လုပ်ရတာလွယ်ကူတဲ့ နှစ်ထပ်ပူတင်း
ဒီတစ်ခါတော့ အိုးသူကြီးက ဟင်းချက်နည်းမဟုတ်ဘဲ အချိုပွဲလုပ်စားနိုင်ဖို့ နည်းလေးပြောပြပေးမှာပါ။အိုးသူကြီးကိုယ်တိုင် ကိုဗစ်ကာလ အိမ်တွင်းအောင်းရစဉ်က စမ်းသပ်တီထွင်ထားတဲ့နည်းလေး အောင်မြင်လို့ မျှဝေပေးလိုက်ပါတယ်။ အာဟာရပြည့်ဝပြီး လုပ်ရတာလည်း လွယ်ကူပါတယ်။ မနက်စာအဖြစ် ကော်ဖီလေးနဲ့ပဲ တွဲဖက်စားမလား၊ ထမင်းစားပြီးအချိုပွဲအနေနဲ့ပဲ စားမလား၊ ကလေးတွေကို သရေစာ မုန့်အဖြစ် ကျွေးမလား အလွန်ကို အဆင်ပြေစေတဲ့ အချိုပွဲလေးပါ။
ပါဝင်ပစ္စည်း− ကြက်ဥ၊ နွားနို့၊ ဂျုံမှုန့်၊သကြား၊ ဆား၊နွားနို့ အစိတ်သားထဲကို ကြက်ဥ သေးရင် သုံးလုံး၊ ကြီးရင် နှစ်လုံး ထည့်ပြီး သမအောင်မွှေပါ။ ကြက်ဥနဲ့ နွားနို့ အရောထဲကို သကြား ထမင်းစား ဇွန်းနှစ်ဇွန်း(အချိုကြိုက်ရင် သုံးဇွန်း စသည်ဖြင့် လိုအပ်သလို ထည့်နိုင်ပါတယ်) ဆား အနည်းငယ်ထည့်ပြီး သကြားအရည် ပျော်သည်အထိ မွှေပါ။
ပန်းကန်တစ်လုံးထဲကို မွှေထားတဲ့ အရည် တစ်ဝက်ခွဲပြီးထည့်ပါ။ ပြီးရင် ဂျုံမှုန့်ထမင်းစားဇွန်း တစ်ဇွန်းခွဲ ထည့်ပြီး သမအောင်မွှေပါ။ အဲဒါဆိုရင် ဂျုံမှုန့်ပါတဲ့ ကြက်ဥနွားနို့ပျော်ရည်တစ်ခွက်၊ ဂျုံမှုန့်မပါတဲ့ ကြက်ဥနွားနို့ပျော်ရည်တစ်ခွက် စုစုပေါင်းနှစ်ခွက် ရပါပြီ။
သကြား ထမင်းစားဇွန်း တစ်ဇွန်းခွဲကို ဒယ်အိုးထဲသို့ထည့်ပါ။ မီးအေးအေးနဲ့ သကြားကိုလှော်ပြီး သကြားအရည်ပျော်စပြုကာ အညိုရောင်သန်း လာပြီဆိုရင် ရေအနည်းငယ်ထည့်ပါ။ သကြားပျော်ရည် ပွက်ပြီးအညိုရောင်သန်းလာရင် ပူတင်းပေါင်းမယ့် ပန်းကန်ထဲထည့်ပါ။ သကြားပျော်ရည်ထည့်ထားတဲ့ ပန်းကန်ထဲကို ဂျုံမှုန့်ဖျော်ထားတဲ့ အရည်ထည့်ပါ။ အရည်ကိုလောင်း ထည့်တဲ့နေရာမှာ ကော်ဖီနှပ်ရာမှာသုံးတဲ့ ဆန်ခါနဲ့ စစ်ပြီးမှ ထည့်ဖို့လိုပါ မယ်။ ဂျုံမှုန့်မပါတဲ့ အရည်ကို လည်းဆန်ခါနဲ့ စစ်ပြီး ထပ် ထည့်ပါ။ ပြီးရင် ရေနွေးကိုပွက်ပွက်ဆူအောင် တည်ပြီးရေနွေးငွေ့နဲ့ ပေါင်းခံ ရမှာပါ။ ရေနွေးငွေ့နဲ့ ပေါင်းခံရာမှာတချို့ ထမင်းပေါင်းအိုးနဲ့ ဒယ်နီအိုးတွေမှာ ပါတတ်တဲ့ အပေါက်ပါတဲ့ ဆန်ခါအထပ်ကို အသုံးပြုရင် ပိုအဆင်ပြေပါတယ်။ ပေါင်းခံမယ့်ပန်းကန်ကို အဲဒီဆန်ခါပေါက်ပါတဲ့ အလွာမှာထားပြီး ရေနွေးငွေ့နဲ့ ပေါင်းခံပြီး ၁၅ မိနစ်ခန့်ကြာရင် နှစ်ထပ်ပူတင်းရပါပြီ။ပူတင်းကျက် မကျက်ကို အပေါ်လွှာတင်းမတင်းဆိုတာ ကြည့်ပြီး သိနိုင်ပါတယ်။ အပေါ်ယံ အိအိတုန်တုန် အောက်အလွှာ တင်းတင်းလေးနဲ့ အချိုပွဲက လူတိုင်းအကြိုက်တွေ့စေမှာပါ။