(၇) ရက်သားသမီးများအတွက် ဒီတစ်နှစ် အချစ်ရေး၊ အိမ်ထောင်ရေး ဟောကိန်း
lotaya.mpt.com.mm
|
2020-07-08

မြန်မာခုနှစ် ၁၃၈၂ ၊ တစ်နှစ်တာအတောအတွင်း (၇) ရက်သားသမီးအားလုံးရဲ့ အချစ်ရေးနဲ့ အိမ်ထောင်ရေး ကံဇာတာဟောကိန်းကို နေ့နံအလိုက် အလွယ်တကူ ဖတ်ရှုနိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။ ဒီအဟောတွေ အားလုံးဟာ ယေဘုယျသာ ဖြစ်ပြီး အသေးစိတ်ကတော့ တစ်ဦးချင်းရဲ့ မူလဇာတာပေါ် မူတည်မှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ဖွားများ - ဒီနှစ်ဟာ တနင်္ဂနွေသားသမီးတွေအတွက် နှလုံးသားရေးကံဇာတာ ညံ့တတ်တဲ့ နှစ်ပါပဲ။ လူပျိုအပျိုတွေရဲ့ အချစ်ရေးမှာ ရန်၊ အတိုက်အခံတွေ ပေါ်လာတတ်သလို အိမ်ထောင်သည်တွေမှာလည်း ပြင်ပ အနှောင့်အယှက်တွေ ရှိလာတတ်ပါတယ်။ ကိုယ့်အိမ်တွင်းရေးသာယာဖို့၊ ကိုယ့်ချစ်သူစုံတွဲတွေ စိတ်ချမ်းသာဖို့ အရင်နှစ်တွေထက် ချစ်ခင်ကြင်နာ ဂရုစိုက်မှုတွေ ပိုလိုအပ်ပါလိမ့်မယ်။ အတ္တ မာန်မာနတွေ လျှော့ချရပါမယ်။

တနင်္လာနေ့ဖွားများ - လူပျိုလူလွတ်တွေရဲ့ နှလုံးသားရေးမှာ အပြိုင်အဆိုင်တွေ ပေါ်လာတတ်တဲ့နှစ်မျိုး ဖြစ်ပြီး အိမ်ထောင်သည်များမှာတော့ နှစ်ဦးကြား စကားများ၊ ရန်ဖြစ်ရတာလေးတွေ ခပ်စိတ်စိတ် ဖြစ်လာတတ်ပါတယ်။ သည်းခံနိုင်ဖို့နဲ့ စိတ်ရှည်ပေးတတ်ဖို့ လိုအပ်လာမှာ ဖြစ်ပြီး ဖူးစာရှာသူတွေကတော့ စိတ်မြန်လက်မြန် ချစ်သူမျိုး သွက်လက်တက်ကြွတဲ့ လက်တွဲဖော်မျိုးနဲ့ ဆုံဆည်းရတတ်ပါတယ်။ ဆူဆူပူပူနဲ့ အချိန်ကုန်သွားမယ့်နှစ်ပါပဲ။

အင်္ဂါနေ့ဖွားများ - ဒီနှစ်ရဲ့ အချစ်ရေး၊အိမ်ထောင်ရေးကံ အကောင်းဆုံးကို ဆိုရရင် အင်္ဂါနေ့ဖွားတွေလို့ ဆိုရမှာပါ။ ရာထူး၊ အဆင့်အတန်း မြင့်မားသူ၊ ကိုယ့်ကို ဦးဆောင်နိုင်သူမျိုးနဲ့ ဆုံဆည်းရကိန်း ရှိပါတယ်။ အချစ်ရေးဇာတာ အများအားဖြင့် အေးချမ်းသာယာမယ့်နှစ်ပါ။ အိမ်ထောင်သည်တွေမှာလည်း ကိုယ့်ဇနီး/ခင်ပွန်းရဲ့ ချစ်ခင်ကြင်နာ အလေးထားမှုကို ရလာသလို လက်တွဲဖော်ရဲ့ ကောင်းသတင်းတွေကိုလည်း ကြားသိလာရမယ့်နှစ် ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ဖွားများ - နှလုံးသားရေးနဲ့ ပတ်သက်ရင် ကံခေအားနည်းနိုင်တဲ့ နှစ်ပါတယ်။ ချစ်သူဘဝမှာ ရှိနေတယ် ဆိုရင် အပြိုင်တွေ ပေါ်လာတတ်သလို မပြတ်သားနိုင်တဲ့ အခြေအနေတွေထဲ နစ်မွန်းရတတ်ပါတယ်။ ချစ်သူကို ရှာဖွေနေဆဲ ဆိုရင် ရွေးရခက်တာမျိုး ကြုံရတတ်ပါတယ်။ အိမ်ထောင်သည်တွေမှာတော့ ကိုယ်တိုင်က သံသယ အတွေးများပြီး စိတ်ပင်ပန်းရတတ်ပါတယ်။ မကြာခဏ နှစ်ဦးသား ပဋိပက္ခလေးတွေ ဖြစ်ပွားဖို့ လွယ်ကူပါတယ်။

ကြာသပတေးနေ့ဖွားများ - ဒီနှစ်မှာ မေတ္တာရေးရာကံဇာတာပိုင်း အားနည်းနေပါတယ်။ ချစ်သူအိမ်ထောင်ဖက်နဲ့ တကျက်ကျက် ရန်ဖြစ်ရ ၊ စကားများရတတ်ပြီး စေ့စပ်ညှိနှိုင်းဖို့ ပိုခက်ခဲတဲ့ အခြေအနေ ဖြစ်လာတတ်ပါတယ်။ ခုမှ လက်တွဲဖော် ရှာနေသူဆိုရင် ခဏတာ ရည်းစားမျိုးပဲ ရနိုင်ပြီး လက်တွဲ ခိုင်မြဲဖို့ကတော့ ခက်ခဲပါလိမ့်မယ်။ အိမ်ထောင်သည်တွေမှာလည်း တွဲလက် ရေရှည်တည်မြဲရေးအတွက် သည်းခံမှုကို လက်ကိုင်ပြုရတတ်ပါတယ်။

သောကြာနေ့ဖွားများ - ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်ဘဲနဲ့ ဖြစ်စေ ဒီနှစ်ဟာ သောကြာသားသမီးများအတွက် မျက်နှာများ၊ စိတ်များတတ်တဲ့နှစ်မျိုး ဖြစ်ပါတယ်။ အချစ်ရေးမှာ တစ်ဦးမက တပြိုင်နက် လက်တွဲရတတ်သလိုပဲ အိမ်ထောင်သည်တွေမှာလည်း အငယ်အနှောင်းလိုကိစ္စတွေ ပေါ်လာတတ်ပါတယ်။ စိတ်ကစားချင်စရာ ကိစ္စနဲ့ ငယ်သော် ကောင်း၏ ဆိုတဲ့ အတွေးတွေ ပိုဝင်လာတတ်ပါတယ်။ ဆန္ဒကို သိက္ခာနဲ့ ထိန်းချုပ်ရမယ့်နှစ်မျိုးပါပဲ။

စနေနေ့ဖွားများ - ဒီနှစ်ဟာ စနေသားသမီးများအတွက် နှလုံးသားရေးကံဇာတာ ကောင်းမွန်လာမယ့် နှစ်မျိုးပါ။ အရင်က ဘယ်လိုပဲ ပြဿနာတွေ ရှိခဲ့ပါစေ၊ ဒီနှစ်မှာ ပြန်ပြေလည်မှု ရပါမယ်။ အေးချမ်းသာယာမှုတွေနဲ့ လွှမ်းခြုံ ငြိမ်းချမ်းလာပါလိမ့်မယ်။ ချစ်သူ (သို့) အိမ်ထောင်ဖက်ဆီက စိတ်ချမ်းသာ ပျော်ရွှင်ရမယ့်ကိစ္စတွေ ကြားရနိုင်ပြီး ကိုယ့်ကိုလည်း အရင်ကထက် ကူညီဖေးမ နားလည်လာတတ်ပါတယ်။ အများအားဖြင့် ကံကောင်းပါလိမ့်မယ်။

(၇) ရက်သားသမီးအပေါင်း ချစ်မေတ္တာရေးမှာ ကံကောင်းပျော်ရွှင်ကြပါစေ

ဧက (ဗေဒင်သုတ)

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..