ရန်ကုန်မြို့မှာလည်း ရွေးချယ်ချင်စရာအစားအသောက်ကောင်းကောင်းရောင်းတဲ့ဆိုင်တွေ မှိုလိုပေါက်သလို ဖွင့်လာကြတာမို့ စာရေးသူတို့လို ဟင်းပွဲသစ်တွေ လိုက်မြည်းချင်သူတွေအတွက်တော့ ပျော်စရာအချိန်သမယပါပဲ။ ကော်ဖီ၊ လက်ဖက်ရည်၊အနောက်တိုင်း၊အိန္ဒိယနဲ့ တရုတ်အပြင် ဗီယက်နမ်စတဲ့ နိုင်ငံတွေရဲ့အစားအစာတွေကို ရွေးလို့မှအားမရသေးရင်လည်း ပြည်တွင်းဒေသအမျိုးမျိုးက စားသောက်ဖွယ်တွေ၊ တိုင်းရင်းသားစားဖွယ်တွေက ရန်ကုန်တစ်မြို့လုံးမှာအဆင်သင့်ရှိနေကြပါပြီ။
ပြီးခဲ့တဲ့သီတင်းပတ်ကတော့ ကန်တော်ကြီးထဲကအရင်ထိုင်နေကျ ကော်ဖီဆိုင်ဟောင်းနေရာမှာအသစ်ပြန်ဖွင့်ထားတဲ့ Aroma နှင့် ရွှေတောသားဆိုတဲ့ဆိုင်လေးကို ညနေခင်းလေးအရောက်သွားဖြစ်ခဲ့ပါတယ်။ မရောက်တာကြာပြီဖြစ်တဲ့ ကန်တော်ကြီး ကရဝိက်ဥယျာဉ်ဘက်အခြမ်းမှာ ဟိုတုန်းကနဲ့မတူတဲ့အပြင်အဆင် မွမ်းမံမှုတွေနဲ့မို့ ပွင့်လင်းရာသီအတွက်တော့ လူစည်ကားမှာ မြင်ယောင်မိပါတယ်။
ဒီ ရွှေတောသားက ဆိုင်သစ်ဆိုပေမဲ့ ဖေ့စ်ဘွတ်ခ်တစ်ခွင်မှာတော့ နာမည်ကျော် ဝက်ဦးနှောက်မြီးရှည်လိုမျိုးနဲ့ တခြားထူးခြားတဲ့ ရှမ်းပြည်ထွက်စားဖွယ်ရာတွေကြောင့် လတ်တလော နာမည်ကျော်နေပြီးသားပါ။
စာရေးသူတို့ ဆိုင်ကိုရောက်သွားတဲ့အချိန်မှာ တိုင်းရင်းသားပုံပေါက်တဲ့ လူငယ်တစ်ဖွဲ့ပဲ ဆိုင်ထဲမှာရှိနေတာမို့ လူကျပ်နေတာမျိုးတွေ၊ စားပွဲမရတာမျိုးတွေတော့ မကြုံခဲ့ရပါဘူး။ ဝန်ထမ်းညီမလေးကို ပထမဆုံးမှာဖြစ်တာက နာမည်ကျော် ဝက်ဦးနှောက်မြီးရှည်တစ်ပွဲ (ကျပ် ၂,၅ဝဝ) ပါ။ တခြားစားသုံးသူတွေလည်းအတော်များများမှာကြတယ်လို့ ဝန်ထမ်းရဲ့အကြံပြုတာကြောင့်လည်း ပါတာပေါ့နော်။
ညစာစားချိန်ပဲဆိုတော့ ထမင်းဖြူတစ်ပွဲ (ကျပ် ၅ဝဝ) ထပ်မှာပြီး ကြက်သားဖက်ရွက်ပေါင်း (ကျပ် ၃,၅ဝဝ) နဲ့ ကညွတ်နှင့် နှစ်တစ်ရာသီးကြော် (ကျပ် ၂,၅ဝဝ) မှာခဲ့ပါတယ်။ ဟင်းရည်ကိုတော့ ပုံမှန်သောက်နေကျ တုံယမ်းလို၊အသီးအရွက်ဟင်းရည်လိုတွေ မသောက်ချင်တာမို့ ထူးထူးခြားခြား ဘိန်းစေ့ဟင်းရည်တစ်ပွဲ (ကျပ် ၆,ဝဝဝ) ကိုမှာခဲ့ပြီး တိုဟူးဝါသုပ် (ကျပ် ၁,၅ဝဝ) နဲ့ သစ်သီးစုံထောင်း (ကျပ် ၃,ဝဝဝ) တို့ကို စုံစုံလင်လင်မှာဖြစ်ခဲ့ပါတယ်။
နေညိုလာတာနဲ့အမျှ ညနေခင်းလမ်းလျှောက်ထွက်သူတွေ၊အပန်းလာဖြေသူတွေ၊ ရုံးအပြန် ခဏအနားဝင်ယူသူတွေနဲ့ ကန်တော်ကြီးကရဝိက်ဥယျာဉ်က ပိုစည်ကားလာပါပြီ။ ပထမဆုံးဟင်းပွဲတွေဖြစ်တဲ့ တိုဟူးဝါသုပ်နဲ့ သစ်သီးစုံထောင်းတွေလည်း စားပွဲပေါ်ရောက်လာပါပြီ။
ရန်ကုန်မှာစားနေကျ တိုဟူးသုပ်တွေလို ဂေါ်ဖီ၊ ကြက်သွန်နီ၊ ဆီချက်ကို ခြစ်ထားတဲ့ တိုဟူးခပ်မာမာတောင့်တောင့်လေးတွေနဲ့ နယ်ဖတ်ပြီး ရောသုပ်ထားတာမျိုးမဟုတ်ဘဲ တိုဟူးအပိုင်းရှည်ရှည်ထူထူတွေကို ကြက်သွန်ဖြူငရုတ်ဆီချက်ကလေး ဆမ်းထားတာမျိုးဆိုတော့ မြင်တာနဲ့ သွားရည်ကျချင်စရာပါပဲ။ ပိုနူးညံ့နေတဲ့ ပျော့အိအိတိုဟူးပိုင်းတွေရဲ့အရသာကလည်း တကယ်အစပ်အဟပ်တည့်ပြီး ခံတွင်းတွေ့စေပါတယ်။
သစ်သီးစုံထောင်းကတော့ သင်္ဘောသီးထောင်းနေရာမှာ ပန်းသီး၊ ပန်းသစ်တော်၊ နာနတ်သီး၊ ပြောင်းဖူးစတာတွေကို မြေပဲ၊ သံပရာရည်တို့နဲ့ ရောထောင်းထားတဲ့ ချိုချဉ်စပ်အရသာပါ။ နေ့လယ်ဘက် သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့စားချင်စရာအစားအစာတစ်မျိုးပေါ့။ စာရေးသူကတော့ ထမင်းနဲ့တွဲစားဖို့အဆင်မပြေတာမို့ နောက်မှပဲ ဆက်စားမယ်ဆိုပြီး သတ်သတ်ဖယ်ထားလိုက်ပါတယ်။
ကညွတ်နဲ့ နှစ်တစ်ရာသီးကို ရောကြော်ထားတဲ့ဟင်းပွဲက 'ရွှေတောသား'မှာ စာရေးသူအကြိုက်ဆုံးဟင်းလျာပါပဲ။ ငရုတ်နီတောင့်ခြောက်တွေကို ညှပ်ထည့်ပြီး ကော်ရည်၊ ခရုဆီတို့နဲ့ စိမ်းစိမ်းအိအိလေးကြော်ထားတဲ့ ဟင်းပွဲမှာ ကညွတ်ရော၊ နှစ်တစ်ရာသီးပါ လတ်ဆတ်ပြီး ချိုမြနေတာပါပဲ။ ပေးရတဲ့ဈေးနဲ့ မတန်ဘူးလို့တောင် တွေးမိတဲ့အထိ ဒီဟင်းပွဲက ဖမ်းစားနိုင်ခဲ့ပါတယ်။
ထမင်းပွဲနဲ့အတူ ရောက်လာတာက ကြက်သားဖက်ရွက်ပေါင်းဖြစ်ပြီး ဟင်းထုပ်ပုံစံ ငှက်ပျောရွက်ထဲ ကြက်သားကို ထည့်ပေါင်းထားတဲ့ ဒီဟင်းပွဲက ပေါင်းထားတဲ့ ကြက်သားအရသာချည်းပဲမို့ ချဉ်တာ၊ ဒါမှမဟုတ် စပ်တာလေးတစ်ခုခု ထပ်ဖြည့်ရင် ပိုကောင်းမှာပဲလို့ တွေးမိပါတယ်။ ထမင်းနဲ့ တွဲစားလိုက်ရပေမဲ့ ခြောက်ကပ်ကပ်ဖြစ်နေတဲ့အပြင်အရိုးလည်းပါတော့ သတိထားရပါတယ်။
ဟင်းရည်ကို တောင့်တမိချိန်မှာ ဘိန်းစေ့ဟင်းရည်ပန်းကန်လုံးကြီးက ကိုယ်မျှော်လင့်ထားတာနဲ့ တခြားစီဖြစ်တဲ့အထိအများကြီးရောက်လာတာပါ။ ထမင်းနဲ့တွဲစားဖို့ ဟင်းရည်လို့ သေချာစိတ်ကူးခဲ့ပေမဲ့ ဆန်မှုန့်ကျိုထားသလို ဖြူပျစ်ပျစ်ဟင်းရည်တွေကအရသာကလည်း မုန့်နှစ်ရည်ကျိုထားသလိုကို ခံစားမိပါတယ်။ ဝန်ထမ်းညီမလေးကို သေချာပြန်မေးတော့မှ ဘိန်းပွင့်လေးတွေရဲ့ ဝတ်ဆံလို့ခေါ်တဲ့ ဘိန်းစေ့ကို ကျိုတာဖြစ်ကြောင်း၊ ကျန်းမာရေးအတွက်လည်းကောင်းကြောင်း၊အာဟာရပြည့်စေကြောင်းတွေ တစ်ဆင့်ပြန်ရှင်းပြပါတယ်။ တစ်ယောက်စာ ပန်းကန်လုံးအသေးတွေနဲ့ ပြန်ခွဲထည့်တာတောင်အများကြီးကျန်သေးတာမို့အိမ်ရောက်မှ ပြန်ကျိုပြီး ကြက်ဥစိမ်းလေး ဖောက်ထည့်ပြီးစားဖို့ ဝန်ထမ်းတွေကအကြံပေးပါတယ်။
စာရေးသူရဲ့ မိတ်ဆွေမှာထားတဲ့ ဝက်ဦးနှောက်မြီးရှည်ကတော့ စားချင်စရာ ဖွယ်ဖွယ်ရာရာပြင်ဆင်ပြီးရောက်လာတာပါ။ ဝက်ဦးနှောက်ကိုလည်း သေချာထည့်ပေးထားပြီး ဟင်းရည်အပေါ့အငန်အတွက်လည်း လိုသလိုထပ်ပြင်လို့ရတော့ သိပ်ထွေထွေထူးထူးပြောစရာတော့ မရှိပါဘူး။ မန္တလေးက နာမည်ကျော်မြီးရှည်အသုပ်တွေလိုတော့မဟုတ်ဘဲ ဟင်းရည်ခပ်ကျဲကျဲနဲ့ ဆီချက်၊ နံနံပင်၊ ကြက်သွန်မြိတ်နိုင်းချင်း မြီးရှည်ကို တစ်ဇွန်းယူမြည်းကြည့်တော့အရသာက မဆိုးပါဘူး။
အချိုပွဲအတွက်ကိုတော့ သာဂူလုံးတစ်ပွဲ (ကျပ် ၁,၅ဝဝ) ပဲမှာဖြစ်ခဲ့ပြီး ကြက်သားအဆာသွတ်ထားတဲ့ သာဂူလုံးက ဆီချက်လေးတွေ၊ ငရုတ်ခြောက်လှော်နဲ့ ဂျူးမြစ်တွေကို တွဲစပ်စားရတဲ့ ချိုရှိန်းရှိန်းအရသာလေးပါ။
မျှော်လင့်မထားခဲ့တာတွေရော၊ ကိုယ့်စိတ်ကြိုက်ဖြစ်စေခဲ့တာတွေရော ဟင်းပွဲတွေအကုန်လုံးက ရင်တမမနဲ့ချည်း တွေ့ခဲ့ရတာမို့ စာဖတ်ပရိသတ်လည်း မိသားစုနဲ့ ဒါမှမဟုတ် ချစ်ခင်ရတဲ့မိတ်ဆွေတွေနဲ့အချိန်ပေးပြီး ညနေခင်းလေးကိုအေးအေးဆေးဆေး စားသောက်ရင်ခုန်ရင်း ကျော်ဖြတ်နိုင်ပါတယ်။
ဟင်းပွဲတွေအကုန်လုံးရဲ့ ဈေးတွေကလည်း တခြားဆိုင်တွေထက် ထက်ဝက်နီးပါးလောက်ကို သက်သာနေတဲ့အတွက် ဘတ်ဂျက်ချွေတာချင်စရာ ညစာစားပွဲလေးတစ်ခုကို ဖန်တီးနိုင်ပါတယ်လို့ သတင်းပါးလိုက်ရပါတယ်။
ဆောင်းပါးရေးသားမယ်လို့ ကြိုတင်ပြောမထားဘဲ ဒီစားသောက်ဆိုင်မှာ သွားရောက်စားသုံးခဲ့တာ ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေကအခမဲ့ တည်ခင်းတာကို မြန်မာတိုင်း(မ်)က လက်မခံပါဘူး။