တောဓလေ့စစ်စစ် ဖြစ်စေချင်တယ် ဘူးသီး ရှင့်
mmtimes.com
|
2018-09-13

ချဉ်ရည်ဟင်း၊အသုပ်၊ ငါးပိတို့စရာအစုံအလင်နဲ့ ဘူးသီးထမင်းဝိုင်း။ ငြိမ်းအိအိထွေး/မြန်မာတိုင်း(မ်)

အညာဓလေ့၊ တိုင်းရင်းသားရိုးရာ၊ မြန်မာ့စားဖွယ် စသဖြင့် ဒီနှစ်တွေမှာ ရန်ကုန်မြို့ရဲ့ စားသုံးသူတွေဆီ နိုင်ငံတကာစားသောက်ဆိုင်ကြီးတွေနဲ့အတူ ထိုးဖောက်ဝင်ရောက်လာတာက ကိုယ်ပိုင်ရိုးရာဓလေ့အစားအစာတွေ ဆိုင်တွေဖြစ်ကြောင်း စာဖတ်သူတွေလည်း သတိထား သဘောကျမိမှာပါ။ မြန်မာနိုင်ငံရဲ့ ဒေသတစ်ခုချင်းစီအလိုက် နာမည်တူရင်တောင် ချက်နည်းနဲ့ ပြင်ဆင်ပုံတွေအမျိုးမျိုးကွဲပြားတတ်တဲ့အစားအစာမျိုးစုံကို ခုခေတ်မှာတော့ တခုတ်တရ ပွဲထုတ်လာကြတာ ကျေနပ်စရာပါပဲ။

ဒီလိုပဲ မြန်မာ့ရိုးရာအစားအစာဆိုင်တွေ စီရရီပေါ်လာတဲ့ထဲမှာ စားသုံးသူတွေက တစ်ညီတညွတ်တည်း ခံတွင်းတွေ့လှပါတယ်လို့ မှတ်ချက်တွေပေးနေတဲ့ ဘူးသီးတောဓလေ့ ထမင်းဆိုင်ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ သွားဖြစ်ခဲ့ပါတယ်။ ဘူးသီးကအရင်ကတည်းက မြန်မာပလာဇာနဲ့ ဂျန်းရှင်းစီးတီးမှာ ဖွင့်ခဲ့ဖူးပြီး ပရိသတ်အခိုင်အမာရနေတဲ့ကြားက ဗြုန်းခနဲပျောက်သွားတဲ့ မြန်မာစားသောက်ဆိုင်တစ်ခုပါ။

ပြီးခဲ့တဲ့ လအနည်းငယ်ကမှ ဘိုကလေးဈေးလမ်းထဲမှာ ပြန်ဖွင့်တော့မယ်လို့ ကြော်ငြာသံကြားရပြီးအစားအသောက်ကို မျက်ခြည်မပြတ်သူတွေလည်းအပြေးအလွှားသွား၊ ကောင်းတာတွေရော ဆိုးတာတွေပါ စီနေအောင် ပြောကြတာမို့ ရန်ကုန်တီးဟောက်စ်နဲ့ ပဲ့ကိုင်ရှင်တူတဲ့ ဘူးသီးရဲ့သတင်းက တခြားဆိုင်တွေထက် နည်းနည်းတော့ ပိုဟော့နေပါတယ်။

စာရေးသူနဲ့ သူငယ်ချင်းကတော့ နေ့လယ်ထမင်း စားချိန်ကွက်တိမှာပဲ ဆိုင်ကိုအရောက်သွားဖြစ်ခဲ့တော့ ကားပါကင်နေရာက ရဖို့မလွယ်လှကြောင်းနဲ့ ဘိုကလေးဈေးလမ်းထိပ်၊ မဟာဗန္ဓုလလမ်းမပေါ်နဲ့ ဝန်ကြီးများရုံးရှေ့တို့မှာ ကားကြိုထားခဲ့ဖို့ သတင်းပေးပါရစေနော်။ ဆိုင်က Mr. Wok နဲ့ တွဲဖွင့်ထားပြီး ဆိုင်ထဲလှမ်းဝင်လိုက်တာနဲ့ လူတွေကြား နာမည်ကျော်နေတဲ့ 'အတင်းမတုတ်ရ၊ ဖဲမရိုက်ရ' စတဲ့ စည်းကမ်းချက်တွေကို ကြေညာချက်အကြီးကြီးပေါ်မှာ တန်းမြင်ရတော့တာပါပဲ။

ဘူးသီးက ထမင်းဆိုင်ထက် ဘားနဲ့ပိုဆင်တူပြီးအောက်ထပ်မှာ ဟင်းရွေးစရာကောင်တာ၊ Mr. Wok ကောင်တာ၊ တို့စရာယူရမယ့်နေရာ၊ သောက်စရာနဲ့အချိုပွဲကောင်တာတွေ ဖွင့်ထားပါတယ်။ ပြီးတော့ ထိုင်စရာ စားပွဲအနည်းငယ်ပဲ ရှိတော့တာမို့ နေရာခပ်ကျယ်ကျယ်ပေးထားတဲ့အဲဒီကောင်တာတွေအတွက်အောက်ထပ်ကို နှမျောမိရင်းအပေါ်ထပ်ပဲ တက်လာခဲ့မိပါတော့တယ်။

ဟင်းပွဲတွေကအရင်ရွေးသွားရမှာမို့ ကြက်၊ ဝက်၊ ဆိတ်၊ ငါး၊ ဘဲဥ စတဲ့အမည်တွေထဲကမှ နာမည်ကျော် ကြက်မော်လမြိုင်ချက်တစ်ပွဲ (ကျပ် ၂,၈ဝဝ)၊ ငါးရံ့အူ ဟင်းတစ်ပွဲ (ကျပ် ၅,ဝဝဝ)တို့ကို ရွေးလိုက်ပါတယ်။ တစ်ပွဲစာ ပြင်ထားပြီးသားဟင်းတွေရှိရာ မှန်ဘောင်ထဲ လှမ်းကြည့်ပြီး ရွေးရတာမို့ မသန့်မှာ၊ ဟင်းပွဲ မညီမှာတွေအတွက် စိတ်ပူစရာ မလိုတော့ပါဘူး။အရန်ဟင်းကောင်တာမှာတော့ ချဉ်ပေါင်ကြော်၊ မျှစ်ပဲပြုတ်ကြော် စတာတွေရှိပေမဲ့ ကင်းပုံသီးကြော်တစ်ပွဲ (ကျပ် ၁,ဝဝဝ)၊ ဂွေးသီးထောင်းတစ်ပွဲ (ကျပ် ၁,ဝဝဝ) မှာလိုက်ပါတယ်။

နောက်ထပ်အသုပ်ကောင်တာလည်း ရှိနေပြီး ပဲစောင်းလျားသီးသုပ်တစ်ပွဲ (ကျပ် ၁,ဝဝဝ) ကို ဝန်ထမ်းတွေရဲ့ လမ်းညွှန်မှုနဲ့ ထပ်မှာဖြစ်ပါတယ်။ ပြီးတော့ တစ်ခါတည်း ပိုက်ဆံရှင်းရမှာမို့ မုန့်လက်ဆောင်းတစ်ခွက် (ကျပ် ၁,ဝဝဝ) စီလည်း မှာခဲ့ပါတယ်။




အင်္ဂလိပ်သီချင်းသံတွေအစား တောဓလေ့ဆိုတဲ့အတိုင်း ဟိုးတုန်းက မြန်မာသီချင်းဟောင်းတွေနဲ့ သံစဉ်ချည်းသက်သက်တွေသာ ငြိမ့်ငြိမ့်ညောင်းညောင်း ဖွင့်ပြရင် စားသုံးသူတွေ ပိုကျေနပ်မိမှာလို့ ...

ထမင်းကတော့ သူငယ်ချင်းက ရိုးရိုးထမင်း (တစ်ပွဲ ကျပ် ၅ဝဝ) ပဲ မှာပေမဲ့ စာရေးသူကတော့ ပဲဖြူထမင်းလို့ ရေးထားတဲ့ ဧရာဝတီတိုင်းဘက်အခေါ် ဘိုကိတ်ပဲလွန်းဖြူနဲ့ ထမင်းကိုအိနေအောင် ရောချက်ထားတဲ့ ပဲထမင်းတစ်ပွဲ (တစ်ပွဲ ကျပ် ၁,ဝဝဝ) မှာဖြစ်ပါတယ်။

ငါးပိရည်တို့စရာအတွက် ကောင်တာသတ်သတ်ရှိပြီး မျှစ်နု၊ သခွားသီး၊ သရက်ကင်းရွက်နဲ့ ပေါက်ပန်းဖြူရွက်တို့ကို လိုသလောက်ထည့်သွားနိုင်သလို ငါးပိရည်ပျစ်ပျစ်မွှေးမွှေးကိုလည်း လိုသလို သတ်သတ်ထည့်နိုင်ပါတယ်။ လက်ဖက်ခြောက်မွှေးမွှေးနဲ့ ရေနွေးလည်းအလကားရပါတယ်နော်။

ကြက်မော်လမြိုင်ချက်ကအနှစ်များများဖြစ်ပြီး ပေါင်၊ တောင်ပံ၊အသား စတဲ့ တစ်ပွဲသုံးတုံးတောင် ပါတာဆိုတော့အမှန်ဆိုရင် ဒီဟင်းတစ်ပွဲမှာပြီးအရန်ဟင်းတွေနဲ့တင်အဆင်ပြေနေပါပြီ။အရသာကတော့ ဟင်းအနှစ်တွေမှာ များများသုံးထားတဲ့ ကြက်သွန်နီကြောင့် ခပ်ချိုချိုဖြစ်နေပါတယ်။ ကြက်သားလည်း နူးအိနေတာမို့ ပဲထမင်းနဲ့ လိုက်ဖက်တယ်လို့ပဲ ညွှန်းရမှာပါ။

ငါးရံ့အူဟင်းကတော့ မျှော်လင့်ထားတာနဲ့ နည်းနည်းတော့ လွဲပါတယ်။ ခုနက ကြက်သားဟင်းလိုပဲအနှစ်များများနဲ့ ချိုချိုအီအီအရသာမျိုးဆိုတော့ တကယ်လို့ ခပ်ချဉ်ချဉ်အရသာ ပိုများပြီးအနှစ်အဲဒီလောက်မများရင် ပိုစားလို့ ကောင်းနေမယ်လို့လည်း ထင်မိတယ်။ တကယ်တော့ ကြက်သားဟင်း မမှာဘဲ ငါးရံ့အူဟင်းတစ်မျိုးတည်း မှာလိုက်မယ်ဆိုရင်လည်း လုံလောက်နေပါပြီ။

ပဲစောင်းလျားသီးသုပ်ကတော့ ချဉ်ငံစပ်လေးဖြစ်ပြီး လတ်ဆတ်ကြွပ်ရွနေတာကြောင့် စာရေးသူအကြိုက်ဆုံးဟင်းပါပဲ။ မြေပဲဆံနဲ့ ပုစွန်ခြောက်အနှစ်များများနဲ့ ဂွေးသီးထောင်းက ချိုချဉ်လေးဖြစ်ပေမဲ့ ပဲစောင်းလျားသီးသုပ်လောက်တော့ ကျွန်မတို့ကို မဆွဲဆောင်နိုင်ခဲ့ပါဘူး။ နောက် ကင်းပုံသီးဟင်း။ ကင်းပုံသီးဟင်းကိုလည်း ထုံးစံအတိုင်းအနှစ်များများ၊ ဆီအိအိနဲ့ ချက်ထားတာမို့ တကယ့်တောဓလေ့အရသာမျိုးတော့ မဟုတ်ပြန်ဘူးလို့ ပြောချင်ပါတယ်။အဓိကက ဆီနဲ့အနှစ်လျှော့ပြီး ခပ်စိမ်းစိမ်းနဲ့ တောကချက်တဲ့ လက်ရာအတိုင်း ပေါ့ပေါ့ပါးပါးပုံလေး ဖြစ်စေချင်တာပါ။

လက်ဆောင်ပေးတဲ့ သီးစုံပဲဟင်းကတော့ ချဉ်ချဉ်လေးနဲ့အနှစ်ကျနေတာမို့ ခံတွင်းတွေ့ခဲ့ပြီး ဟင်းရည်လေးဆမ်း၊ ပဲစောင်းလျားသီးသုပ်၊ ငါးပိတို့စရာလေး မြှုပ်ပြီး ထမင်းလိုက်ပွဲယူရတဲ့အထိ စားဝင်ခဲ့ပါတယ်။ လိုက်ပွဲအတွက်လည်း ပိုက်ဆံထပ်ပေးစရာ မလိုပြန်ပါဘူး။




ခက်တာက ထမင်းစားနေတဲ့အချိန်မှာအောက်ထပ် Mr. Wok ကောင်တာက တဝုန်းဝုန်းနဲ့ ခေါက်ဆွဲထကြော်တာပါ။ ပါးစပ်ထဲထည့်ခါနီး ထမင်းလုတ်တောင် လန့်ပြီး ပြုတ်ကျမလိုဖြစ်အောင် ဘာလို့များ ဒီလောက်ဆူတာပါလိမ့်လို့ စူးစမ်းကြည့်ပြန်တော့ ခေါက်ဆွဲကိုအားပါးတရ ကြော်နေကြတာဖြစ်ပါတယ်။ တစ်ဆိုင်တည်းဖြစ်တာမို့အဲဒီ ဝုန်းခနဲအသံရယ်၊ တရစပ်ဖွင့်ထားတဲ့အင်္ဂလိပ်သီချင်းသံတွေရယ်ကြောင့် စိတ်ထဲအနှောင့်အယှက်တော့ ဖြစ်မိသလိုပါပဲ။

အင်္ဂလိပ်သီချင်းသံတွေအစား တောဓလေ့ဆိုတဲ့အတိုင်း ဟိုးတုန်းက မြန်မာသီချင်းဟောင်းတွေနဲ့ သံစဉ်ချည်းသက်သက်တွေသာ ငြိမ့်ငြိမ့်ညောင်းညောင်း ဖွင့်ပြရင် စားသုံးသူတွေ ပိုကျေနပ်မိမှာလို့လည်း တွေးမိပါတယ်။

ကျပ်တစ်ထောင်တန် မုန့်လက်ဆောင်းက ထန်းလျက်ရည်ကျဲကျဲလေးနဲ့ ချိုလွန်းနေသလိုဖြစ်ပေမဲ့ လက်ဆောင်ပေးတဲ့ ဆွမ်းမွှေးကျောက်ကျောကြောင့် စိတ်ပြန်ပြေခဲ့ပါတယ်။

နံရံတွေမှာအလှဆင်ထားတဲ့ ဘိလပ်ရည်လို ကြော်ငြာဟောင်းတွေနဲ့ ဆိုင်အပြင်အဆင်က ဓာတ်ပုံရိုက်ချင်စရာ ခမ်းနားနေပေမဲ့ စိတ်ထဲ တစ်ခုခုလိုနေသလို ခံစားရပါတယ်။ မကြိုက်သလိုလို ကြိုက်သလိုလိုနဲ့ လိုက်ပွဲအထိပါ မှာစားထားတဲ့ထမင်းကြောင့် ဗိုက်လေးလေးနဲ့ ပြန်ခဲ့ကြပေမဲ့ လိုတာထက်ပိုပြီး မျှော်လင့်ခဲ့မိတယ်လို့ပဲ ကိုယ့်ကိုယ်ကိုယ် ပြန်နှစ်သိမ့်ခဲ့ပါတယ်။

နောက်တစ်ခါ သွားစားဖြစ်မယ်ဆိုရင်တော့ ကြက်သားကာလသားချက်လိုမျိုး၊ ဘူးသီးဟင်းခါးလိုမျိုးနဲ့ ပဲစောင်းလျားသီးသုပ်လေး၊ ငါးပိတို့စရာလေးတွေကို စားချင်မိပါတယ်။ ဆီနဲ့ ဟင်းအနှစ်တွေကိုတော့ တောထမင်းဝိုင်းနဲ့ လုံးဝကို မအပ်စပ်တာကြောင့် ထပ်မမြင်ချင်မိတော့ပါဘူးရှင်။

ဘူးသီး တောဓလေ့ထမင်းဆိုင်ကိုအမှတ် ၁၁၆/၁၁၈၊ ဘိုကလေးဈေးလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့မှာ မနက် ၁ဝ နာရီက ည ၁ဝ နာရီအထိ ဖွင့်လှစ်ထားပါတယ်။


ဆောင်းပါးရေးသားမယ်လို့ ကြိုတင်ပြောမထားဘဲ ဒီစားသောက်ဆိုင်မှာ သွားရောက် စားသုံးခဲ့တာ ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေကအခမဲ့ တည်ခင်းတာကို မြန်မာတိုင်း(မ်)က လက်မခံပါဘူး။




Some text some message..