
ဘဲဥကို အမျိုးမျိုးချက်စားကြပေမယ့် ကြော်ပြီး ချက်တာကိုတော့ အလုပ်ရှုပ်တယ်ဆိုပြီး တော်ရုံ ချက်မစားကြပါဘူး။ တကယ့်ကို စားလို့ကောင်းပြီး အသားတင်းတင်းလေးမို့ တစ်ခါလောက် ချက်စားကြည့်ပါနော်။
ဘဲဥကြော်ချက်စားဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့
၁။ ဘဲဥ ၂။ ခရမ်းချဉ်သီး ၊ ငြုပ်သီးခွဲခြမ်းမှုန့်၃။ ကြက်သွန်နီ ၊ ဂျင်း ၄။ ဆား ၊ ငံပြာရည် ၊ ဟင်းခတ်မှုန့် ၅။ အရောင်တင်မှုန့် တို့ပဲ ဖြစ်ပါတယ်။

အရင်ဆုံး ဘဲဥအစိမ်းကို ရေနွေးနဲ့ ကျက်အောင် ပြုတ်ပေးပါမယ်။ ပြုတ်နေချိန်မှာ ခရမ်းချဉ်သီးတွေကို လေးစိတ် စိတ်ပိုင်းထားပေးပါမယ်။ ကြက်သွန်နီ နဲ့ ဂျင်းကို ပါးပါးလှီးပါမယ်။ ရေစင်အောင် ဆေးပေးပါမယ်။ ပြီးရင်တော့ လှီးထားတဲ့ ကြက်သွန်နီ နဲ့ ဂျင်းကို ငြုပ်သီးခွဲခြမ်းမှုန့် ကလေးနဲ့ ရောပြီး ညက်အောင် ထောင်းပေးပါမယ်။ တစ်ဖက်မှာ ဘဲဥကျက်သွားပြီဆိုရင်တော့ ဘဲဥကို အခွံခွှာပြီး နှစ်ခြမ်း ခြမ်းပေးပါမယ်။ ဒယ်အိုးကို ဆီထည့်ပြီး မီးဖွင့်ပါမယ်။ ဆီဆူလာပြီဆိုရင် ကျက်ပြီးသား ဘဲဥအခြမ်းတွေကို ထည့်ကြော်ပေးပါမယ်။ တစ်ဖက်တည်း တူးမသွားအောင် ဘေးအစွန်းလေးတွေ အညိုရောင်သမ်းတဲ့အထိ ဘဲဥကို အထက်အောက် လှန်ပြီး ကြော်ပေးပါမယ်။ ပြီးရင်တောါ ဆီခဏ စစ်ထားပါမယ်။ ဘဲဥကြော်တဲ့ အိုး နဲ့ ဆီကိုပဲ ပြန်လည် အသုံးပြုပါမယ်။

ဆီဆူပြီးသား အိုးထဲကို အရောင်တင်မှုန့် အနည်းငယ် ထည့်ပေးပါမယ်။ ထောင်းထားတဲ့ ကြက်သွန် ၊ ဂျင်းတို့ကို ဆီသတ်လိုက်ပါမယ်။ ဆီသတ်နံ့လေး သင်းလာပြီဆိုရင်တော့ ခရမ်းချဉ်သီးတွေကို ထည့်လိုက်ပါမယ်။ ရေအနည်းငယ် ထည့်ပြီး ခရမ်းချဉ်သီးအနှစ်လေးရအောင် အဖုံး ခဏ အုပ်ထားပါမယ်။ ခရမ်းချဉ်သီးတွေ နူးသွားပြီး အနှစ်ကလေး ရလာပြီဆိုရင်တော့ ကြော်ပြီးသား ဘဲဥကို ထည့်ချက်လိုက်ပါမယ်။ ဆား နဲ့ ငံပြာရည်အနည်းငယ် ၊ ဟင်းခတ်မှုန့်တို့ကို အချိုးကျ ထည့်ပေးပါမယ်။ ဘဲဥနဲ့ တသားတည်းဖြစ်ပြီး အရသာနှံ့သွားအောင် အနည်းငယ် မွှေပေးလိုက်မယ်ဆိုရင်တော့ အဆင့်ဆင့်လုပ်ခဲ့တာနဲ့အမျှ တကယ်ကောင်းတဲ့ ဘဲဥကြော်ချက်လေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။