ဆေးမင်ထိုးခြင်း၏ အန္တရာယ်များ
healthcare.com.mm
|
2020-04-01


ဆေးမင်ထိုးခြင်းရဲ့ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ အန္တရာယ် နှစ်ခုရှိပါတယ်။ ရောဂါပိုးကူးစက်ခြင်းနှင့် ဓာတ်မတည့်ခြင်းတို့ပဲ ဖြစ်ပါတယ်။ မသန့်ရှင်းတဲ့ အပ်နဲ့ကိရိယာတွေကိုသုံးမိရင် HIV ပိုး၊ အသည်းရောင်အသားဝါစီပိုးလိုမျိုး သေနိုင်လောက်တဲ့ ကူးစက်ရောဂါပိုးတွေ ရသွားနိုင်ပါတယ်။ အရေးကြီးဆုံးတစ်ခုကို အထူးသတိပေးရရင် ဒီနေ့ခေတ်မှာ အပ်ကို သီးသန့်သုံး ရမယ်ဆိုတဲ့ အသိက လူအားလုံးနီးပါးမှာ ရှိနေကြပါပြီ။ ဆေးမင်ထိုးရင်လည်း ကိုယ့်အပ်နဲ့ကိုယ်ပဲ ထိုးကြပါတယ်။ ဒါပေမဲ့ ဖျော်ထားတဲ့ မင်ခွက်ကိုတော့ တစ်ယောက်ပြီး တစ်ယောက်ထိုးနေတာ မြင်နေရပါတယ်။ ဒါဟာ အပ်အတူတူမျှသုံးတာနဲ့ ဘာမှမထူးပါဘူး။ ထိုးပြီးသွားလို့ ဒဏ်ရာသန့်ရှင်းအောင်ထားပြီး စနစ်တကျ ကုသမှု မရှိရင်လည်း အရေပြားကူးစက်ရောဂါတွေ ဝင်လာကာ အနာရင်းပြီး ဆေးမင်ကြီးတွေ ကြီးသလောက် အသက်အန္တရာယ်အထိ ရှိနိုင်ပါတယ်။ နောက်တစ်ခု သတိထားဖို့က သွေးကြောကြီးတွေနဲ့ နီးတဲ့ထိနိုင်တဲ့နေရာတွေ (ဥပမာ-လက်ဖမိုး၊ လည်ပင်းဘေး စသည်) မှာ ထိုးရင် သွေးကြောပေါက်ပြီး ပိုးဝင် သွားနိုင်ပါတယ်။ ဒီလို ကူးစက်မှုက အရမ်းကို အန္တရာယ်ရှိလို့ အရေပြားပါးပြီး သွေးကြောကြီးများနဲ့ တိုက်ရိုက်ထိတွေ့မှုရှိတဲ့ နေရာတွေမှာ ဆေးမင်ထိုးခြင်း မလုပ်သင့်ပါဘူး။ လူအချို့ကျတော့ တက်တူးမင်နဲ့ဓာတ်မတည့်လို့အလာ့ဂျစ်ဖြစ်ကြပါတယ်။ အထူးသဖြင့် လူအများစုနဲ့ မတည့်တာ အနီရောင်မင်ဖြစ်တယ်လို့ နာမည်ကျော် တက်တူးဆရာတစ်ဦးက ပြောပြဖူးပါတယ်။ ဓာတ်မတည့်ခြင်းဟာ ပြင်းထန် ရင် ဆေးမင်နေရာတစ်ခုတည်း မဟုတ်ဘဲ တစ်ကိုယ်လုံးခံစားရတဲ့အထိ ပြင်းထန် တတ်ပါတယ်။ ဒါကြောင့် ဆေးမင်ထိုးထားတဲ့ ဒဏ်ရာက ဝေဒနာတစ်ခုခုပေါ်လာရင် ဆရာဝန်နဲ့ မဖြစ်မနေပြဖို့ စထိုးပြီဆိုကတည်းက သတိရှိပါစေ။ Credit : ဆက်ပိုင်လင်းခန့် (ဆေး-၂) သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။ 





Some text some message..