
အကပြိုင်ပွဲဒိုင်အဖြစ် တွေ့ရသည့် ခိုင်လေး။ ဓာတ်ပုံ - Kix သီဟ
အကပြိုင်ပွဲဒိုင်အဖြစ် တွေ့ရသည့် ခိုင်လေး။ ဓာတ်ပုံ - Kix သီဟ
ခါးဆစ်ကျွံခဲ့ပေမဲ့ အကကို မစွန့်လွှတ်ခဲ့တဲ့ ခိုင်လေး
ခေါင်းတစ်ချက်လှုပ်လိုက်တိုင်း လွင့်ခနဲခါသွားတဲ့ ဆံပင်တချို့၊ တေးသွားတွေအတိုင်း ကွက်တိကျအောင် စည်းချက်ကျကျ လှုပ်ရှားနေတဲ့ အလန်းစားကကွက်တွေ၊ အမိုက်စား ခန္ဓာကိုယ်ကောက်ကြောင်းရယ်အပြင် သူ့ကို စင်ပေါ်မှာ အဓိက လင်းလက်စေတာကတော့ ရိုးရှင်းတဲ့အပြုံးနဲ့ အကပညာအပေါ်ထားတဲ့ ပြင်းထန်တဲ့ ယုံကြည်ချက်ပါပဲ။
လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်လောက်ကတည်းက စတိတ်ရှိုးတွေမှာ၊ အကပွဲတွေမှာ ကျွမ်းကျင်အကသမားတစ်ယောက်အနေနဲ့ သူ့ကိုတွေ့ရတတ်ပါတယ်။ သူကတော့ အကနဲ့ပတ်သက်ရင် တစ်ဘဝလုံးကို အကတစ်ခုတည်းနဲ့ ဖြတ်သန်းခဲ့ပြီး ခုချိန်မှာ Dancing with the stars TV program မှာ ဒိုင်တစ်ယောက်ဖြစ်လာသူ ခိုင်လေးပါ။
၁ဝ တန်းဖြေပြီး အသက် ၁၅ နှစ်ဝန်းကျင်မှာ အကသမားဘဝကို စခဲ့တဲ့သူဟာ သင်တန်းတက်ပြီး သိပ်မကြာသေးခင်မှာ စင်ပေါ်မှာ ဖျော်ဖြေခွင့်ရခဲ့ပါတယ်။ အကပညာကို ဆရာဂျွန်လွင်၊ ကိုတူးတူး၊ မထက်ထက်ဝင့်၊ မစိုးစိုး၊ မရွှန်းလဲ့မေတို့ဆီက သင်ယူခဲ့သလို အကပညာရပ်အပြင် သူ့ဘဝရဲ့ လူနေမှုပုံစံတွေပါ သင်ကြားပေးသူကတော့ ကိုဇေယျာ (Uranium) လို့ ဖွင့်ဟလာပါတယ်။
''ခိုင်လေးတို့ ငယ်ငယ် ၁၅ နှစ်လောက်က အကသမားတွေက စတိတ်ရှိုးတွေမှာ ဖျော်ဖြေခွင့်ရတယ်။ မြရိပ်ညိုတို့၊ ပိုင်အိုးနီးယားတို့မှာ အက်စစ်တို့၊ ကိုစိုင်း (စိုင်းစိုင်းခမ်းလှိုင်) တို့ ဆိုတယ်ဆို ခိုင်လေးတို့က သီချင်းပုံဖော်သူတွေအနေနဲ့ မဟုတ်ဘဲ အကအဖွဲ့အနေနဲ့ ဖျော်ဖြေခွင့်ရတယ်။ အဲဒီတုန်းက ဘယ်စတိတ်ရှိုးမှာမဆို အကသမားတွေက တစ်နာရီစာလောက် ကပြခွင့်ရခဲ့တယ်။ အဲဒီတုန်းက အကသမားတွေအတွက် ပိုပြီးမိုက်တဲ့ခေတ်ပေါ့'' လို့ ခိုင်လေးက ပြောပါတယ်။
အရင်ခေတ်က အကသင်ရတာက ဒီခေတ်လောက်တော့ မလွယ်ကူခဲ့ပါဘူး။ ခုခေတ်မှာ နိုင်ငံတကာက အကဆရာတွေ ဆရာမတွေက ရန်ကုန်ကို လာပြီးသင်ပေးကြတဲ့ အလုပ်ရုံဆွေးနွေးပွဲတွေရှိသလို ဖုန်းတစ်လုံးရှိရုံနဲ့ ယူကျုကနေ အကနည်းမျိုးစုံနဲ့ လေ့ကျင့်တဲ့ဗီဒီယိုတွေ၊ သင်ကြားနည်းတွေ အကုန်အလွယ်တကူ သင်လို့ရနေပါပြီ။
''ခိုင်လေးတို့တုန်းက အင်တာနက်သုံးမယ်ဆို ဒဂုံစင်တာက ကော်ဖီဆိုင်မှာ ကွန်ပျူတာတွေနဲ့ တစ်နာရီဘယ်လောက်ဆိုပြီး သွားသုံးခဲ့ရတယ်'' လို့ သူက ခေတ်ကွာခြားပုံကို ပြောပါတယ်။
အကသမားတစ်ယောက်အတွက် စိန်ခေါ်မှုတွေထဲမှာ အရင်ဆုံးရင်ဆိုင်ရတာက မိသားစု အသိုင်းအဝိုင်းပဲလို့ ဆိုပါတယ်။ ပညာရေးကိုပဲ လုပ်စေချင်တဲ့ ဆရာဝန်ဖခင်တစ်ယောက်က အင်္ဂလိပ်မေဂျာနဲ့ဘွဲ့ရတဲ့ ခိုင်လေးကို နောက်ထပ်ပညာရေးတွေ ထပ်သင်ယူစေချင်ပြီး အစ်မတွေနဲ့ မိသားစုအသိုင်းအဝိုင်းက လူတွေက ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်စေချင်တာတွေကို ကိုယ်ယုံကြည်တဲ့ အကဝါသနာတစ်ခုတည်းနဲ့ ငြင်းဆန်ခဲ့ရသူပါ။ ဝါသနာပါတာလုပ်ဖို့ အားပေးတဲ့ မိခင်ကြောင့် သူဝါသနာပါတဲ့အကကို ယုံကြည်မှုရှိရှိနဲ့ ဖြတ်သန်းကာ သူ့ဘဝကို အကထဲမှာ နှစ်မြုပ်ခဲ့တယ်လို့ ခိုင်လေးက ဆိုပါတယ်။
''ဒါ ဆယ်ကျော်သက်ဘဝကတည်းက အကသမားတွေ အကုန်ရင်ဆိုင်ရတာ။ အခုနောက်ပိုင်း ကကြတဲ့ အကသမားတွေလည်း ဒီပြဿနာပဲ ဖြေရှင်းရလိမ့်မယ်။ မိဘတွေက တစ်နှစ် နှစ်နှစ်လောက် ကပြီးပြီဆိုရင် နင်တစ်ခုခုလုပ်တော့ ဆိုတာမျိုးဆိုတော့ အခုနောက်ပိုင်း လူငယ်တွေလည်း ဒီပြဿနာကို ဖြေရှင်းနေရတုန်းပဲ။ အကသမားစစ်စစ်အဖြစ်နဲ့ ပရော်ဖက်ရှင်နယ်ရပ်တည်ချင်တဲ့ လူငယ်တွေအကုန်လုံးကတော့ စိန်ခေါ်မှုတွေ အရမ်းများမယ်လို့ ခိုင်လေးထင်ပါတယ်'' လို့ စိန်ခေါ်မှုတွေအကြောင်း သူက ပြောပါတယ်။
အကသမားတစ်ယောက် မြန်မာပြည်မှာ ပရော်ဖက်ရှင်အဖြစ်ရပ်တည်ဖို့ ခက်ခဲမယ်လို့ထင်ကြသူတွေကို ခိုင်လေးက အသက် ၁၅ နှစ်အရွယ် အကသင်ပြီး ချိန်ကနေစပြီး သူ့တစ်ဘဝလုံးကို ကရင်းနဲ့ပဲ ဖြတ်သန်းကာ အကအလုပ်တစ်ခု တည်းနဲ့ အသက်မွေးခဲ့ရင်း ငြင်းဆန်သက်သေပြခဲ့ပါတယ်။ Total School မှာ အကဆရာမအဖြစ်လုပ်ခဲ့သလို တဖြည်းဖြည်း ကကွက်ဖန်တီးသူအဖြစ် အောင်မြင်လာခဲ့ပြီး Secret Pieces ဆိုတဲ့ အဖွဲ့ဝင် ၁၈ ယောက်လောက် ပါဝင်တဲ့ အကအဖွဲ့ကို ဦးဆောင်ခဲ့တာ လေးနှစ်လောက် ရှိပါပြီ။ သူ့ရဲ့ Secret Pieces အကအဖွဲ့ဟာ စိုင်းစိုင်းခမ်းလှိုင်နဲ့ နီနီခင်ဇော်တို့ရဲ့ စတိတ်ရှိုးတွေ၊ အခွေတွေမှာတော့ နောက်ခံသရုပ်ဖော်အကအဖွဲ့အဖြစ် ကပေးနေပါတယ်။
''ကလေးတစ်ယောက်က အကကို ဝါသနာပါတယ်၊ ကချင်တယ်ဆိုရင် မလုပ်နဲ့ ဆရာဝန်ပဲလုပ် အကသမားဆိုတာ ဘာမှမဟုတ်ဘူးလို့ ထင်နေသေးတဲ့ မိဘတွေ ရှိသေးတယ်။ မှားပါတယ်။ ခိုင်လေးတို့လည်း ဒီအကတစ်ခုတည်းနဲ့ပဲ ရပ်တည်လာတာကို အကဝါသနာပါတဲ့ ကလေးလေးတွေရဲ့ မိဘတွေကိုလည်း ပြောပြချင်တယ်'' လို့ဆိုပါတယ်။
အကဆိုတာက အသုံးချဖို့နေရာရှိမှ သင်ယူရတာမဟုတ်ဘဲ ကိုယ့်ရဲ့ဝါသနာ စိတ်ထွက်ပေါက်တစ်ခုအနေနဲ့လည်း သင်ယူလို့ရနိုင်တဲ့ အနုပညာတစ်ခုပါ။ အလုပ်တွေများလို့ စိတ်ဖိစီးမှုများတာ၊ ဘယ်သူနဲ့မှ မပေါင်းချင်၊ ဘယ်မှမသွားချင်တဲ့ အချိန်တွေမှာ ကရတာ အရမ်းကောင်းပြီး ကတဲ့ပညာရပ် သင်ယူချိန်မှာလည်း အကတစ်ခုတည်းတင်မဟုတ်ဘဲ မိတ်ဆွေအပေါင်းအသင်းတွေ များလာတာ။ အတူတူ ကရင်းနဲ့ နာကျင်တာ အခက်အခဲရှိတာတွေကို မိတ်ဆွေတွေနဲ့ အတူတူ ဖြေရှင်းတတ်လာတာ၊ ကျန်းမာရေးအတွက်လည်းကောင်းပြီး စိတ်ဖိစီးမှုလည်း ပြေပျောက်စေတာတွေက ကခြင်းရဲ့ကောင်းကျိုးတွေပါ။
''စင်ပေါ်ကြီး တက်ကမှ မဟုတ်ဘူး။ ကိုယ်ဝါသနာပါတဲ့ အကအမျိုးအစားတစ်ခုခုကို ကနေရတာ မိုက်တယ်။ ဂီတနဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစပ်နေရတာဖြစ်တဲ့အတွက် ပျော်စရာကောင်းနေတာ'' လို့လည်း ကနေတဲ့အချိန် အကသမားတွေမှာ ရှိနေတတ်တဲ့ ခံစားမှုကို ပြောပါတယ်။
''မြန်မာပြည်အနေနဲ့ဆိုရင်တော့ ခိုင်လေးတို့ အကသမားတွေက ပရိသတ်ပဲဖြစ်ဖြစ်၊ နိုင်ငံတော်ကပဲဖြစ်ဖြစ် ပတ်ဝန်းကျင်မီဒီယာ အသိုင်းအဝိုင်း ဘယ်အသိုင်းအဝိုင်းရဲ့မှ အကြီးအကျယ် ပံ့ပိုးပေးတာမျိုးကို မခံရဘူး။ ခိုင်လေးတို့ မြန်မာပြည်က အကသမားတွေ အဖွဲ့လိုက်ဖြစ်ဖြစ်၊ တစ်ကိုယ်တော်ဖြစ်ဖြစ် နိုင်ငံခြားမှာသွားပြိုင်တယ်။ နောက်ဆုံးအဆင့်တွေအထိ တက်သွားတယ်။ ဒါပေမဲ့ အဲဒါတွေကို ဘယ်သူမှ မသိလိုက်ဘူး။ အခုနောက်ဆုံး ခိုင်လေးကြားတာ Sea Games မှာ B Boys တွေပြိုင်ဖို့ ထည့်သွင်းလိုက်ပြီဆိုတဲ့အချိန်မှာ မြန်မာပြည်က သွားချင်တယ်။ ဒါပေမဲ့ ဘယ်လိုမှ ခွင့်ပြုချက်မရဘူး။ ဘယ်တစ်ဦးတစ်ယောက်ရဲ့မှ ပံ့ပိုးကူညီမှုမရတဲ့အတွက် သွားပြိုင်ခွင့် မရလိုက်ဘူး။ ခိုင်လေးတို့ အကအသိုင်းအဝိုင်းမှာလည်း တကယ့်ကို နိုင်ငံ့ဂုဏ်ဆောင်တဲ့အထိ သွားနိုင်တဲ့ အကသမားတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ခိုင်လေးတို့ အကအသိုင်းအဝိုင်းကို မီဒီယာတွေ၊ နိုင်ငံတော်က တာဝန်ရှိသူတွေရဲ့ ပံ့ပိုးမှုနဲ့ ပရိသတ်တွေရဲ့ အာရုံစိုက်မှုလည်း သိပ်မရသေးဘူး။ အခက်အခဲတွေ အများကြီးရှိပါတယ်'' ဆိုပြီး အကသမားတွေအပေါ် လူတွေရဲ့အာရုံစူးစိုက်မှု အားနည်းနေသေးတဲ့အကြောင်းလည်း ပြောခဲ့ပါတယ်။

အကပညာရှင် ခိုင်လေး။ ရှင်မိုးမြင့်/မြန်မာတိုင်း(မ်)
အကပညာရှင် ခိုင်လေး။ ရှင်မိုးမြင့်/မြန်မာတိုင်း(မ်)
သူကိုယ်တိုင်ကတော့ Street Jazz ကရတာ ပိုကြိုက်လာသလို Contemporary Dance ကိုလည်း ကြိုက်လာပေမဲ့ Hip Hop Dance တွေကတော့ အရင်ကတည်းကနေ ခုထိကြိုက်နေတုန်းပဲလို့ ဆိုပါတယ်။
''တကယ်ကြိုးစားပြီး တကယ်တော်တဲ့ အကသမားလူငယ်တွေ အများကြီးရှိတယ်။ ကြိုးစားမှုပိုင်းမှာ တိုးတက်နှုန်းက အရမ်းများလာပြီး အရမ်းမိုက်လာတယ်။ နောက်က အားပေးနေတဲ့ တိုးတက်မှုပိုင်းကတော့ ခိုင်လေးတို့ ငယ်ငယ်တုန်းကလိုပါပဲ'' လို့လည်း အကလောကနဲ့ပတ်သက်ပြီး အားမလို အားမရ ခံစားရတဲ့ခံစားချက်တွေကိုလည်း ပြောပါတယ်။
သူဝါသနာပါတဲ့ အကထဲမှာ ယုံကြည်မှုရှိရှိဖြတ်သန်းနေရင်း အကသမားတစ်ယောက်အတွက် လုံးဝ မကနိုင်တော့တဲ့ အခက်ခဲဆုံးဖြစ်တဲ့ ခါးဆစ်ကျွံတဲ့ ဝေဒနာကိုလည်း ခံစားခဲ့ဖူးသူပါ။
''ခါးက သုံးဆစ်မြောက်အဆစ်က အထဲကိုကျွံဝင်သွားတယ်။ ကျွံသွားတော့ နှစ်လလောက် အိပ်ရာထဲမှာ ပက်လက်။ တရုတ်ဆရာတွေနဲ့ရော၊ အင်္ဂလိပ်ဆရာတွေနဲ့ရော ကုရင်းနဲ့ ပြန်ပြီးမတ်တပ်တွေ ဘာတွေရပ်နိုင်လာတယ်။ ဒါပေမဲ့ လုံးဝ ကလို့မရဘူး အကြောလျှော့လို့ မရဘူး။ ကုန်းလို့မရဘူး ခါးကို အမြဲမတ်မတ်ပဲနေရတယ်'' လို့ သူက ဆိုပါတယ်။
ဆက်ကနေရင် အောက်ပိုင်းသေတဲ့အထိ ဖြစ်နိုင်ကြောင်း ဆရာဝန်က သတိပေးခဲ့ပေမဲ့ ထိန်းကနေကြောင်းနဲ့ အရင်လို ကင်းမြီးကောက်ထောင်တာမျိုးတော့ လုပ်လို့မရတော့ကြောင်း ခိုင်လေးက စိတ်ဓာတ်ကျစွာ ပြောပါတယ်။
သူ့ရဲ့ ကကွက်တီထွင်သူဘဝမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးနဲ့ စိန်ခေါ်မှုအများဆုံးအချိန်ကတော့ အခု ၂ဝ၂ဝ ပြည့်နှစ်ကာလတွေပါပဲ။ သူ့ဘဝမှာ တစ်ခါမှ မလုပ်ခဲ့ဖူးတဲ့ အလုပ်နှစ်ခုဖြစ်တဲ့ Musical Movie တစ်ခုအတွက် အကပိုင်းနဲ့ လက်ခံရိုက်ကူးဖို့နဲ့ Dancing with the Stars မှာ ဒိုင်လုပ်ဖို့ လက်ခံထားတာပါပဲ။
“Dancing with the Stars ပြိုင်ပွဲကြောင့် လူတိုင်းက အကကို ပိုစိတ်ဝင်စားလာပြီး ဘဲလေးတို့၊ လက်တီနိုတွေ ball dance တွေကိုလည်း စိတ်ဝင်စားလာတာတွေ့ရပြီး အကသမားတွေကို အရင်ထက် ပိုရင်းနှီးလာတယ်။ အခုပြိုင်နေတဲ့ ကတဲ့သူတွေအားလုံးက နာမည်ကြီးတယ်။ ခိုင်လေးတို့ အကသမားတွေကို တစ်နိုင်ငံလုံး စိတ်ဝင်စားလာကြတယ်'' လို့ အကသမားတွေကိုယ်စား ပျော်ရွှင်စွာ ပြောပါတယ်။
ခိုင်လေးတို့ Secret Pieces အကအဖွဲ့က ပုလဲကွန်ဒိုမှာရှိတဲ့ Laureal Art Academy မှာ အကသင်တန်းဖွင့်ထားပြီး လတ်တလော ခဏနားထားပေမဲ့ ဖေဖော်ဝါရီလဆန်းပိုင်းမှာ ပြန်ဖွင့်သွားမှာဖြစ်ပါတယ်။ အနာဂတ်မှာတော့ ကိုယ်တိုင်ကဖို့ထက် အကသင်တန်းတွေရဲ့ အုပ်ချုပ်မှုအပိုင်းကိုပဲ အဓိကထားကာ ရပ်တည်သွားမယ်လို့ ခိုင်လေးက ပြောပါတယ်။