မူရင်းဝတ္ထုအရသာ ပြောင်းသွားတဲ့ "မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်"
mmtimes.com
|
2020-01-15



မူရင်းဝတ္ထုအရသာ ပြောင်းသွားတဲ့ "မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်"


"ယောကျာ်းတစ်ယောက်အတွက် အချစ်ဆိုသည်မှာ ယောကျာ်းအတ္တကို စိတ်ကျေနပ်ရောင့်ရဲမှုပေးနိုင်စရာ အခိုက်အတန့် ကြားခံနယ်တစ်ခု ဖြစ်သော်လည်း မိန်းမတစ်ယောက်အတွက်တော့ အချစ်ဆိုသည်မှာ ခြေစုံပစ်ဝင်လိုက်ရသော နယ်သစ်တစ်ခုမျှသာဖြစ်သည်" ဆိုတဲ့ အဖွင့်စာမှာကိုက စာဖတ်သူကို ဖမ်းစားနိုင်ခဲ့တဲ့ "မိန်းမတစ်ယောက်၏ဖွင့်ဟဝန်ခံချက်" ဝတ္ထုဟာ ဆရာရေးဆရာမဂျူးရဲ့ အောင်မြင်ပြီး လူသိများတဲ့ ဝတ္ထုတစ်ပုဒ်ပါ။

ဒီဝတ္ထုကို နာမည်ကအစ မပြောင်းလဲဘဲ ဆရာမဂျူးကိုယ်တိုင် ဇာတ်ညွှန်းခွဲပြီး ဒါရိုက်တာမီးပွားက ပုံဖော်အသက်သွင်းထားတဲ့ "မိန်းမတစ်ယောက်၏ ဖွင့်ဟ-ဝန်ခံချက်" ရုပ်ရှင်ကတော့ ရုပ်ရှင်စပြတဲ့ ၉ ရက်နေ့ကတည်းက စာအုပ်ကို မမီဘူးဆိုတဲ့အသံတွေ ထွက်လာ ခဲ့ပါတယ်။ တကယ်တော့ ပရိသတ်ရင်ထဲရောက်ပြီးသား လူကြိုက်များ တဲ့ နာမည်ကြီးဝတ္ထုတစ်ပုဒ်ကို ရုပ်ရှင်အဖြစ် ပုံဖော်အသက်သွင်း တာဟာ အင်မတန် စိန်ခေါ်မှုများပြီး တာဝန်လည်းကြီးတဲ့ ကိစ္စပါ။

ဝတ္ထုထဲက စာသားတစ်လုံးချင်းစီတိုင်းဟာ ပရိသတ်ရဲ့ခံစားမှုကို သိမ်းယူပြီး စာဖတ်သူရဲ့မျက်လုံးထဲမှာ ပုံဖော်ပြီးသားဖြစ်နေတာမို့ ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းတဲ့အခါ စကားလုံးတွေ ဇာတ်တန်ပိုအနိမ့်အမြင့်တွေကို ဝတ္ထုအတိုင်း မပေးနိုင်ရင် ရုပ်ရှင်ဟာ ပရိသတ် ရင်ထဲရောက်ဖို့ ခက်ခဲပါတယ်။ "မိန်းမနှင့်အချစ်"၊ "မိန်းမနှင့်ပတ်ဝန်းကျင်"၊ "မိန်းမနှင့်လက်ထပ်ခြင်း"၊ "မိန်းမနှင့်အရှုံး"နဲ့ "မိန်းမနှင့်အမုန်း"ဆိုပြီး ဝတ္ထုထဲကအတိုင်း အပိုင်းလိုက်ခွဲပြီး စာတန်းထိုးကာ ပုံဖော်ထား ပေမဲ့ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုဟာ ဇာတ်နဲ့ အံဝင်ခွင်ကျ ဖြစ်မနေပါဘူး။

ဒီကားထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ ဒေါက်တာသက်နှင်းအိမ် နေရာမှာ ပိုင်ဖြိုးသုဟာ ဇာတ်ရုပ်နဲ့အံဝင်ဖို့ အတော်ကြိုးစားထား ပေမဲ့ ဥဏ်ရည်မြင့်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိကာ ထက်မြက်တဲ့ မိန်းမတစ်ယောက်ဖြစ်တဲ့ ဒေါက်တာသက်နှင်းအိမ်အဖြစ် ပီပြင်အောင် မဖန်တီးနိုင်ခဲ့ပါဘူး။ ဆရာမကြီးကြည်အေးရဲ့ "မီ"ဇာတ်ရုပ်နဲ့ အံဝင်ပြီး လိုက်ဖက်လွန်းခဲ့ပေမဲ့ "မိန်းမတစ်ယောက်၏ ဖွင့်ဟဝန်ခံချက်"ထဲက ဒေါက်တာသက်နှင်းအိမ်တော့ ဘယ်လိုမှ ဖြစ်မလာခဲ့ပါဘူး။

သရုပ်ဆောင်မင်းသမီးရဲ့ ပင်ကိုအသက်ငယ်တာကြောင့်ရော စကားပြောတဲ့အခါ တစ်ခါတစ်ခါ ကလေးတစ်ယောက်လို ခပ်ချွဲချွဲ ပြောတတ်တာရောက သက်နှင်းအိမ်ရဲ့ပုံရိပ်ကို လျော့ကျအောင် လုပ်နေသလို ဖြစ်တတ်ပါတယ်။ အပြင်အဆင်အပိုင်းမှာလည်း ဆံပင်အရှည်နဲ့ ရယ်ဒီမိတ်အင်္ကျီဗြောင်လေးတွေ ကြိုးစားပြီး ဝတ်ထားပေမဲ့ ရိုးရှင်းပြီးရင့်ကျက်တဲ့ မိန်းမတစ်ယောက်ရဲ့သွင်ပြင် ပေါ်လွင်နေတာ မတွေ့ရပါဘူး။ သရုပ်ဆောင်မှုပိုင်းမှာလည်း သက်နှင်းအိမ်ရဲ့ အချစ်ကို စကားပြောရင်း ယုမော်သိအောင် ပြမိသွားတဲ့ အခန်းမှာဆိုလည်း အေးစက်စက်မာကျောကျော သက်နှင်းအိမ်က ယုမော်ရဲ့တုံ့ပြန်မှုကို အံ့သြတွေဝေပြီး ကျန်ရစ်တာမျိုးမတွေ့ရဘဲ သူကအရင် မျက်ရည်တွေ ကျကာ ငိုယိုပြီး ထွက်သွားတာမျိုးပါ။



နှစ်ယောက် ထိပ်တိုက်တွေ့တဲ့အချိန်တွေ ချစ်သူကို ချစ်လို့လိုက်လျောတာ ပင်ကိုမာကျောမှုထဲမှာ အချစ်ကြောင့် နူးညံ့ပျော့ပျောင်းသွားတာလေးတွေကို စကားလုံးတွေနဲ့ ဆရာမဂျူးက လှလှပပ ရေးသားပြခဲ့ ပေမဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုကတော့ မျက်ရည်တွေကျလိုက် ဒေါသထွက်ပြီး ပေါက်ကွဲပြလိုက်နဲ့ ကြည့်ရတာ သိပ်အဆင်မပြေလှပါဘူး။သက်နှင်းအိမ်ဟာ ယုမော်ကို ချစ်နေတဲ့အချစ်တွေနဲ့ သူ့မာနကြားမှာ ခက်ခက်ခဲခဲ ကျော်ဖြတ်နေရတာမျိုးမဟုတ်ဘဲ ဒေါသကြီးပြီး သွေးရူး သွေးတန်းဖြစ်နေတာမျိုးဘက် ပိုရောက်နေသလိုပါပဲ။

အခန်းသိပ်အများကြီး မပါရတဲ့ ကိုအောင်နေရာမှာ သရုပ်ဆောင်တဲ့စိုင်းစည်တွမ်ခမ်းက ဇာတ်ရုပ်ထဲကအတိုင်း သန့်ပြန့်တည်ကြည်တဲ့ ဆရာဝန်တစ်ယောက်လို အဆင်တပြေ လိုက်ဖက်မှုရှိပါတယ်။ ဒါပေမဲ့သက်နှင်းအိမ်က သူ့အပြင် တခြားချစ်တဲ့သူရှိနေပြီလို့ ပြောတဲ့အခန်း မှာတော့ သိပ်ချစ်ရတဲ့သူကို လက်လွှတ်လိုက်ရတော့မှာမို့ နင့်နင့်သည်းသည်းခံစားရမယ့် သရုပ်ဆောင်မှုပိုင်းမှာ လိုအပ်နေသေးတာ တော်တော်လေးကို သိသိသာသာ တွေ့ရပါတယ်။

ဇာတ်ကားတစ်ကားလုံးမှာ အဆိုးဆုံးကတော့ ဝတ္ထုထဲကယုမော်ရဲ့ ဝတ်စားဆင်ယင်ပုံဇာတ်ရုပ်နဲ့ ဒေါင်းရဲ့ ဝတ်စားဆင်ယင်ပုံက လုံးဝ တခြားစီဖြစ်နေတာပါပဲ။ ဒီကားထဲမှာ ဒေါင်းသရုပ်ဆောင်ရတဲ့ ယုမော်ဇာတ်ရုပ်ဟာ သိပ်အရေးကြီးပါတယ်။ သက်နှင်းအိမ်လို ထက်မြက်မာကျောတဲ့ မိန်းမတစ်ယောက်လုံး အရည်ပျော်ကျတဲ့အထိ ချစ်မိသွား လောက်အောင်ကို ဆွဲဆောင်နိုင်စွမ်းရှိတဲ့ အသက်ငယ်ပေမဲ့ တည်ငြိမ်ပြီး ဣန္ဒြေသိက္ခာရှိတဲ့ ယောကျာ်းတစ်ယောက်ပါ။

"အရာရာကို အလေးအနက်ထားတတ်တဲ့ မျက်နှာမျိုးနဲ့ အရယ်အပြုံးသိပ်မရှိဘဲ ခပ်မှုန်မှုန်နေတတ်သူ၊ အင်္ကျီအဖြူရောင်လက်ရှည် တွေကို ဝတ်လေ့ရှိပြီး သက္ကလပ်ဘောင်းဘီနဲ့ ရှူးဖိနပ်ကို ဟန်ကြီးပန်ကြီးနဲ့ ထည်ဝါစွာဝတ်တတ်သူ" ဆိုတဲ့ စကားလုံးတွေနဲ့ ဆရာမဂျူးက ဝတ္ထုထဲမှာ သရုပ်ဖော်ထားပါတယ်။

ဒါပေမဲ့ ဒီနေရာမှာ သရုပ်ဆောင်တဲ့ ဒေါင်းကတော့ သူ့ဆံပင်ကို ညှပ်ပစ်ရမှာ နှမြောလို့ပဲလားမသိ ဆံပင်စုတ်ဖွား၊ ဝတ်ထားတဲ့ ရှပ်အင်္ကျီကလည်း အကွက်တောင် အရောင်ငြိမ်ငြိမ်မဟုတ်ဘဲ အနီတို့ ပန်းရောင်တို့လိုအကွက်နဲ့ မျက်လုံးတွေကလည်း ဣန္ဒြေမရဖြစ်လွန်းနေတာတော့ ဘယ်သူဖြစ်ဖြစ် ဒီဝတ္ထုဖတ်ဖူးသူတိုင်း တန်းမြင်တဲ့ အချက်တစ်ချက်ပါ။ ဒေါင်းရဲ့ပုံစံဟာ အင်မတန် သပ်သပ်ရပ်ရပ်နေတတ်ပြီး တည်ငြိမ်ကာ

မာနကြီးတဲ့ ယောကျာ်းတစ်ယောက်ဇာတ်ရုပ်ကို ပေါ့ဟာဟာ ဖြစ်စေ ပါတယ်။

မော်လမြိုင်ကို ခရီးအတူထွက်ကြတဲ့ အခန်းလေးတွေ၊ လက်ထပ်ပြီး မော်လမြိုင်မှာ လျှောက်လည်ကြတဲ့ အခန်းလေးတွေကတော့ ရှုခင်းလေးတွေနဲ့ ရိုက်ထားတာ စိတ်ချမ်းသာစရာကောင်းသလို ပြကွက်တွေလည်း အတော်လှပါတယ်။ အသံပိုင်းမှာတော့ နောက်ခံတီးလုံးကြီး ထည့်ထားတာက မြန်မာကားတွေရဲ့ ထုံးစံအတိုင်း တချို့နေရာတွေမှာ လိုအပ်တာထက် ပိုနေတာပါပဲ။

လက်ထပ်ပြီး နှစ်ယောက်သား အဆင်ပြေကြည်နူးတဲ့ အခန်းလေး တွေမှာ သိပ်မဆိုးပေမဲ့ နှစ်ယောက်မာနတွေမျိုချရင်း အချစ်နဲ့မာနကြား လွန်ဆွဲကာ ပေါက်ကွဲကြတဲ့အခန်းတွေမှာတော့ လိုအပ်တာထက် ပိုပြင်းထန်တဲ့ သရုပ်ဆောင်မှုတွေ ဖြစ်နေခဲ့ကြပါတယ်။ စာအုပ်ဖတ် ထားပြီး စာအုပ်ထဲက သက်နှင်းအိမ်နဲ့ ယုမော်တို့ရဲ့ အားပြိုင်မှုကို စကားလုံးတွေနဲ့ အပြည့်အဝခံစားထားတဲ့ ပရိသတ်တွေကတော့ ကြည့်နေရတာ စိတ်ပျက်မိမှာ အသေအချာပါပဲ။

တစ်ကားလုံးခြုံပြောရမယ်ဆိုရင်တော့ ဒီဇာတ်ကိုက ပညာတတ်မိန်းမတစ်ယောက်ရဲ့ အချစ်နဲ့မာန၊ မာနကြီးပေမဲ့ ဒီမိန်းမကို ချစ်မိသွား တဲ့ ယောကျာ်းတစ်ယောက်ရဲ့ ခံစားမှုနဲ့မာန အဲဒါတွေရဲ့အားပြိုင်မှုနဲ့ တည်ဆောက်ထားတဲ့ ဇာတ်ဖြစ်လို့ ဇာတ်လမ်းဇာတ်အိမ်ဆိုတာ ထက် သာမန်ထက် ကွဲပြားပြီး လူယောကျာ်းနဲ့ လူမိန်းမကြားက ချစ်ခြင်းကို တည်တည်ငြိမ်ငြိမ် လေးလေးနက်နက် ပုံဖော်ထားတာမျိုးပါ။ အဲဒါ ကြောင့်လည်း သက်နှင်းအိမ်နဲ့ ယုမော်တို့ရဲ့ မျက်နှာအမူအရာတွေ အလျော့အတင်း အပျော့အမာ မျက်လုံးတွေနဲ့ သရုပ်ဆောင်ပုံဖော်ရတဲ့ အပိုင်းက ပိုအရေးကြီးပါတယ်။

ဒီဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးကတည်းက ပရိသတ်အားလုံးက မျှော်လင့်ချက်ကြီးခဲ့သလို ရုံစတင်တဲ့နေ့ကတည်းက ရုံပြည့်ရုံလျှံသွားအားပေးခဲ့ကြပေမဲ့ ဒေါင်းနဲ့ ပိုင်ဖြိုးသုတို့ ငိုလိုက်တွန်းထိုးရန်ဖြစ်လိုက်နဲ့ပဲ ပြီးသွားတာပဲလို့ နှမြောတသစွာ မှတ်ချက်ပြုကြပါ တယ်။ တစ်ချိန်က နာမည်ကျော်ခဲ့တဲ့ ဒါရိုက်တာမီးပွားကိုယ်တိုင် ရိုက်ကူးပြီး ဆရာမဂျူးကိုယ်တိုင် ဇာတ်ညွှန်းခွဲခဲ့တာမို့ မျှော်လင့်ချက်ကြီးကြီးထားခဲ့ကြပေမဲ့ ဒီရုပ်ရှင်ဟာ -ဝတ္ထုရဲ့အရသာကို ပြောင်းလဲသွားအောင် ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားအဖြစ်ပဲ ထွက်လာနိုင်တာကို ဝမ်းနည်းစွာ တွေ့မြင်ခွင့်ရခဲ့ပါတယ်။

Read More



Some text some message..