၀က်သားဘဲဥ အချိုနှပ် နဲ့ သီးစုံပဲဟင်း
ဒီတစ်ပတ်မှာတော့ အိုးသူကြီးက အသား၊ အာလူး၊ ပဲ အစရှိတဲ့ အားဖြစ်စေတဲ့ အရာတွေကိုတွေ အသုံးပြုပြီး ဟင်းချက်ဖို့ စီစဉ်ထားပါတယ်။ ဟင်းတွေကတော့ ဝက်သား၊ ဘဲဥ အချိုနှပ်နဲ့ သီးစုံပဲဟင်းဖြစ်ပါတယ်။ အချဉ်၊ အစပ်တွေ စားရတာများနေပြီဆိုရင် အချိုအရသာ ခပ်လေးလေး ချက်ထားတဲ့ ဒီဟင်းတွေကို တစ်လှည့်ချက်ပြုတ်စားသောက်နိုင်ပါတယ်။
ဝက်သားဘဲဥ အချိုနှပ်
လိုအပ်သောပစ္စည်းများ- ဝက်သား၊ ဘဲဥ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း(သို့) ငရုတ်သီးခြောက်၊ ကြက်သွန်မိတ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းအနည်းငယ် ပဲငံပြာရည်၊ သကြား၊ဆား၊ အရသာမှုန့်၊ဆနွင်းမှုန့်ဝက်သားကိုဆေးကြောပြီး အနေတော်တုံးပါ။ ပြီးရင် ဆား၊ အရသာမှုန့်ဆနွင်းမှုန့်နဲ့ နယ်ပြီးနှပ်ထားပါ။ အချိုနှပ်မှာ ဖြစ်တဲ့အတွက် အိုးသူကြီးကတော့ ဝက်သား အသားသပ်သပ်ကိုပဲသုံးထားပါတယ်။ အီမှာစိုးရိမ်လို့ပါ။ ဝက်သားသုံးထပ်သားနဲ့ လုပ်စားမယ်ဆိုလည်းရပါတယ်။ ဘဲဥကို ပြုတ်ပြီး ထက်ခြမ်းခြမ်းထားပါ။ အရသာဝင်အောင်ခြမ်းထားတဲ့ ဘဲဥကို ဓားနဲ့ အနည်းငယ်မွန်းထားပါ။
ကြက်သွန်ဖြူနဲ့ ဂျင်းအနည်းငယ်ကိုထောင်းပြီး ဆီသတ်ပါ။ ဆီသတ်တာ မွှေးလာပြီဆိုရင် သကြားအနည်းငယ်ထည့်ပါ။ သကြားအရည်ပျော်သွားပြီဆိုရင် ဆေးကြောပြီး နှပ်ထားတဲ့ ဝက်သားထည့်ပါ။ ဝက်သားအသားတင်းလာပြီဆိုရင် ရေအနည်းငယ်ထည့်ပါ။ ရေခမ်းပြီး အသားနူးသွားပြီဆိုရင် ခြမ်းထားတဲ့ ဘဲဥထည့်ပါ။ ကြက်သွန်နီ၊ခရမ်းချဉ်သီး လေးစိတ်ခွဲလှီးထားတာ ထည့်ပါ။ အာလူးနဲ့ ကြွက်နားရွက်မှိုထည့်ပြီးချက်ရင်လည်းရပါတယ်။
ပဲငံပြာရည်( အကြည်၊အနောက် အဆင်ပြေရာသုံးနိုင်ပါတယ်) ကို ပါဝင်ပစ္စည်းအားလုံးအပေါ် နှံအောင်ဆမ်းပြီးထည့်ပါ။ ဆားနဲ့ အရသာမှုန့် အနည်းငယ်ထည့်ပါ။ ရေအနည်းငယ်ထပ်ထည့်ပြီး ရေခမ်းရင် ငရုတ်သီးစိမ်း(သို့) ငရုတ်သီးခြောက်ထည့်ပြီး ဟင်းအိုးကို ခေတ္တအုပ်ထားပါ။ အိုးသူကြီးကတော့ ငရုတ်သီးခြောက်နဲ့က ပိုပြီးလိုက်ဖက်တယ်ထင်ပါတယ်။ ငရုတ်သီး နွမ်းပြီဆိုရင် ငရုတ်ကောင်းနဲ့ ကြက်သွန်မိတ်လေးအုပ်ပြီး အာဟာရပြည့်ဝပြီး အမယ်အစုံပါဝင်တဲ့ ချိုချိုမွှေးမွှေးဟင်းလျာကို သုံးဆောင်လို့ရပါပြီ။
သီးစုံပဲဟင်း
လိုအပ်သောပစ္စည်းများ - ကုလားပဲ၊ ရုံးပတီသီး၊ ဘူးသီး၊ အာလူး၊ ခရမ်းသီး ၊ ကြက်သွန်အဖြူ၊ ကြက်သွန်အနီ၊ အရောင်တင်မှုန့်(အစိမ်းမှုန့်)ကုလားပဲကို နာရီဝက်ခန့်ရေစိမ်ပြီး နူးသည်အထိ ပြုတ်ထားပါ။ အိုးသူကြီးကတော့ ပဲဟင်းပျစ်ပျစ်လေးစားချင်လို့ ပြုတ်ထားတဲ့ ကုလားပဲတွေကို ထောင်းလိုက်ပါတယ်။ ကြက်သွန်အဖြူ ဓားပြားရိုက်ထားတာလေးနဲ့ ကြက်သွန်နီခပ်ထူထူ လှီးထားတာကို ရောပြီး ဆနွင်းအနည်းငယ်နဲ့ ဆီသတ်ပါ။ ကြက်သွန်ဖြူ ၊ နီ အနည်းငယ်နွမ်းပြီး မွှေးလာပြီဆိုရင် အရောင်တင်မှုန့်လေး ထည့်ပြီး သင့်တော်သလို လှီးထားတဲ့ ဘူးသီးနဲ့ အာလူးကို ရောဆီသတ်ပါ။ ပြီးရင်ပြုတ်ထားတဲ့ ကုလားပဲထည့်ပြီး ရေအနည်းငယ်ထည့်ပါ။ ဆား၊အရသာမှုန့်ထည့်ပါ။ ရေဆူလာရင် ခရမ်းသီးထည့်ပါတယ်။ခရမ်းသီး အရည်ပျော်သွားမှာစိုးရိမ်လို့ နောက်မှ ထည့်တာဖြစ်ပါတယ်။ ခရမ်းသီးနူးရင် အရသာ အပေါ့အငံမြည်းပြီး ရုံးပတီးသီးထည့်ပြီး ဟင်းအိုးကို မီးပိတ်ပြီး အဖုံးခဏ ဖုံးထားလိုက်ပါ။ ပြီးရင် အရသာရှိတဲ့ သီးစုံပဲဟင်းလေးရပါပြီ။ တစ်ချို့က အသီးအရွက်တွေ ဆီသတ်တဲ့အချိန် ဒါမှမဟုတ် ပဲဟင်းအိုးချခါနီးရင် မဆလာထည့်တတ်ကြပါတယ်။ မဆလာထည့်ချက်ပြီး ပဲဟင်းအိုးချခါနီးမှာ ထပ်ပြီး မန်းကျည်းမှည့်ရည်လေး ထည့်လိုက်ရင် သီးစုံပဲကုလားဟင်း ဖြစ်သွားပါပြီ။ အိုးသူကြီးကတော့ ဝက်သားဟင်းကို အချိုချက်ထားတာ ဖြစ်တဲ့အတွက် သီးစုံပဲဟင်းအချိုလေးပဲ ချက်လိုက်တာပါ။