စားလို့ကောင်းတဲ့ ဝက်အသည်းကြော်လေးကို လူကြီး လူငယ်မရွေး ကြိုက်မယ်လို့ ထင်ပါတယ်။ လုပ်ရ လွယ်ကူတဲ့အပြင် အချိန်ကုန်လည်း သက်သာတာမလို့ တစ်ခါလောက် လုပ်စားကြည့်ရအောင်
ဝက်အသည်းကြော်အိအိလေးရဖို့ လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့
၁။ ဝက်အသည်း
၂။ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ကြက်သွန်မိတ်
၃။ အသားမှုန့် ၊ ဆား ၊ ပဲငံပြာရည်
၄။ ဆီ ၊ ခရုဆီ ၊ ငရုတ်ကောင်း
၅။ ဂျင်း
၆။ စားချင်တဲ့အသီးအရွက်အနည်းငယ် ( မထည့်လည်းရ ) တို့ပဲ ဖြစ်ပါတယ်။
ပထမဆုံး ဝက်အသည်းကို ရေစင်အောင်ဆေးပြီး အနေတော် အတုံးလေးတွေ လှီးထားပါမယ်။ ဒယ်အိုးကို ဆီထည့်ပြီး မီးဖွင့်ထားပါမယ်။ ပြီးရင်တော့ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ တွေကို ပါးပါးလှီးထားပါမယ်။ ဂျင်းကို တပြားရိုက်ပြီး ပါးပါးလှီးပါမယ်။ ဒယ်အိုး ဆီပူပြီဆိုရင်တော့ အသင့်လှီးထားတဲ့ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ နဲ့ ဂျင်းတွေကို ထည့်ကြော်ပါမယ်။ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ နဲ့ ဂျင်းတို့ အညိုရောင် သင်းပြီး မွှေးလာပြီဆိုရင်တော့ အနေတော်လှီးထားတဲ့ ဝက်အသည်းတွေကို ထည့်လှော်လိုက်ပါမယ်။
ဆား ၊ အသားမှုန့် အချိုးကျထည့်ပြီး ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ပါမယ်။ ပြီးရင်တော့ အရသာနှံ့အောင် အပေါ်အောက် လှန်မွှေပါမယ်။ ရေအနည်းငယ် ထည့်ပါမယ်။ အများကြီးမလိုပါဘူးနော် ။ အသည်းကလည်း ရေအနည်းငယ်ပြန်ထွက်လို့ပါ။ ဒါဆိုရင်တော့ အသည်းတွေ မတူးအောင် သေချာလေး မွှေပေးပါမယ်။ ရေလည်း ခမ်းသွားပြီ ၊ အသည်းလည်း ကျက်ပြီ ဆိုရင်တော့ ဒယ်အိုးကို မီးပိတ်လိုက်ပါတော့မယ်။ဒါပေမယ့် တစ်လက်မအရွယ်လောက် ညှပ်ထားတဲ့ ကြက်သွန်မိတ် အနည်းငယ်ကို အသည်း အပေါ်က ဖြူးပြီး ဒယ်အိုးအဖုံးလေး ခဏပိတ်ထားပါမယ်။ ၂ မိနစ်လောက်နေရင် ကြက်သွန်မိတ်လေးတွေလည်း နွမ်းသွားပြီး အရမ်းကို စားလို့ကောင်းတဲ့ ဝက်အသည်းကြော်အိအိလေးကို ရသွားပြီပဲ ဖြစ်ပါတယ်။ ပိုပြီး မွှေးသွားအောင် အပေါ်ကနေ ငရုတ်ကောင်းလေး ဖြူးလိုက်ပါမယ်။
ဒီနေရာမှာ တစ်ခုသတိထားရမှာကတော့ အသည်းက ပျော့တာကြောင့် ကြေမသွားအောင် ဖြည်းဖြည်းလေး မွှေဖို့ လိုအပ်ပါတယ်။ဒါဆိုရင် လုပ်ရလည်းလွယ်ပြီး စားလို့ကောင်းတဲ့ ဝက်အသည်းကြော်အိအိလေးကို တစ်ခါလောက် စားကြည့်ကြရအောင်နော်။