မုန်လာဥခြောက်နဲ့ အမဲသားဟင်း
ဒီတစ်ပတ်မှာ မြန်မာဟင်းလျာတွေထဲက လူကြိုက်များတဲ့မုန်လာဥခြောက်နဲ့ အမဲသားချက်ဟင်းလျာကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အမဲသားမစားတဲ့ သူတွေကတော့ အသားတစ်ခုခုနဲ့ အစားထိုးချက်ပြုတ် နိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
မုန်လာဥအဖြူ နှစ်စည်း၊ အမဲသား မိုးခိုသား၂၅ ကျပ်သား၊ ဟင်းခတ်အမွှေး ကြိုင်မဆလာ၊ နနွင်းမှုန့်၊ ချင်း (ဂျင်း)၊ အရောင်တင်မှုန့် ကြက်သွန်ဖြူငါးမွှာ၊ ကြက်သွန်နီ သုံးဥ၊ ဆားနဲ့ဆီ ထမင်းစားဇွန်း နှစ်ဇွန်း။
အရင်ဆုံး မုန်လာဥအဖြူ နှစ်စည်း လောက်ကို အခွံနွှာ၊ ခပ်ကြီးကြီး လှီးဖြတ်ပြီး သုံးရက်လောက် နေလှန်းထားပါ။ ချင်း(ဂျင်း)၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီအားလုံးရော ထောင်းထားပါ။ အမဲသားကို မဆလာ၊ဆား၊ နနွင်းတို့နဲ့နယ်ပြီး ဆယ်မိနစ်လောက် နှပ်ထားပါ။ ဒီနေရာမှာတော့ အချိုမှုန့်မသုံးသလို ဟင်းခတ်မှုန့်လည်း မသုံးထားပါ ဘူး၊ မုန်လာဥရဲ့ အချိုဓာတ်နဲ့ အရသာရှိနေအောင် ချက်ပြုတ်နိုင်ပါတယ်။
အခြောက်လှမ်းထားတဲ့ မုန်လာဥတွေကို ရေခဏစိမ်ထားပါ။ ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူလာရင် ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ နီတွေကို လှိမ့်နေအောင် ဆီသတ်ပေးပါ။ အနံ့မွှေးရင် နှပ်ထားတဲ့ အမဲသားကိုထည့်ပြီး လုံးပေးပါ။ ဆီပြန်လာပြီဆို အမဲသားမြုပ်ရုံ ရေထည့်ပြီး အဖုံးအုပ်ပေးထားပါ။ ရေနှစ်ရေလောက်တော့ ထည့်ရပါတယ်။ နောက်ဆုံး ရေခမ်းလာတဲ့အခါ အသားနူးမနူး စမ်းကြည့်ပါ။ အသားတွေ နူးနေပြီ။ဟင်းလည်း ဆီပြန်တော့မယ် ဆိုရင် ရေဆေးထားတဲ့ မုန့်လာဥခြောက်တွေကို ထည့်မွှေပြီး ရေလေး နည်းနည်းထည့်ကာဆယ်မိနစ်လောက် ထားပေးပါ။ ဆီပြန်လာပြီ ဆိုရင်တော့ မုန့်လာဥခြောက်နဲ့ အမဲသားချက်ကို စားလို့ရပါပြီ။
မုန်လာဥခြောက်ကို စားလိုက်တဲ့အခါ ချိုနေပြီး ငါးဖယ်လို စားလို့ကောင်းပါတယ်။ မုန်လာဥအချိုဓာတ်က နူးအိနေတဲ့ အသားထဲမှာ စိမ့်ဝင်နေပါတယ်။ ငါးပိရည်၊ တို့စရာအစုံနဲ့သာ ဆို သိပ်လိုက်ဖက်တဲ့ ဟင်းလျာတစ်ခွက်ဖြစ်မှာ သေချာပါတယ်။
နောက်အပတ်တွေမှာလည်း မြန်မာတိုင်း(မ်)ရဲ့ အိုးသူကြီးကဏ္ဍက စာဖတ်ပရိသတ်ကြီးအတွက် ကောင်းမွန်ပြီး အရသာရှိတဲ့ ဘယ်လိုဟင်းလျာတွေကို တင်ဆက်ပေးမလဲဆိုတာ စောင့်ကြည့်ပေးပါဦး။ နေ့တိုင်းဟင်းချက်ဖို့ စဉ်းစားရခက်နေတဲ့ အိမ်ရှင်မတွေအတွက်လည်း အကြံရစေပြီး အဆင်ပြေစေမယ့် ဟင်းတစ်ခွက်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။