ဆမ်းမ ညစာနဲ့ မရိုးတဲ့ ဂျပန်အစားအစာ
mmtimes.com
|
2020-03-04



ဆမ်းမ ညစာနဲ့ မရိုးတဲ့ ဂျပန်အစားအစာ


အာရှ အစားအစာတွေထဲမှာ ကိုယ့်ဒေသရင်း အစားအစာနဲ့ သိပ်မကွာပဲ မြန်မာပါးစပ်နဲ့ အကြိုက်တွေ့ကြတာ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ကိုရီးယား၊ ဗီယက်နမ်နဲ့ ဂျပန်တွေပဲဆိုတော့ ရန်ကုန်မှာ ဘယ်နေရာကြည့်ကြည့် တွေ့လာရတဲ့ဆိုင်တွေထဲမှာ ဆူရှီဆိုင်တွေလည်း ပါလာပါတယ်။ ဒါပေမဲ့ နေ့လယ်စာနဲ့ အဆာပြေလောက်ပဲ ဂျပန်အစားအစာကို စားလေ့ရှိတာမို့ စာရေးသူကတော့ ဒီတစ်ပတ်ညစာကို ဂျပန်စားသောက်ဆိုင်တစ်ဆိုင်ကိုပဲ ခပ်တည်တည် ရွေးပစ်လိုက်ပါတော့တယ်။

ရွေးဖြစ်တာက လူစည်ကားတဲ့ မြေနီကုန်း၊ စမ်းချောင်းလမ်းထဲကSushi Mikadoကိုပါ။ မှန်တံခါးပေါက် အပေါ်ပိုင်းကတစ်ဆင့် ဆိုင်ထဲကို အကဲခတ်လို့ရတာမို့ သန့်ရှင်း သပ်ရပ်နေတဲ့ စားပွဲတွေရယ်၊ ဂျပန်အစားအစာတွေကို နံရံပေါ်မှာ မီးအလင်းရောင်နဲ့ သေသေချာချာ အလှဆင်ထားတာရယ်၊ လူမများတာရယ်ကြောင့် ရွေးချယ်မိတယ်ဆိုရင်လည်း မမှားပါဘူး။ အေးအေးဆေးဆေး စားရမယ့် ညစာကို လူရှုပ်နေတဲ့ ဆိုင်မှာလည်း မစားချင်ဘူးလေ။

ရေအေးအေးတစ်ခွက်နဲ့အတူ လာချပေးတဲ့ မီနူးစာအုပ်မှာ ဆူရှီ ဆက်လိုက် ငါးမျိုး၊ ဆူရှီလိပ် ၁၈ မျိုး၊ မာကီ ၁၀ မျိုး၊ nigiri ၂၃ မျိုး၊gun kan ၁၅ မျိုး၊ဆာရှိမိ ငါးမျိုး၊ မီဆော့ဟင်းရည် ငါးမျိုး၊ အသုပ် ငါးမျိုး၊ တန်ပူရာ အမျိုး ၂၀၊Yaki mono ၂၃ မျိုး၊ခေါက်ဆွဲ လေးမျိုး၊ ဂျပန် ခေါက်ဆွဲ ငါးမျိုး စတဲ့ အမျိုးအမည်ပေါင်းများစွာကို ဖော်ပြထားတော့ ဆိုင်ရွေးတာမှန်ပြီလို့ ပထမဆုံး အတွေးဝင်လာပါတယ်။

ဒီတော့ ထောပတ်သီးနဲ့ ကဏန်းချောင်းထည့်လိပ်ထားတဲ့ ဆူရှီတစ်ပွဲ ကျပ် ၂၅၀ဝ၊ ရေဘဝဲ ဆာရှိမိတစ်ပွဲ ကျပ် ၄ဝဝဝ၊ ဆမ်းမ တစ်ဆက် ကျပ် ၅၅၀ဝ နဲ့ ကြက်သား တယ်ရီရာကီ တစ်ပွဲ ကျပ် ၅ဝဝဝ ကိုပဲမှာဖြစ်ခဲ့ပါတယ်။ အများကြီးမှာပြီး မကုန်တာမျိုးထက် လိုမှ ထပ်မှာရင် ပိုကောင်းမယ်ဆိုတဲ့ စိတ်ကူးနဲ့ပါ။

ပထမဆုံးရောက်လာတဲ့ ရေဘဝဲ ဆာရှိမိက မျှော်လင့်ထားတာထက် အလွန်ကို နည်းနေပါတယ်။ပါးပါးလွှာလွှာ ရေဘဝဲလေး လေးလွှာကို ကျပ် ၄çဝဝဝ ဆိုတော့ မတန်ဘူးလို့ ခံစားရပြီး လတ်ဆတ်တဲ့၊ ချိုတဲ့ အရသာတောင် စိတ်ထဲ မရောက်နိုင်တော့ပါဘူး။ နောက်ထပ်ရောက်လာတဲ့ ထောပတ်သီး ဆူရှီကတော့စိတ်ကူးထဲကအတိုင်း လှလှပပ အရသာလည်းကောင်းကောင်းပါပဲ။ လတ်ဆတ်တဲ့ ထောပတ်သီးရော၊ ကဏန်းသားချိုချိုရောကြောင့် ဆူရှီလေးပိုင်းထည့် ပေးထားပေမဲ့ ခံတွင်းတွေ့တွေ့ စားနိုင်ခဲ့ပါတယ်။

ဆမ်းမ ဆက်လိုက်ကတော့ ပေးရတဲ့ဈေးထက်ကို အများကြီး ပိုတန်နေသလိုပါပဲ။ ဆမ်းမ ငါးတစ်ကောင်လုံးရယ်၊ မီဆော့စ် ရေညှိဟင်းချိုရယ်၊ ထမင်းတစ်ပွဲရယ် ပါဝင်ပါတယ်။ ငါးအသားက ခေါင်းပိုင်းကလွဲရင် (ခေါင်းပိုင်းက ခါးသက်တဲ့ အရသာရှိပါတယ်) တစ်ကောင်လုံး လတ်လတ်ဆတ်ဆတ်နဲ့ ချိုနေပြီး သံပရာရည် ညှစ်စားရင်တော့ အကောင်းဆုံးပါပဲ။ အစားနည်းသူဆို ဒီတစ်ပွဲတည်းနဲ့ ညစာက အတော်အဆင်ပြေနေပါပြီ။

ကြက်သား တယ်ရီရာကီပွဲ စားပွဲပေါ် ရောက်လာချိန်မှာတော့ ဝိုး...လို့တောင် ထ အော်မိမတတ်ပါပဲ။ ကျပ် ၅çဝဝဝ ပဲ ပေးထားတာကို ကြက်သားအချိုတစ်ပွဲ၊ ကြက်သွန်ကွင်းကြော်တစ်ပွဲ၊ ပြောင်းဖူး ရေညှိ ဂေါ်ဖီတွေကို မရိုးနိစ်နဲ့ သုပ်ထားတဲ့ အသုပ်တစ်ပွဲ၊ မီဆော့စ်ဟင်းရည်တစ်ခွက်နဲ့ ထမင်းတစ်ပွဲ ပါဝင်ပါတယ်။ကြက်သားကင်လေးက ချိုပြီး သိပ်ကျက်နေတာမျိုးမဟုတ်ဘဲ စားလို့ကောင်းရုံပါပဲ။ ကြက်သွန်ကွင်းကြော်ကတော့ လျှာပေါ်မှာ ပျော်ကျသွားမလိုလိုနဲ့ အရသာ ချိုပါတယ်။ အသုပ်မှာလည်း လျှော့ထားတာမျိုးမဟုတ်ဘဲ အသုပ်ချည်းသတ်သတ် မမှာမိတာ တော်သေးတယ်လို့ တွေးမိတဲ့အထိ အစပ်အဟပ်တည့်နေတာပါ။ ဟင်းရည်လည်း ကောင်းတာမို့ ညစာကို အချိုပွဲတောင် မစားနိုင်တော့ပါဘူး။

ဂျပန်အစားအစာ အများစုက ကျန်းမာရေးနဲ့ ညီညွတ်ပြီး လတ်ဆတ်သန့်ရှင်းတာကြောင့် စာရေးသူကတော့ မကြာခဏ စားဖြစ်ပါတယ်။ ရန်ကုန်တစ်မြို့လုံးက ဂျပန်ဆိုင်တွေထဲက လိုက်ရွေးရတာမို့ ဒီMikado ဆိုင်လေးကို အရွေးမှန်ခဲ့တယ်လို့ သဘောကျမိပြီး နောက်ထပ် သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ထပ်လာဖြစ်ဦးမှာပါ။ ဝန်ထမ်းလေးတွေ ဒီထက် ပိုဖော်ရွေ ပြုံးရွှင်ဖို့ ရည်သန်ရင်းနဲ့ပေါ့။

အစားအစာ -     

သန့်ရှင်းမှု-    

ဆိုင်တွင်းအပြင်အဆင်-    

ဝန်ဆောင်မှု -  

သွားလာရ လွယ်ကူမှု -    




Some text some message..