ရှယ်ပုစွန် အုန်းနို့ချက်ချက်စားမယ်…
mmload.com
|
2023-03-17

ပုစွန်အကောင်ကြီးကြီးကိတ်ကိတ်ကြီးတွေကိုအုန်းနို့အနံ့ မွှေးမွှေးလေးတွေနဲ့စားရမယ်ဆိုရင် အရမ်းကို အရသာရှိနေမှာပဲနော်… ထမင်းပူပူလေးနဲ့တွဲစားလိုက်ရရဖြင့် တကယ့်ကိုအရသာရှိပြီး အဆင့်မြင့်တဲ့အရသာကို ခံစားရမယ့် ဟင်းတစ်ခွက်မလို့အခုပဲ အတူတူလိုက်ချက်စားကြည့်ရအောင်… ချက်နည်းကလည်းအင်မတန်မှလွယ်တယ်နော်…


ပါဝင်ပစ္စည်းများ

ပုစွန်၊ကြက်သွန်နီ၊ အုန်းနို့ ၊ အရသာမှုန့် ၊ ဆီ၊ ရေအနည်းငယ်၊ နနွင်း၊ ငရုတ်သီးဟင်းချက်မှုန့်၊ ငံပြာရည်၊ အုန်းနို့ဘူး

ပြုလုပ်ပုံအဆင့်ဆင့်

ပုစွန်များကိုရေသေချာဆေးပြီး အညစ်ကြေးများသေချာ ထုတ်ထားကာ အရသာမှုန့်အနည်းငယ်၊ နနွင်းအနည်းငယ် ဖြင့်နယ်ထားပါ။

ကြက်သွန်နီများကိုလှီးပြီးထောင်းထားပါ။


ဆီအိုးထဲကိုဆီသင့်တော်သလို ထည့်ပြီး ကြက်သွန်နီကို ဟင်းချက်မှုန့်ဖြင့် ဆီသပ်ပါ။ ဆီသပ်တဲ့ထဲကိုငံပြာရည်လေးအနည်းငယ်ထည့်ပါ။

ကြက်သွန်နူးလွယ်အောင်ရေအနည်းငယ်ထည့်ပါ။ ကြက်သွန်နည်းနည်းနူးလာပြီဆိုရင် ပုစွန်များကို ထည့်ကာ ရေအနည်းငယ်ထည့်ပြီးအုပ်ထားပါ။

ရေခမ်းလာပြီးပုစွန်များရွှေဝါရောင်သမ်းလာပြီဆိုရင်တော့ဆီပြန်အောင်စောင့်ပါ ။ ဆီပြန်လာတဲ့အခါ အုန်းနို့လောင်းထည့်ပါ(Readymade )အုန်းနို့ဘူးကိုသုံးရင်ပိုမြန်ပါတယ်။

ပြီးရင်ဟင်းချက်ဇွန်းဖြင့် အသာအယာမွှေပေးပါ။ အုန်းနို့က အိုးထဲမှာ ဆိုရင် ခဏလေးနဲ့တူးပြီးကပ်သွားစေနိုင်တဲ့အတွက်အဆက်မပြတ်မွှေပေးနိုင်ဖို့အရေးကြီးပါတယ်။ အုန်းနို့ကိုတော့ ကိုယ်လိုသလောက်ပဲထည့်ပါ။ကိုယ်ချက်တဲ့ဟင်းပမာဏရဲ့ သုံးပုံ တစ်ပုံလောက်ပဲ ထည့်သုံးပေးဖို့အကြံပေးပါရစေနော်… ဒါမှလည်းအရသာရှိပြီးအရမ်းမအီမှာနော်

ကဲ ဆီပြန်ပြီးအနံ့မွှေးလာရင်တော့ ချလိုက်ပါ။ ဒါဆိုရင်တော့အရမ်းအရသာရှိတဲ့ရှယ်ပုစွန် အုန်းနို့ချက်ရပါပြီ…အရမ်းစားလို့ကောင်းပေမယ့် တက်စာဖြစ်နေလို့ အရက်ဘီယာနဲ့တွဲမစားဖို့တော့အကြံပေးပါရစေ

အားလုံးပဲအရသာရှိတဲ့အစားစာတွေကို ကျန်းမာရေးနဲ့အညီချက်ပြုတ်စားသောက်နိုင်ကြပါစေနော်




Some text some message..