
ချိုချို ချဉ်ချဉ်တွေ မစားချင်တော့ဘူးဆိုတဲ့ သူတွေအတွက် အာပူလျှာပူ ရှယ်စပ် ၊ ကောင်းတဲ့ ရှူးရှူးရှဲရှဲ ကြက်တရုတ်အော်သီးချက်လေးကို တစ်ခါလောက်တော့ ချက်စားကြည့်ပါနော်။
ကြက်တရုတ်အော်သီးချက်လေးလုပ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့
၁။ ကြက်သား ၂။ တရုတ်အော်သီး ( ငရုတ်သီးတစ်မျိုး ) ၃။ ငရုတ်သီးစိမ်း ၄။ ကြက်သွန်ဖြူ ၊ ငရုတ်ကောင်း ၅။ ဆား ၊ ဟင်းခတ်မှုန့် တို့ပဲ ဖြစ်ပါတယ်။

ပထမဆုံး ကြက်သားကို အတုံးသေးသေးလေးတွေ ဖြစ်အောင် တုံးထားပါမယ်။ တရုတ်အော်သီးကို တပြားရိုက်ပြီး နုတ်နုတ်စင်းထားပါမယ်။ ငရုတ်သီးစိမ်းကိုလည်း ထိုနည်းတူ တပြားရိုက်ပြီး နုတ်နုတ်စင်းထားပေးပါမယ်။ ပိုမွှေးချင်တယ်ဆိုရင်တော့ နံနံပင် ထည့်လို့ ရပါတယ်။ ကြက်သွန်ဖြူ တပြားရိုက်ထားပါမယ်။ ဒယ်အိုးကို မီးဖွင့်ပြီး ဆီဆူစေပါမယ်။ ဆီဆူပြီဆိုရင်တော့ ကြက်သွန်ဖြူလေးကို အရင်ဆုံးထည့်ပြီး ဆီသတ်လိုက်ပါမယ်။

ကြက်သွန်နံ့လေး မွှေးလာပြီဆိုရင် ငရုတ်သီးစိမ်း နဲ့ တရုတ်အော်သီး တွေကို ထည့်လို့ ရပါပြီ။ ထည့်မွှေပြီး ငရုတ်သီးနံ့မွှန်မွှန် ဂလာပြီဆိုရင်တော့ အသင့် တုံးထားတဲ့ ကြက်သားတွေကို ထည့်လိုက်ပါမယ်။ ဆား ၊ ဟင်းခတ်မှုန့်တို့ကို အချိုးကျ ထည့်ပေးပါမယ်။ ပြီးရင်တော့ အရသာနှံ့သွားအောင် အကုန် ရောသမမွှေပေးပါမယ်။ ဒီတိုင်းထားမယ်ဆို တူးနိုင်တာကြောင့် အပေါ်အောက် လှန်ပြီး မွှေပေးနေပါမယ်။ ကြက်သားကျက်ပြီဆိုရင်တော့ ငရုတ်ကောင်းမှုန့်လေးကို အပေါ်ကနေ ဖြူးပေးလိုက်ပါမယ်။ ဒါဆိုရင်တော့ ပူပူစပ်စပ် နဲ့ စားလို့ကောင်းတဲ့ ကြက်တရုတ်အော်သီးချက်လေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။