အဆိုတော်လွှမ်းမိုးရဲ့သီချင်းကို ဖျက်စီးတယ်ဆိုကာ ယောကျာ်းလေးအများစုရဲ့ ဝေဖန်ခံနေရတဲ့ Project K
popolay.com
|
2020-02-03
ကိုရီးယားနိုင်ငံမှာကျင်းပပြုလုပ်တဲ့ အကပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခဲ့ရာမှ ပရိသတ်ရဲ့တစ်ခဲနက်အားပေးမှုတွေကို စတင်ရရှိခဲ့တာဖြစ်တဲ့ Project K အဖွဲ့ကတော့ ကိုရီးယားဆယ်လီတွေအလား ပြင်ဆင်ချယ်သမှု၊ အကဖျော်ဖြေတင်ဆက်မှုတွေကြောင့် ယခုခေတ်လူငယ်ပရိသတ်တွေကြားမှာတော့ အတော်လေးကို ရေပန်းစားအောင်မြင်လာတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။

အဖွဲ့ဝင် (၇) ယောက်နဲ့ဖွဲ့စည်းထားတဲ့ Project K ဟာ ခေတ်နဲ့ညီတဲ့ အချစ်သီချင်းလေးတွေကို ချိုချိုမြိန်မြိန်သီဆိုတတ်သူတွေဖြစ်ပြီး တစ်ယောက်ပုံစံတစ်မျိုးစီနဲ့ နှုတ်ခမ်းနီမလေးတွေကို ကြွေဆင်းအောင်ဆွဲဆောင်ထားနိုင်သူတွေလဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ City FM ရဲ့ ၁၈ နှစ်ပြည့် နှစ်ပတ်လည်ဆုပေးပွဲမှာတော့ Project K အဖွဲ့က တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက်နာမည်ကြီးခဲ့တဲ့ တေးသံရှင်အဆိုတော်ကြီး လွှမ်းမိုးရဲ့သီချင်းလေးတစ်ပုဒ်နဲ့ တက်ရောက်ဖျော်ဖြေခဲ့တာကို တွေ့မြင်ရပါတယ်။

‘ရန်ကုန်သားလေး ကျွန်တော်’ ဆိုတဲ့ အရမ်းကိုလူကြိုက်များအောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော်လွှမ်းမိုးရဲ့သီချင်းကို ဒီဘက်ခေတ် Music ပုံစံ၊ ကဟန်လေးတွေနဲ့ ပြုပြင်ပြောင်းလဲသီဆိုခဲ့တာဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးပုံစံနဲ့ ချစ်စရာကောင်းတဲ့သီချင်းလေးတစ်ပုဒ်အဖြစ် Project K ရဲ့ပြောင်းလဲသီဆိုခဲ့မှုအပေါ် မူရင်းသီချင်းအရသာကိုမှ ကြိုက်နှစ်သက်သူတွေကတော့ အဆိုတော်လွှမ်းမိုးရဲ့သီချင်းကို ဖျက်စီးတယ်ဆိုကာ ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

ထိုသို့ဝေဖန်ပြောဆိုကြသူတွေထဲမှာ ယောကျာ်လေးပရိသတ်တွေကအများဆုံးဖြစ်ပြီး မိန်းကလေးပရိသတ်တော်တော်များများနဲ့ တစ်ချို့သောသူတွေကတော့ Project K အဖွဲ့ရဲ့ ပြောင်းလဲသီဆိုခဲ့မှုအပေါ် အားပေးလက်ခံကြတာကိုလဲ တွေ့မြင်ရပါတယ်။ Project K အဖွဲ့ဟာ ‘ရန်ကုန်သားလေး ကျွန်တော်’ သီချင်းကို version ပုံစံအသစ်ဖြင့်ပြောင်းလဲသီဆိုဖို့အတွက်တော့ ကြိုတင်ခွင့်ပြုချက်ယူခဲ့ပြီးဖြစ်ကာ မူရင်းပိုင်ရှင်မိသားစုဘက်မှလဲ နားလည်ခွင့်ပြုပြီးသားဖြစ်တယ်လို့ သိရပါတယ်။

ပရိသတ်ကြီးရေ… ယောကျာ်းလေးပရိသတ်အများစု ဝေဖန်နေကြသလို ဟုတ်မဟုတ်၊ မှန်မမှန်ဆိုတာသိရဖို့အတွက် Project K အဖွဲ့ရဲ့ သီဆိုမှုဗီဒီယိုလေးကိုပါ ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းမတူနိုင်တာမို့ Project K အဖွဲ့ရဲ့ ပြောင်းလဲသီဆိုခဲ့မှုအပေါ် အမြင်လေးတွေလဲ မျှဝေပေးသွားပါဦးနော်….




Some text some message..