
မနက်စာကို ပဲပြုတ်ထမင်း၊မုန့်ဟင်းခါး၊ထမင်းကြော်၊ ရှမ်းခေါက်ဆွဲတွေပဲ စားနေရတာ ရိုးနေတဲ့ ပရိသတ်တွေအတွက်ဒီနေ့မှာတော့ မနက်စာကို လွယ်လွယ်တဲ့အိမ်မှာပဲ လုပ်စားလို့ရတဲ့ ကိုရီးယားအာလူးပန်ကိတ်ပြုလုပ်နည်းလေးကိုပြောပြပေးလိုက်ပါတယ်။
ပုံမှန်အတိုင်းဆိုရင်ပန်ကိတ်ကို ဂျုံနဲ့ ပြုလုပ်ပြီး ပျားရည်ဆမ်းစားတတ်ကြပေမယ့် ကိုရီးယားပန်ကိတ်ကိုတော့ အာလူးမှုန့်နဲ့ ပြုလုပ်ပြီး ပဲငံပြာရည်နဲ့ ငရုပ်သီး တွဲဖက်စားတဲ့ ဆော့စ်ဆမ်းစားတတ်ကြပါတယ်။ ပြုလုပ်တဲ့နည်းကလဲ ရိုးရှင်းပြီး ပါဝင်ပစ္စည်းတွေကလည်း နည်းတော့ လုပ်ရတာလွယ်ကူစေမှာပါ။
ပါဝင်ပစ္စည်းများ
အာလူးပန်ကိတ် ပြုလုပ်ဖို့အတွက် အာလူးအကြီး ၁ လုံး၊ ကြက်သွန်နီ လှီးပြီးသား ၄ခွက်၊ ဆားအနည်းငယ်၊ အာလူးကစီမှုန့် ၄ခွက်၊ ဟင်းချက်ဆီ ၄ခွက်တို့ကို လိုအပ်ပါတယ်။ ဆော့စ်အတွက်ကတော့ပဲငံပြာရည်အနောက် ၂ ဇွန်း၊ ရှာလကာရည် ၁ ဇွန်း၊ ကြက်သွန်မြိတ် ၁ပင်၊ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ ၄ခွက်၊ ငရုပ်ပွသီး ၁ လုံး၊ သကြား ၂ ဇွန်နးတို့ကို လိုအပ်ပါတယ်။
ပြုလုပ်နည်း
အရင်ဆုံး ဆော့စ်ပြုလုပ်ဖို့အတွက် ပဲငံပြာရည်၊ ရှာလကာရည်၊ ကြက်သွန်မြိတ် ပါးပါးလှီးထားတာနဲ့ သကြားတို့ကို ပန်းကန်လုံးတစ်လုံးထဲမှာ အရည်ပျော်တဲ့အထိရောမွှေပေးလိုက်ပါ။ ပြီးရင်တော့ ခဏဘေးဖယ်ထားပါ။အာလူးနဲ့ ကြက်သွန်နီကိုတော့ အခွံခွာပြီး ဂျစ်နဲ့ အမှုန့်လေးတွေရအောင် ခြစ်ထုတ်လိုက်ပါ။ ရလာတဲ့ အာလူးအမှုန့်လေးတွေနဲ့ ကြက်သွန်နီအမှုန့်တွေကို ဇလုံတစ်လုံးထဲပေါင်းထည့်ပြီး မွှေပေးလိုက်ပါ။ ပြီးရင် ဆားနဲ့ အာလူးကစီမှုန့်ကိုလည်း ရောထည့်ပြီး မွှေပေးရပါမယ်။
Nonstick pan လို့ခေါ်တဲ့ အောက်ခြေမှာ အစာတွေမကပ်အောင် စီမံထားတဲ့ ဒယ်အိုးအပြားတစ်လုံးထဲမှာ ဟင်းချက်ဆီ ၂ ဇွန်းခန့်ထည့်ပြီး အပူပေးလိုက်ပါ။ ပြီးရင် အာလူးအနှစ်ကို ထည့်ပြီး သံယောက်မဖြင့် ညီအောင် လိုက်ညှိပေးရပါမယ်။
မိနစ်အနည်းငယ်လောက် ချက်ပြုတ်ပြီးရင်တော့ ပန်ကိတ်ပုံလေး ပေါ်လာမှာပါ။ ပန်ကိတ်ရဲ့ အောက်ခြေမှာ ကြွပ်ရွပြီး ရွှေရောင်သမ်းလာတဲ့အထိ ကြော်ပေးရပါမယ်။ ဒါဆိုရင် သံယောက်မနဲ့ အထက်အောက်လှန်ပေးရပါမယ်။
ပန်ကိတ်ကို ယောက်မနဲ့ မလိုက်ပြီး ဟင်းချက်ဆီနည်းနည်းထပ်ထည့်ချင်ရင်လည်းထည့်လို့ ရပါသေးတယ်။ နှစ်ဖက်လုံး ရွှေအိုအောင်သမ်းလာတဲ့အထိ ကြော်ပေးဖို့ဆိုရင် အချိန် ၈ မိနစ်ကနေ၊ ၁၀ မိနစ်ကြား ကြာနိုင်ပါတယ်။ အားလုံးပြီးသွားရင်တော့ အာလူးပန်ကိတ်လေးကို ပန်းကန်ပြားထဲ ပြောင်းထည့်ပြီး ဆော့စ်နှင့် တွဲဖက်စားသုံးနိုင်ပါပြီ။
ကဲ…. ဒီလိုဆိုရင်တော့ လုပ်ရလွယ်ကူပြီး ပါဝင်ပစ္စည်းတွေကလဲနည်းတဲ့ အတွက်ကြောင့် ပရိသတ်ကြီးလည်း ပြုလုပ်ရတာ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။
Ref; Maangchi