ငါးကြင်းမုန်လာဥ ချဉ်ရည်ဟင်း
ဒီတစ်ပတ်မှာတော့ အိုးသူကြီးက ချက်ရတာ မခက်ခဲတဲ့ ငါးကြင်းနဲ့မုန်လာဥ ချဉ်ရေဟင်းတစ်ခွက် ချက်ပြမှာ ဖြစ်ပါတယ်။
မိသားစုဝင် လေးဦးစာအတွက် လုံလောက်တဲ့ လိုအပ်တဲ့ပစ္စည်းတွေကတော့ ငါးကြင်း သုံးဆယ်သား၊ မုန်လာဥဖြူ သုံးဥ၊ ကြက်သွန်နီ နှစ်လုံး၊ ကြက်သွန်ဖြူ ရှစ်`မွှာ၊ ငရုတ်သီးစိမ်း ငါးတောင့်၊ ငရုတ်သီးအစိမ်းမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာ၊ နနွင်းမှုန့်အနည်းငယ်၊ ငံပြာရည်အနည်းငယ်နဲ့ အချဉ်ရည်အတွက် ဆားသိပ်ထားတဲ့ မရမ်းပြားလေးပြားတို့ပဲ ဖြစ်ပါတယ်။
ငါးကြင်းကိုတော့ ဝယ်ကတည်းက ဈေးသည်ကို ဟင်းချက်တုံး၊ တုံးပေးပါဆိုရင် ဈေးသည်က တစ်ခါတည်း အကြေးခွံခွာပြီး ဟင်းချက်တဲ့ ငါးတုံးအရွယ်ပမာဏကို တုံးပေးပါတယ်။ ဟင်းမချက်ခင်မှာ အရင်ဆုံး ငါးကြင်းကို ရေဆေးပြီး ဆား၊ နနွင်း နယ်ထားရပါမယ်။ (အချိုမုန့် သုံးတတ်သူဆိုရင်တော့ အနည်းငယ် ထည့်လို့ရပါတယ်)။ မုန်လာဥကိုလည်း အနေတော်လှီးပြီး ရေဆေးထားရပါမယ်။ ငရုတ်သီးစိမ်းကိုလည်း တစောင်းလှီးပြီး အစေ့ထုတ်ထားရပါမယ်။ မရမ်းပြားလေးပြားကိုလည်း ရေနွေးနဲ့ရောပြီး စိမ်ထားရပါမယ်။
ပြီးရင် ကြက်သွန်အနီ၊ အဖြူကို ငရုတ်သီးအစိမ်းမှုန့်နဲ့ ရောပြီး ကြေညက်အောင် ထောင်းပါ။ ထောင်းပြီးရင်တော့ ဆီသတ်ပါမယ်။ ငရုတ်သီးအစိမ်းမှုန့် ရောထောင်းထားတဲ့ ကြက်သွန်အနီနဲ့အဖြူကို ဆီသတ်ပြီးတာနဲ့ ဆားနနွင်းနယ်ထားတဲ့ ငါးကြင်းထည့်ပြီး လုံးမွှေပါမယ်။ ပြီးရင် လှီးထားတဲ့ မုန်လာဥနဲ့ ငရုတ်သီးစိမ်း ထည့်ပြီးမွှေပေးပါ။ မွှေရင်းနဲ့ ဟင်းအိုးထဲကို ငံပြာရည်ဟင်းချက်ဇွန်း တစ်ဝက်စာလောက် လောင်းထည့်ပါ။
အနည်းငယ် မွှေပေးပြီးပြီဆိုရင်တော့ မရမ်းပြားစိမ်ထားတဲ့ ရေတွေကို လောင်းထည့်ပါ။ ပြီးရင် ဟင်းအိုးအဖုံး အုပ်ပြီး ငါးမိနစ်ကနေ ရှစ်မိနစ်ခန့်အထိ တည်ထားပေးရပါမယ်။ ဟင်းရည်လည်း ဆူပြီ၊ မုန်လာဥလည်း နူးပြီဆိုရင် အပေါ့အငန် လိုသလောက်ချင့်ချိန်ပြီး ဟင်းခွက်ထဲကို ပြောင်းထည့်လိုက်လို့ရပါပြီ။