အာလူးမာလာကို အိမ်မှာပဲ အလွယ်တကူ လုပ်စားကြည့်ရအောင်
mmload.com
|
2024-05-23

ဆိုင်မှာ သွားသွားစားရတဲ့ အာလူးမာလာလေးကို အိမ်မှာ လွယ်လွယ်ကူကူ လုပ်စားကြည့်ရအောင်နော်။ စားလို့လည်း ကောင်းပြီး လူကြီးလူရွယ်မရွေး အကြိုက်တွေ့စေမှာမို့ တစ်ခါလောက် လုပ်စားကြည့်ရအောင်။

အာလူးမာလာလေးလုပ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ ၁။ အာလူး ၂။ ကော်၊ ဂျုံ၊ ကြက်ဥ ၃။ ဟင်းခတ်မှုန့် ၄။ငရုတ်ကောင်း ၅။ မာလာအနှစ် တို့ပဲဖြစ်ပါတယ်။


ပထမဆုံး အာလူးကို အခွံနွှာပြီး ရေ‌ဆေးပါမယ်။ အာလူးချောင်းအရွယ်အစား အနေတော်အတုံးကလေးတွေ လှီးပါမယ်။ ကော် တစ်ဆ ၊ ဂျုံ နှစ်ဆတို့ကို ဇလုံတစ်လုံးထဲ ထည့်ပါမယ်။ ကြက်ဥ တစ်လုံး ဖောက်ထည့်ပါမယ်။ ဟင်းခတ်မှုန့် နဲ့ ဆားအနည်းငယ် ရောထည့်ပါမယ်။ ငရုတ်ကောင်း အနည်းငယ် ထည့်ပါမယ်။ ပြီးရင်တော့ အကုန်လုံးကို အရသာနှံ့အောင် ရောသမမွှေပါမယ်။ အသင့်လှီးပြီးတဲ့ အာလူးချောင်းကိုပါ ရောထည့် နယ်ပါမယ်။ ဒယ်အိုးကို ဆီထည့်ပြီး မီးဖွင့်ထားပါမယ်။ ဆူပွတ်လာပြီဆိုရင်တော့ အရသာနယ်ထားတဲ့ အာလူးချောင်းကလေးတွေကို ထည့်ကြော်ပါမယ်။ 


အညိုရောင် သမ်းတဲ့အထိ အပေါ်အောက် လှန်‌ပြီး ကြော်ပေးပါမယ်။ မိနစ် ၂၀ ၊ ၃၀ လောက် ကြော်ပြီးရင်တော့ ကြွပ်ရွပြီး စားလို့ကောင်းတဲ့ အာလူးချောင်းပူပူလေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။ အာလူးချောင်းတွေကို ဆီစစ်ထားပါမယ်။ ဒယ်အိုးထဲက ဆီတွေကို ဖယ်ထုတ်လိုက်ပါမယ်။ ပြီးရင်တော့ အသင့်ရှိနေတဲ့ မာလာနှစ် တစ်ဇွန်းလောက် ထည့်ကြော်ပါမယ်။ မာလာအနံ့လေး သင်းထွက်လာပြီဆိုရင်တော့ ဆီစစ်ထားတဲ့ အာလူးချောင်းတွေကို တဖန်သွား လှိမ့်လိုက်ပါမယ်။ ဒါဆိုရင်တော့ စားလို့ကောင်းပြီး အကုန်လုံးကြိုက်မယ့် အာလူးမာလာလေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။ အပြင်သွားစရာ မလိုဘဲ အိမ်မှာပဲ အလွယ်တကူ လုပ်စားလို့ ရတာကြောင့် တစ်ခါလောက်တော့ လုပ်စားကြည့်ကြပါနော်။ 





Some text some message..