နေ့စဉ်သုံး မြန်မာ့ရိုးရာယတြာ
lotaya.mpt.com.mm
|
2020-05-20

နေ့စဉ်နေ့တိုင်း အကြောင်းကိစ္စပေါင်းစုံနဲ့ အိမ်အပြင်ထွက် သွားလာကြတဲ့အခါ ကြံစည် ဆောင်ရွက်တဲ့ အမှုကိစ္စတွေ အဆင်ပြေအောင်မြင်ဖို့နဲ့ ဘေးရန်ကင်းဖို့ ရည်ရွယ်တဲ့ မြန်မာ့ရိုးရာယတြာနည်းတချို့ကို လူတိုင်း နားလည်လွယ်အောင်၊ လိုက်လုပ်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

ဒီယတြာနည်းတွေဟာ ရှေးတုန်းက လောကီပညာအကျော်အမော် ဗားမဲ့ဆရာတော်ကြီး အပါအဝင် ပညာရှင်တွေ လမ်းစဉ်ချ ညွှန်ပြခဲ့တဲ့ နည်းနာတွေ ဖြစ်ပြီး နေ့စဉ် အိမ်က စထွက်ခွာတဲ့ အချိန်တိုင်းမှာ လုပ်သွားရမှာပါ။ ဒီယတြာကို တချို့ဗေဒင်ပညာရှင်တွေက ပြဿဒါးနေ့မျိုးမှာမှ သီးသန့်ပြုလုပ်ရတဲ့ ပြဿဒါးရှောင်ယတြာအဖြစ်လည်း အသုံးပြုကြတာ တွေ့ရပါတယ်။

ပြဿဒါးနေ့ပဲ ဖြစ်ဖြစ်၊ သာမန်နေ့ပဲ ဖြစ်ဖြစ် ဒီယတြာတွေကို ယုံယုံကြည်ကြည်နဲ့ နေ့စဉ် လုပ်နိုင်ခဲ့ရင် မကောင်းတဲ့ ဘေးကို ကျော်လွှားပြီး ဖြစ်သလို ကောင်းတဲ့ ကံတွေကိုလည်း ပိုပွင့်လန်းစေနိုင်ပါတယ်။ နေ့အလိုက် လုပ်ရမယ့် ယတြာနည်းတွေကတော့ အောက်ပါအတိုင်းပါပဲ။

တနင်္ဂနွေနေ့ အပြင်သွားမယ်ဆိုရင် အိမ်က ထွက်ခါနီးမှာ တစ်ခုခုကို တောင်းပြီးမှ သွားပါ။ ပြီးတော့ ဦးခေါင်းမှာ “အ” အက္ခရာကို လက်ခလယ်နဲ့ စတိသဘော ရေးရပါမယ်။

တနင်္လာနေ့ အပြင်သွားမယ်ဆိုရင် အိမ်က ထွက်ခါနီး အိပ်ယာမှာ ခဏလှဲအိပ်ပြီးမှ သွားပါ။ ပြီးရင် နဖူးပြင်မှာ “က” အက္ခရာကို လက်ခလယ်နဲ့ စတိအဖြစ် ရေးသွားပါ။

အင်္ဂါနေ့မှာ အပြင်သွားမယ်ဆိုရင် အိမ်က ထွက်ခါနီး လက်ကို မီးကင်ပြီး သွားပါ။ လက်ဖဝါးကို မီးနဲ့ ဟပ်ရုံလေး ဖြစ်ပါတယ်။ ပြီးရင် နှာခေါင်းမှာ “စ” အက္ခရာကို လက်ခလယ်နဲ့ စတိ ရေးပါ။

ဗုဒ္ဓဟူးနေ့မှာ အပြင်သွားမယ်ဆိုရင် အိမ်က ထွက်ခါနီး နေအရိပ်ကို ကြည့်ပြီးမှ သွားပါ။ ပြီးရင် “ရ” အက္ခရာကို ခံတွင်းမှာ လက်ခလယ်နဲ့ စတိသဘော ရေးသွားရပါမယ်။

ကြာသပတေးနေ့မှာ အပြင်သွားမယ်ဆိုရင် အိမ်က ထွက်ခါနီး တံခါးဝမှာ ဝင်လိုက်ထွက်လိုက် လုပ်ပါ။ ပြီးရင် “မ” အက္ခရာကို ညှပ်ရိုးမှာ လက်ခလယ်နဲ့ စတိအဖြစ် ရေးရပါမယ်။

သောကြာနေ့မှာ အပြင်သွားမယ်ဆို အိမ်က ထွက်ခါနီး အစားအစာတစ်ခုခုကို အဝစားပါ။ ပြီးရင်တော့ “သ” အက္ခရာကို ရင်ညွှန့်မှာ လက်ခလယ်နဲ့ စတိရေးသွားရပါမယ်။

စနေနေ့မှာ အပြင်သွားမယ်ဆိုရင် အိမ်က ထွက်ခါနီး အငြင်းအခုံတစ်ခုခု လုပ်ပါ။ ပြီးရင် “ထ” အက္ခရာကို ချက်မှာ လက်ခလယ်နဲ့ စတိ ရေးရပါမယ်။

အားလုံးပဲ နေ့ရက်တိုင်းမှာ ဘေးရန်ကွာလို့ လိုရာဆန္ဒ ပြည့်ဝကြပါစေ

ဧက (ဗေဒင်သုတ)

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..