လက်မထပ်ရသေးတဲ့ မိန်းကလေးတိုင်း သိထားသင့်တဲ့အကြောင်းအရာများ
lifestylemyanmar.com
|
2020-09-22



သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်ဆိုတဲ့စကားလေးအတိုင်းပါပဲ။ မိန်းကလေးတွေဟာ အချိန်တန် အရွယ်ရောက်လာရင် သင့်တော်တဲ့သူတစ်ယောက်၊ ကိုယ်ကချစ်ရတဲ့၊ ကိုယ့်ကိုချစ်ရတဲ့သူတစ်ယောက် နဲ့ တစ်အိုးတစ်အိမ်ထူထောင်ရစမြဲပါ။ ဒါပေမယ့် ဒီလိုမျိုး အိမ်ထောင်မပြု၊ လက်မထပ်ရသေးခင်မှာ မိန်းကလေးတွေအတွက် သိထားသင့်တာလေးတွေရှိနေတာကြောင့် ဒီအကြောင်းအရာလေးတွေကို မျှဝေပေးချင်ပါတယ်။




၁။ တစ်ယောက်တည်းနေတတ်အောင် ကြိုးစားကြည့်ပါ။

ဒီအချက်က အူကြောင်ကြောင်တော့နိုင်ပါတယ်။ ဒါပေမယ့် ဆက်ပြီးကြည့်ကြည့်ရအောင်။ ကိုယ်က မိဘနှစ်ပါးနဲ့ အတူတူနေထိုင်တဲ့သူတစ်ယောက်ဆိုရင် လက်မထပ်ခင်မှာ တစ်ယောက်တည်း အိမ်ခွဲနေတာမျိုး ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက်နဲ့ တိုက်ခန်းငှားပြီးနေတာမျိုးကို စမ်းသပ်ကြည့်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်သက်လုံး မိဘနဲ့အတူတူနေလာတဲ့ မိန်းကလေးက ရုတ်တရက်ကြီး အိမ်ထောင်ပြုပြီး ခင်ပွန်းဖြစ်သူနဲ့ အတူနေတဲ့နေရာမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်တိုင် ရပ်တည်နိုင်ဖို့ ခက်ခဲတတ်ကြလို့ပါ။ ဒီလိုမျိုး မိဘတွေနဲ့ အိမ်ခွဲနေကြည့်တာက တစ်နေ့တာအတွက် ဘယ်လိုမျိုး အသက်ရှင်ရပ်တည်ဖို့ လိုအပ်လဲ၊ အိမ်ရဲ့ဝေယျာဝစ္စကိစ္စတွေ၊ အိမ်ထောင်တစ်ခုကို ဘယ်လိုမျိုး ထိန်းသိမ်းမလဲဆိုတဲ့ မေးခွန်းတွေကို ကောင်းကောင်းသိသွားပါလိမ့်မယ်။ ဒါ့အပြင် ဒီလိုနေထိုင်တာမျိုးက ကိုယ့်ကို ပိုမိုရင့်ကျက်စေတာကြောင့် အိမ်ထောင်ရေးတစ်ခုမှာ ကြုံတွေ့လာရမယ့် စိန်ခေါ်မှုတွေကို အကောင်းဆုံး ကျော်ဖြတ်ဖို့ နည်းလမ်းကောင်းတွေ ရရှိသွားမှာပါ။




၂။ ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှု။

အိမ်ထောင်မပြုခင်မှာ ကိုယ့်ဆီမှာ အကြွေးတွေတင်နေတာမျိုးက လူကြားလို့မသင့်တော်သလို အိမ်ထောင်ပြုပြီးချိန်မှာလည်း ကိုယ်လည်းရှာ၊ ခင်ပွန်းလည်းရှာတဲ့ ပိုက်ဆံကို စီးတဲ့ရေ၊ ဆည်တဲ့ကန်သင်းဆိုတဲ့အတိုင်း ကောင်းကောင်းထိန်းကျောင်းနိုင်ရမှာပါ။ အဲ့ဒါကြောင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်လာရင် လက်မထပ်ခင်တည်းက ဖြေရှင်းစရာရှိတာ ဖြေရှင်းထားသင့်ပြီး ငွေကြေးစီးဆင်းမှုကို ဘယ်လိုမျိုး ထိန်းချုပ်ကိုင်တွယ်ရမလဲဆိုတာတွေကို သိထားသင့်ပါတယ်။ ကိုယ်ချစ်ရတဲ့ခင်ပွန်းကရော ပိုက်ဆံဘယ်လောက်ရှာနိုင်သလဲ၊ အသုံးအဖြုန်းကြမ်းတဲ့သူလား၊ သူရှာထားတဲ့ပိုက်ဆံနဲ့ အကယ်၍ ကိုယ်တိုင်ကပါ ပိုက်ဆံရှာမယ်ဆိုရင် တစ်အိမ်လုံးရဲ့ ဝင်ငွေထွက်ငွေကို ဘယ်လိုမျိုး ထိန်းညှိရမလဲဆိုတာတွေကလည်း အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။




၃။ ကလေးယူဖို့၊ မယူဖို့ နဲ့ ကလေးရဲ့အနာဂတ်။

အိမ်ထောင်ပြုပြီဆိုတာနဲ့ နောက်ဆက်တွဲအနေနဲ့ မပါမဖြစ် ကိစ္စရပ်ကတော့ ကလေးယူခြင်း၊ မယူခြင်းပါပဲ။ ကလေးယူတဲ့၊ မယူတဲ့ကိစ္စရပ်မှာ ကိုယ်နဲ့ကိုယ့်ရဲ့လက်တွဲဖော်အကြား စိတ်သဘောထားချင်း တိုက်ဆိုင်မှုရှိ၊ မရှိဆိုတာကို လက်မထပ်ခင်တည်းက ကြိုတင်သိထားသင့်ပါတယ်။ အကယ်၍ ယူဖြစ်မယ်ဆိုရင်လည်း ဒီကလေးနဲ့ ပတ်သက်လို့ ကိုယ့်ရဲ့မျှော်လင့်ချက်၊ ခင်ပွန်းဖြစ်သူရဲ့ မျှော်လင့်ချက် အစရှိတာတွေကို အစောကြီးတည်းက ရှင်းရှင်းလင်းလင်း သိအောင်လုပ်ထားကြပါ။ ဒါတွေက ရုတ်တရက်ကြည့်တော့သာ သာမန်ကိစ္စ၊ ကြုံလာတော့မှ ဖြေရှင်းလို့ရတဲ့ကိစ္စလို့ ထင်နေကြပေမယ့် တကယ်တမ်း စိတ်သဘောထားကွဲလွဲတဲ့အချိန်တွေမှာ တော်တော်လေး ဖြေရှင်းရခက်တဲ့ကိစ္စတွေဖြစ်လာနိုင်ပါတယ်။




၄။ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားပါ။

ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်ကိုယ်တိုင် ဖော်ပြနိုင်ဖို့ လိုအပ်ပြီး ဒါကိုလည်း ကိုယ်နဲ့ရွှေလက်တွဲသွားမယ့် လက်တွဲဖော်က သိဖို့လိုအပ်ပါတယ်။ အဲ့ဒါကြောင့် လက်ထပ်ပြီးတဲ့နောက် ကိုယ်က ဘယ်လိုမျိုးအနေအထားနဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ချင်တယ်၊ ခင်ပွန်းသည်ဆီက ဘယ်လိုမျိုး တာဝန်ကျေပွန်မှုကို အလိုရှိတယ်ဆိုတာတွေအပြင် ကိုယ်ကိုယ်တိုင်ကရော ဘယ်လိုမျိုးနည်းလမ်းတွေနဲ့ အိမ်ထောင်တစ်ခုကို ကောင်းကောင်းထိန်းကျောင်းပြနိုင်မလဲဆိုတာတွေကို အပြန်အလှန်မျှဝေဖလှယ်ထားကြဖို့ လိုအပ်ပါတယ်။




၅။ စိတ်ရှည်ပြီး ခွင့်လွှတ်တတ်ပါ။

အိမ်ထောင်ကျသွားပြီဆိုတာနဲ့ ခင်ပွန်းဖြစ်သူရဲ့ အကျင့်စရိုက်တွေအားလုံးကို အရင်ကထက် ပိုသိလာရတော့မှာပါ။ အပေါင်းအသင်းမင်တဲ့ ခင်ပွန်းဖြစ်နေပြီဆိုရင်တော့ အများကြီး သည်းခံခွင့်လွှတ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒါပေမယ့် အတိုင်းအတာတစ်ခုအထိ ခွင့်ပြုပေးထားပြီး သူကိုယ်တိုင်ကလည်း ဒါကိုနားလည်ပြီး လိုအပ်တာထက် အခွင့်အရေးမယူဘူးဆိုရင် ပြဿနာမရှိပါဘူး။ တစ်ခါတလေ သူငယ်ချင်းမွေးနေ့၊ ရုံးကညစာစားပွဲမို့လို့ဆိုတဲ့အခါမျိုးတွေမှာတော့ မတတ်သာဘဲ စိတ်ရှည်သည်းခံရပြီး ခွင့်လွှတ်ပေးရတော့မှာပါ။




၆။ ခင်ပွန်းကိုလည်းအားပေးပါ။ ကိုယ့်ရဲ့ပန်းတိုင်ကိုလည်း အမှတ်ရပါ။

အောင်မြင်တဲ့ယောက်ျားတိုင်းရဲ့နောက်ကွယ်မှာ ထက်မြက်တဲ့မိန်းမတစ်ယောက်ရှိတယ်ဆိုရင် အဲ့ဒီမိန်းမက ကိုယ်ကိုယ်တိုင်ပဲဖြစ်နေပါစေ။ ခင်ပွန်းသည်ဖြစ်ချင်တဲ့အိပ်မက်၊ ဆန္ဒတွေကို ကိုယ်ပါတတ်နိုင်သလောက် ပါရမီဖြည့်ပေးရင်း တစ်ဖက်မှာလည်း ကိုယ့်ရဲ့အိပ်မက်နဲ့ပန်းတိုင်ကို စိတ်ထဲမှာစွဲပြီး တစိုက်မတ်မတ်ကြိုးစားသွားကြပါလို့ Lifestyle Myanmar ရဲ့ ညီမလေး၊ မမလေးတိုင်းကို အကြံပေးလိုက်ရပါတယ်နော်။




#HM

#LifestyleMyanmar

Source: marriage




Some text some message..