ရွှေတောင်ခေါက်ဆွဲချက်စားကြမယ်...
mmload.com
|
2023-01-21

ရွှေတောင်မြို့ရဲ့ အထင်ကရ အစားစာဖြစ်တဲ့ရွှေတောင်ခေါက်ဆွဲစားဖူးကြလား? တော်တော်များများတော့စားဖူးကြမယ်ထင်ပါတယ်...ရန်ကုန်မှတော့ ရွှေတောင်ခေါက်ဆွဲရောင်းတဲ့ ဆိုင်တွေရှိကြပေမယ့် ဈေးကြီးတာရယ်ဆိုင်တိုင်းမှာမရှိတာရယ်ကြောင့် ဝယ်စားတဲ့သူရှားတယ်လို့ ဆိုရမှာပါပဲ...


တကယ်တော့ ရွှေ‌တောင်ခေါက်ဆွဲ ဆိုတာအရမ်းလည်းချက်ရမခက်သလို မချက်တတ်ရင်လည်း အုန်းနို့ခေါက်ဆွဲနဲ့တူသွားတတ်တာမလို့ဒီတစ်ခေါက်မှာရွှေတောင်ခေါက်ဆွဲ ချက်နည်းလေးကို ဝေမျှပေးသွားပါမယ်နော်...

ကဲ အခုပဲ အတူတူလိုက်ချက်ကြည့်ရအောင်

ပါဝင်ပစ္စည်းများ


_ရွှေတောင်ခေါက်ဆွဲ (အပါးအပြားလေး)၅၀သား၊ ကြက်သား၃ဆယ်သား၊ ကြက်ဥ ငါးလုံး

_ကြက်သွန်နီ ကြက်သွန်ဖြူ၊ဂျင်း၊ နံနံပင်၊ရှောက်သီး၊ အုန်းဆီချက်ဘူး၊ခေါက်ဆွဲခြောက် အကြွပ်(အခွေလိုက်လေးတွေ)

_ ရေအနည်းငယ်၊ဆီ၊ ငရုတ်သီးအကျက်မှုန့်၊ငရုတ်သီးဟင်းချက်မှုန့်၊အရသာမှုန့် ၊ ငံပြာရည်၊ ဆား၊ သကြား၊ ပဲမှုန့် အစိမ်းမှု့န်


ပြုလုပ်ပုံအဆင့်ဆင့်

(၁) ဒယ်အိုးထဲမှာ ဆီများများထည့်ပြီးနနွင်းမှုန့်ထည့်ကာ ဆီဝါဝါပူပူလေးထဲမှာခေါက်ဆွဲခြောက် ကြွပ်အခွေများကိုခွာပြီးကြော်ပါ(ရွှေအိုရောင်စသန်းလာတာနဲ့ ဆီအိုးထဲက ဆယ်ပြီး ဆီစစ်ထားလို့ရပါပြီ)

(၂) ဆီအိုးထဲကဆီများကို ပန်းကန် တစ်လုံးတည်းမှာခပ်ထားပြီး အိုးထဲမှာ ဆီအနည်းငယ်သာ ချန်ခဲ့ပါ။ ချန်ခဲ့တဲ့ဆီထဲကိုအုန်းဆီချက်ဘူးလောင်းထည့်ပြီး အုန်းဆီအနံမွှေးပြီး ဥတက်လာပြီဆိုရင် မီးငြိမ်းပြီးပန်းကန်တစ်လုံးထဲ ခပ်ထည့်ထားလို့ရပါပြီ။ ပြီးရင်ကြက်သားအစိမ်းများကိုသန့်စင်ပြီးအရသာမှုန့်အနည်းငယ်နယ်ထားပေးပါ။


(၃) ခေါက်ဆွဲခြောက်ကြော်လို့ ပိုတဲ့ဆီ(သို့)မပိုတော့ပါက ဆီအသစ်ကို အိုးထဲအနည်းငယ်ထည့်ပါ ၊ ဟင်းချက်မှုန့် အနည်းငယ်ထည့်ပေးပါ။ပြီးရင်တော့ကြက်သွန်ဖြူ ကြက်သွန်နီနဲ့ဂျင်းများကို ဆီသပ်ပြီး  ဆီစိမ်းနံ့ပျောက်သွားပါကကြက်သားများကိုထည့်ပါ။(ကြက်သားကို ပြုတ်ပြီးအသားလွှာထည့်လည်းရသလိုအတုံးသေးလေးတွေတုံးပြီးလည်းထည့်လို့ရပါတယ်) အရိုးနဲ့ပါတွဲပြီးစားရတာမရှုပ်ဘူးလို့ခံစားရရင်အရိုးပါတွဲပြီးချက်ပါ အရည်ပိုချိုပါတယ်။

(၄) ကြက်သားဆီသပ်တာ ကျက်သွားရင်တော့ပဲစချက်လို့ရပါပြီ။ ပဲအစိမ်းမှုန့်ကိုထမင်းစားဇွန်း ၂ဇွန်းခွဲခန့်ထည့်ပါ။ပြီးရင်တော့ ပဲများကို အစိလိုက်ဖြစ်မနေအောင်ရေနဲ့ရောပြီးချေပေးပါ။လိုအပ်ရင်ဇကာပေါက်သုံးပြီး ခဲနေတဲ့ပဲများကိုအရည်ဖြစ်အောင်စစ်ချပေးပါ။

(၅) ပြီးရင်တော့ကြက်သွန်ဥအလုံးသေးလေးများကိုရေနွေးနဲ့ပြုတ်ထားပေးပါ။ ကြက်သွန်ဥအသေးလေးမရှိရင် ဥကြီးကိုပဲအစိတ်ခွဲပြီးပြုတ်ပေးလည်းရပါတယ်၊ ကြက်သွန်ဥနူးလာရင်တော့ ကြက်သွန်ပြုတ်တဲ့ရေထဲကိုအပေါ်က ပဲရည်များလောင်းထည့်ပြီး ပဲနံ့ပျောက်သွားသည်အထိမွှေပေးရပါမယ်။

(၆) ကြက်သွန်ဥလည်းနူးလာပြီပဲနံ့လည်းပျောက်ပြီဆိုရင်တော့ အပေါ်မှာချက်ခဲ့တဲ့ ကြက်သားဆီပြန်နဲ့ရောလိုက်ပါ။အရသာအတွက် ငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း ဆားအနည်းငယ်၊ အရသာမှုန့်အနည်းငယ်နဲ့သကြားအနည်းငယ်ကိုလိုသလို ထည့်ပါ။ မြည်းကြည့်လို့ဟင်းရည်လေးအတော်ဖြစ်နေရင်တော့ချလို့ရပါပြီနော်...

(၇) ရွှေတောင်ခေါက်ဆွဲနဲ့စားဖို့ငရုတ်သီးအကျက်မှုန့်ကို ဆီပူပူလေးနဲ့လှိမ့်ပြီဂအိုးကင်းထိုးထားပေးပါ။ဒါဆိုရင်တော့ငရုတ်သီးကြော်ရပါပြီ

ပန်းကန်းထဲမှာ ခေါက်ဆွဲလေးထည့်ကြက်သွန်စိမ်းပါးပါးလေးလှီထည့် ၊နံနံပင်လေးထည့်၊ ငရုတ်သီးကြော်လေးထည့်၊အုန်းဆီချက်လေးဆမ်း၊ ခေါက်ဆွဲကြွပ်ကြော်မွမွလေး ထည့်ပြီး အပေါ်ကနေဟင်းအရည်လေးဆမ်းလိုက်ပါ။ ဒါဆိုရင်တော့သိပ်ကိုအရသာရှိတဲ့ ရွှေတောင်ခေါက်ဆွဲကောင်းကောင်းလေးရပါပြီ...လက်ဝင်ပေမယ့် ချက်တတ်သွားရင်လွယ်တာမလို့ စမ်းချက်ကြည့်ကြဦးနော်...




Some text some message..