
ပုစွန်ကို ဘယ်လိုချက်စားရမလဲ စဉ်းစားနေတယ်ဆိုရင်တော့ အာဟာရနဲ့ ပြည့်ဝတဲ့ ပုစွန်အာလူးဆီပြန်ချက်လေး လုပ်စားကြည့်ပါနော်။
ပုစွန်အာလူးဆီပြန်လေး ချက်ဖို့ လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့
၁။ ပုစွန် ၂။ အာလူး ၃။ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဂျင်း ၄။ နနွင်းမှုန့် ၊ အစိမ်းမှုန့် ၅။ ပဲငံပြာရည် ၊ ဟင်းခတ်မှုန့် ၊ ဆား တို့ပဲ ဖြစ်ပါတယ်။

ပထမဆုံး ပုစွန်ကို အခွံခွာပြီး ဆားနဲ့ ရေသေချာပြောင်အောင် ဆေးကြောထားပါမယ်။ အာလူးကို အခွံနွှာပြီး ကိုယ်လိုချင်တဲ့အရွယ်အစား တုံးထားလိုက်ပါမယ်။ ဆားရေနဲ့ အတူ အာလူးကို ရေဆေးပေးထားပါမယ်။ ဒယ်အိုးကို မီးဖွင့်ပြီး ဆီထည့်ထားပါမယ်။ ဆီမဆူပွက်ခင် ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဂျင်းတို့ကို ငရုတ်ဆုံထဲမှာ ကြေညက်နေအောင် ထောင်းပါမယ်။ ဆီဆူလာပြီဆိုရင် အသင့်ရှိနေတဲ့ အစိမ်းမှုန့် နဲ့ နနွင်းမှုန့် အနည်းငယ်ထည့်ပြီး မွှေပေးပါမယ်။

အနံ့မွှေးလာပြီဆိုရင်တော့ ထောင်းထားတဲ့ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဂျင်းတို့ကို ဆီသတ်လိုက်ပါမယ်။ အရောင်လေးတွေနဲ့ ညိုစပြုလာပြီဆိုရင် ပုစွန်ကို ထည့်ကြော်ပါမယ်။ အနည်းငယ် ကွေးသွားပြီဆိုရင်တော့ အာလူးကို ထည့်မွှေလိုက်ပါမယ်။ ဟင်းခတ်မှုန့် ၊ ဆား နဲ့ ပဲငံပြာရည်အနည်းငယ် ထည့်ပြီး အရသာ နှံ့အောင် မွှေလိုက်ပါမယ်။ ပြီးရင်တော့ အာလူးတွေ နူးသွာအောင် ရေ တစ်ခွက်ထည့်ပြီး ဒယ်အိုးအဖုံးခဏ အုပ်ထားကာ ရေခမ်းစေပါမယ်။ ၁၅ မိနစ်မှ ၃၀ မိနစ်ကြာရင်တော့ ရေတွေ ခမ်းခြောက်သွားပြီး ဆီပြန်လေးဖြစ်နေတဲ့ ပုစွန်အာလူးချက်လေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။ အိမ်မှာ ချက်ဖို့ ဘာချက်ရမလဲ စဉ်းစားနေတယ်ဆိုရင်တော့ ပုဇွန်အာလူးချက်ဆီပြန်ချက်လေးကို တစ်ခါလောက် စမ်းစားကြည့်ကြပါနော်။