေမှာ ပထမဦးဆုံးရုံတင်ကားအဖြစ် ရုပ်ရှင်ပိတ်ကားပေါ်ကို ရောက်လာခဲ့ပါတယ်။ စာရေးဆရာကြီး တင့်တယ်ရဲ့ ဝတ္ထုကလည်းဖြစ်၊ စာရေးဆရာကြီးတွေက သွားကြည့်ပြီး "ကောင်းတယ်"လို့ မှတ်ချက်ပြုထားတဲ့အတွက် အော်လန်ဟာ ဒီကားကို ရုံမတင်ခင် ကတည်းက အထူး စိတ်ဝင်စားခဲ့ပါတယ်။

"ကမ္မဖလ" ကို ရိုက်ကူးခဲ့သူကတော့ "ငါ၊ သူတစ်ပါး ယောကျာ်း၊ မိန်းမ" ဇာတ်ကားကြီးနဲ့ ဒါရိုက်တာဆုကိုရခဲ့တဲ့ ပန်းချီစိုးမိုးပဲ ဖြစ်ပါတယ်။ ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေမှာ သွားကြည့်ဖြစ်ခဲ့တာကြောင့် "သွင်" မှာလူများမယ်လို့ထင်ခဲ့ပေမဲ့ တကယ်တမ်းမှာတော့ ရုပ်ရှင်ရုံရဲ့ တစ်ဝက် လောက်ပဲရှိတာကို တွေ့ခဲ့ရပါတယ်။

"ကံ၊ ကံ၏အကျိုးဖြစ်တဲ့ ကောင်းတာလုပ်ရင်၊ ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာပဲဖြစ်မယ်" ဆိုတဲ့ ဗုဒ္ဓဟောခဲ့တဲ့ တရားကို အသိပညာပေးရိုက်ပြထားတဲ့ "ကမ္မဖလ" ဟာRevenge Drama လက်စားချေတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

ကိုလိုနီခေတ်နဲ့ ဂျပန်ခေတ်ကို ကျောထောက်နောက်ခံ ပြုထားတဲ့ သည်ဇာတ်ကားမှာ ကျိကျိတက်ချမ်းသာသူရဲ့ မာနနဲ့ အဖိနှိပ်ခံ၊ ဆင်းရဲ မွဲတေသူတို့ရဲ့ အငြိုးအာဃာတအကြားဖြစ်ပေါ်လာရတဲ့ စိတ်အခြေ အနေတွေ၊ လက်စားချေမှုတွေကို ဒါရိုက်တာကြီး ပန်းချီစိုးမိုးက တရားနဲ့ အဆုံးသတ် ပုံဖော်ထားတာပါ။

အော်လန်ကတော့ ဒီကားကို ပြဇာတ်ဆန်တဲ့ ဇာတ်ကားအဖြစ်ပဲ မြင်ပါတယ်။ ဇာတ်ကောင်တွေကို သနားအောင်လုပ်တဲ့နေရာမှာဖြစ်စေ၊ ဗီလိန်တွေကို မုန်းအောင်လုပ်တဲ့နေရာမှာဖြစ်စေ ပြဇာတ်တွေ ထဲကအတိုင်း စကားကို အတုံးလိုက် အတစ်လိုက်ကြီးတွေ ပြောထား တာတွေက တခြားမဲပြာပုဆိုးရုပ်ရှင်တွေနဲ့ သိပ်ပြီးမခြားနားခဲ့ပါဘူး။



ဒီလိုမျိုးဇာတ်ပို့တွေက စာရွတ်သလိုရွတ်ပြီး ဇာတ်ကောင်ရဲ့ အခြေ အနေကို တင်ပြတာကတော့ ရုပ်ရှင်ကို ပြဇာတ်ဆန်စေတဲ့ အဓိကအကြောင်းရင်းလို့ မြင်ပါတယ်။ ခါတိုင်း ဇာတ်နာတဲ့ဇာတ်ကားတွေမှာ ပြောတဲ့အသုံးအနှုန်းတွေဖြစ်တဲ့"ငမွဲ"၊ "သနား"၊ "ယုတ်မာပက်စက်"၊ "ဖိနပ်ကြားက နတ်စကား"၊ "ရက်ရက်စက်စက်" ဆိုတဲ့ ကြည့်ရတဲ့ ပရိသတ်ရဲ့ရင်ကို လေးလံစေပြီး ဒီလိုအလားတူအသုံးအနှုန်း၊ ပြောစကားတွေကို ရုပ်ရှင်ထဲမှာ ဖောဖောသီသီလေး သုံးထားပါသေးတယ်။ ဝတ္ထုကိုအခြေခံထားတာကြောင့်လည်း မူရင်းရသမပျက်အောင် ထိန်းထားတာများလားလို့လည်း အော်လန်က တွေးမိပါတယ်။

ဇာတ်လမ်းအရ ထိတ်လန့်ဖွယ်ပြကွက်တွေဟာလည်း အံ့သြဖွယ်ရာ ကောင်းလောက်အောင်ပဲ အဲသည်ရသကို မခံစားမိစေခဲ့ပါဘူး။ တရား ဥပဒေနဲ့ပတ်သက်ပြီး ကိုကံကောင်း(ပြေတီဦး) ရဲ့ ပြောစကားတွေက တော့ လက်ရှိ ဆင်ဆာလွတ်လပ်မှုအခြေအနေကို ထင်ဟပ်စေပါတယ်။

နောက်တစ်ခုက ကလဲ့စားချေတာနဲ့ပတ်သက်ပြီးတော့ အော်လန် ခံစားမိတာတစ်ခုလည်း ပြောချင်ပါသေးတယ်။ ကလဲ့စားချေတယ်ဆိုတဲ့ နေရာမှာ ကလဲ့စားချေရလောက်တဲ့ အကြောင်းတရားတစ်ခု ကြီးကြီး မားမား ရှိရမှာဖြစ်ပါတယ်။

ဒီဇာတ်ကားမှာတော့ ကလဲ့စားပြန်ချေရအောင်လို့ အဘက်ဘက်က ဇာတ်မနာ၊ နာအောင် ဇာတ်ညွှန်းက အတင်းတွန်းပို့ထားသလို ဖြစ်နေ တယ်လို့ အော်လန် ခံစားမိပြန်ပါတယ်။ ပြီးတော့ ဇာတ်ညွှန်းအရ တခြားဇာတ်ပို့၊ ဇာတ်ရံတွေရဲ့ ဇာတ်ကောင်အပေါ်နှိပ်စက်မှုက ပရိသတ်တွေရဲ့ စိတ်ထဲမှာ "ပြန်ပြီးကလဲ့စားချေလိုက်စမ်းကွာ" ဆိုတဲ့ ဆန္ဒမျိုးဖြစ်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ပြီးတော့ ဇာတ်ကောင်က ကလဲ့စားချေတာ သိပ်မြန်ပြီး လွယ်နေတယ်လို့လည်း မြင်ပါသေးတယ်။

ဒီဇာတ်ကားမှာ ပြောချင်၊ ပြချင်တာ သိပ်များနေတယ်လို့လည်း ခံစားမိပါတယ်။ ဇာတ်ကောင်မရှိခင်က အခြေအနေ၊ ငယ်စဉ်အခြေအနေ၊ ကြီးလာတဲ့ အခြေအနေတွေနဲ့ တခြားအခန်းတွေကို ရိုက်ပြသွားတဲ့ အခန်းတွေများပေမဲ့ သိပ်ပြီးလောတယ်လို့ခံစားရပါတယ်၊ ကိုစိန်မောင် (မင်းမော်ကွန်း)၊ ကံကောင်း(ပြေတီဦး)နဲ့ အသန့်(စိုးပြည့်သဇင်)တို့သုံးပွင့်ဆိုင် အခြေအတင်ပြောတဲ့အခန်းကလွဲရင် အော်လန့်ရင်ထဲမှာ ထူးထူးခြားခြား စွဲလမ်းရတဲ့အခန်းတွေ၊ စကားလုံးတွေ သိပ်ပြီးမရှိခဲ့ပါဘူး။ ပြီးတော့ ဇာတ်ကောင်က အောက်ခြေကနေ အပေါ်ကိုရောက်ဖို့ကြိုးစားတာက မိဘပြောတဲ့အတိုင်း အဆင့်အတန်းမြင့်တဲ့ ရာထူးရဖို့လား၊ အမွေတောင်းဖို့နဲ့ ကလဲ့စားချေဖို့အတွက်လားဆိုတာ အော်လန်ကြည့်နေရင်း မသဲကွဲခဲ့ပါဘူး။ ဇာတ်လမ်းရဲ့အချိုးအကွေ့ အတက်အကျ ဆိုတာကိုလည်း သိပ်ပြီး ထူးထူးခြားခြားမခံစားရဘဲ တစ်ပြေးညီတည်း သွားနေသလိုမျိုးပဲ ခံစားရပါတယ်။

ပြီးတော့ ဆိုးသွမ်းတဲ့ လုပ်ရပ်တွေ၊ မကောင်းတဲ့ အကုသိုလ်လုပ်ရပ် တွေ လုပ်ခဲ့တဲ့ ဇာတ်ကောင်ကို ဒါရိုက်တာပန်းချီစိုးမိုး အရင်က အကယ်ဒမီရခဲ့တဲ့ ]ငါ၊ သူတစ်ပါး၊ ယောကျာ်း၊ မိန်းမ} ဇာတ်ကားလိုပဲ ဗုဒ္ဓဓမ္မနဲ့ ဆုံးမပဲ့ပြင်ပါတယ်။ လောကဓံရဲ့ ဖိနှိပ်မှုအမျိုးမျိုးကို ခံခဲ့ရတဲ့ အသန့်(စိုးပြည့်သဇင်)က သီလရှင်ဝတ်နဲ့ ကိုကံကောင်း(ပြေတီဦး)ကို တရားချတဲ့အခန်းမှာဆိုရင် အသန့်ဟာ သီလရှင်ဝတ်နဲ့ သိပ်အေးလွန်း၊ ငြိမ်းချမ်းလွန်းနေတာကို တွေ့ရပါတယ်။ ဖြစ်ချင်တော့ အော်လန်က လည်း ဂျာနယ်ကျော်မမလေး ရေးထားတဲ့ "ခေမာရီ" ဝတ္ထုတိုကိုလောလောလတ်လတ်လေးပဲ ဖတ်ထားပြီး မယ်သီလရှင်တွေကို တရားအားထုတ်ဖို့အပြင် စားနပ်ရိက္ခာရရှိဖို့ အပူရှိသူတွေအဖြစ် မြင်နေတာပါ။ ဒါကြောင့်မို့လို့ မယ်သီလရှင်ဝတ်နဲ့ အသန့်ကို အရမ်းအေးချမ်း လွန်းတယ်ဆိုပြီး စိတ်ထဲတစ်မျိုး ဖြစ်မိပါသေးတယ်။

ဒီဇာတ်ကားမှာ ကိုလိုနီခေတ်အပြင်အဆင်၊ အဝတ်အစားတွေကို အနီးစပ်ဆုံးဖြစ်အောင် သေသေချာချာ ပြင်ဆင်ထားတာကြောင့် ဒါရိုက်တာကြီး ပန်းချီစိုးမိုးရဲ့ ပရိသတ်တွေအပေါ်လေးစားတန်ဖိုးထားမှုများက မသေးဘူးဆိုတာကိုတော့ အော်လန်တို့ သဘောပေါက်ပါ တယ်။ ခေတ်ဟောင်းပုံစံကို မြင်ကွင်းကျယ်နဲ့ မပြနိုင်တာကလွဲရင် အဆောက်အအုံအဟောင်းနဲ့ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုတွေက ယခင်ခေတ်အခြေအနေတွေကို ထင်ဟပ်စေတာတော့ အမှန်ပါ။

ဒါပေမဲ့ မွန်လူမျိုး သူဌေးကြီးဖြစ်တဲ့ ဦးနကီ(ဇင်ဝိုင်း)ရဲ့ အိမ်ဟာ ဓာတ်ပုံနှစ်ပုံကလွဲရင် တခြားအသုံးအဆောင်၊ ဟန်ပန်အမူအရာတွေ၊ ဦးနကီရဲ့ လေယူလေသိမ်းတွေက မွန်တွေရဲ့အလေ့အထနဲ့ သိပ်မနီးစပ်ဘူးလို့ အော်လန် ခံစားမိပါသေးတယ်။

အသန့်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ စိုးပြည့်သဇင်၊ ကိုစိန်မောင်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းမော်ကွန်းကတော့ အကောင်းဆုံး သရုပ်ဆောင် တွေအဖြစ် အော်လန့်ရင်ထဲ ထင်ထင်ရှားရှားကျန်နေခဲ့ပါတယ်။

အော်လန်ကတော့ ဒီဇာတ်ကားမှာ နောက်ဆုံးအခန်းကို အကြိုက်ဆုံးပါ။ ဇာတ်လမ်းပြီးသွားသလိုလိုနဲ့ ပရိသတ်မထင်မှတ်တဲ့ အနေအထားမှာ အလှည့်အပြောင်းတစ်ခုကို ပုံဖော်လိုက်တာကိုတော့ အော်လန် အတော်သဘောကျမိပါတယ်။ ဒီအလှည့်အပြောင်းကပဲ ရုပ်ရှင်တစ်ကားလုံးရဲ့ အနှစ်ချုပ်ဖြစ်တဲ့ "ကိုယ်တိုင်ပြုလုပ်ခဲ့တဲ့ မကောင်းမှုကို အကြောင်းအမျိုးမျိုးနဲ့ မလွဲမသွေပြန်ခံစားရမယ်" ဆိုတဲ့ သဘောကို ပြသနိုင်ခဲ့တယ်လို့ မြင်ပါတယ်။

မကြိုက်ဆုံးအခန်းကတော့ အဓိကဗီလိန်တွေဖြစ်တဲ့ ဦးဒေါနတို့သားအဖကိုသတ်ဖို့ ကြိုးစားတဲ့အခန်းပါ။ ဗီလိန်တွေကို သတ်ဖို့စီစဉ်လုပ်ဆောင်တာက သိပ်လွယ်ကူပြီး ကလေးကစားသလိုဖြစ်နေတယ်လို့ အော်လန်က မြင်ပါတယ်။

ဇာတ်ကောင်တွေတိုင်းကတော့ ဒီကားမှာ ကြိုးစားအားထုတ်မှု မလျော့ခဲ့ပါဘူး။ ဒါပေမဲ့ ဇာတ်ညွှန်းကြောင့်ပဲလား၊ ပြချင်တာတွေ များသွားလို့ ဟုန်သွားတာလားဆိုတာ အော်လန့်စိတ်ထဲမှာ ဇာတ်ကား ကြည့်ပြီးသွားပေမဲ့ မတင်မကျဖြစ်မိတာကတော့ အမှန်ပါ။ ပွင့်ပွင့် လင်းလင်း ပြောရရင်တော့ ပန်းချီစိုးမိုး အရင်ကရိုက်ခဲ့တဲ့ "ငါ၊ သူတစ်ပါး ယောကျာ်းမိန်းမ" ဇာတ်ကားထက်ကို "ကမ္မဖလ"က ထူးပြီး မကော

မကောင်းခဲ့ ဘူးလို့ပဲ အော်လန်ကတော့ မြင်မိပါတယ်။

Read More



Some text some message..