ကျန်းမာရေးဆားလို့ ပြောကြတဲ့ ပန်းရောင်ဆား သွေးမတိုးဘူးဆိုတာ ဟုတ်သလား
hellosayarwon.com
|
2019-04-07

Himalayan salt လို့ခေါ်တဲ့ ပန်းရောင်ဆားဆိုတာ ဟိမဝန္တာတောင်တန်းတွေအနီး ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ဒေသမှာရှိတဲ့ သတ္တုဆားခဲတစ်မျိုးပါ။ ပန်းရောင်ဆားဟာ ဆားအမျိုးအစားများစွာထဲကအသန့်စင်ဆုံးဖြစ်ပြီး ကျန်းမာရေးအကျိုးေျကျးဇူးတွေလည်း သိပ်များတယ်လို့ တချို့က ယုံကြည်ညွှန်းဆိုကြပါတယ်။အခုဆို သွေးမတိုးတဲ့ဆား ဆိုပြီးတောင် ကြော်ငြာနေတာတွေ တွေ့လာရပါတယ်။ ဒါပေမယ့် သူက ကျန်းမာရေးအတွက် ပိုကောင်းနေတာလား၊ သူများတွေပြောနေတဲ့အကျိုးကျေးဇူးတွေကရော ဟုတ်ရဲ့လား၊ ဘာတွေထူးခြားနေလဲ၊ ရိုးရိုးဆားအစား  သူ့ကိုပဲအမြဲသုံးရတော့မလား ဆိုတဲ့ မေးခွန်းတွေကို ဒီဆောင်းပါးနဲ့ ရှင်းပြချင်ပါတယ်။

Himalayan salt ဆိုတာဘာလဲ
ပန်းရောင်ဆားဆိုတာလည်း စားပွဲတင်ဆားလိုပါပဲ။ သူ့မှာ sodium chloride က ၉၈ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ ကျန်တဲ့ရာခိုင်နှုန်းမှာတော့ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊နဲ့ ကယ်လ်စီယမ်တို့လို သတ္တုဓာတ်တွေပါဝင်နေပါတယ်။ ဒီလိုပါဝင်လို့လည်း ပန်းရောင်သမ်းစေတာဖြစ်သလို ရိုးရိုးဆားနဲ့အရသာကွဲနေတာဖြစ်ပါတယ်။

ဘယ်လိုသုံးကြလဲ
တချို့က ဟင်းချက်တာ၊အသုပ်သုပ်တာ စတဲ့အစားအသောက်ပြင်ဆင်တဲ့နေရာမှာ ရိုးရိုးဆားလိုပဲ သုံးကြပါတယ်။ တချို့က ပန်းရောင်ဆားကိုအခဲပြားလိုက်ပုံစံနဲ့ ဟင်းပွဲပြင်ရာမှာအောက်ခံအနေနဲ့သုံးတာ၊ စဉ်းတီတုံးအနေနဲ့သုံးတာ (တခြားနိုင်ငံတွေမှာပေါ့နော့)တွေလည်း ရှိပါတယ်။ပန်းရောင်ဆားနဲ့ ပြုလုပ်တဲ့ မီးအိမ်တွေ၊ ဖယောင်းတိုင်အောက်ခံတွေလည်း ထုတ်လုပ်ကြပါတယ်။  

အကျိုးကျေးဇူးနဲ့ပတ်သက်တဲ့ ယုံတမ်းစကားများ
ပန်းရောင်ဆားကို စားသုံးခြင်းအားဖြင့်ရရှိနိုင်မယ်လို့ဆိုတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကအများကြီးပါပဲ -

သတ္တုဓာတ်ကြွယ်ဝတယ်
ဟိမဝန္တာပန်းရောင်ဆားမှာ သတ္တုဓာတ်မျိုးကွဲ ၈၄ မျိုးအထိ ပါဝင်နိုင်တယ်လို့တချို့ကပြောပါတယ်။ sodium chloride က ၉၈ ရာခိုင်နှုန်းပါတယ်ဆိုတော့ ကျန်တဲ့ ၂ ရာခိုင်နှုန်းမှာ ဒီသတ္တုဓာတ်တွေပါဝင်နေတာဖြစ်ပါတယ်။ လူတစ်ယောက်မှာ တစ်နေ့တာစားသင့်တဲ့ ဆားပမာဏနဲ့တွက်လိုက်ရင်တော့ ဆားကနေရရှိမယ့် သတ္တုဓာတ်ဆိုတာ တော်တော်နည်းမှာဖြစ်လို့ ကျန်းမာရေးအကျိုးကျေးဇူးအဖြစ်နဲ့ ပြောလို့မရနိုင်ပါဘူး။

ဆိုဒီယမ်နည်းတယ်
ပန်းရောင်ဆားက ရိုးရိုးဆားထက်အငန်နည်းတယ်၊ သွေးမတိုးပါဘူးတဲ့။ ဒါပေမယ့် ဒီနှစ်မျိုးလုံးက sodium chloride ၉၈ ရာခိုင်နှုန်းလောက်အများဆုံးပါဝင်တာပဲဆိုတော့ သိပ်မထူးပါဘူး။ ပန်းရောင်ဆားက ရိုးရိုးဆားထက်အခဲပုံစံပိုကြီးတတ်တာကြောင့်အမှုန့်တစ်ဇွန်းချင်းနဲ့တွက်ရင် ဆိုဒီယမ်ပါဝင်မှုပိုနည်းတယ်လို့ သဘောတရားအရ ယူဆကြတာပါ။ သူက ရိုးရိုးဆားထက်အရသာပိုလေးတာကြောင့်အရသာတူ ရဖို့အတွက် ဆားထည့်တဲ့ပမာဏနည်းနည်းလျော့သွားတာမျိုးဖြစ်ပါလိမ့်မယ်။

သဘာဝ ပိုဖြစ်တယ်
ပန်းရောင်ဆားက စားပွဲတင်ဆားထက် သဘာဝကျကျ ပိုသန့်စင်တယ်လို့ ယူဆကြပါတယ်။ စားပွဲတင်ဆားဆိုတာ သေချာစီမံသန့်စင်ထားပြီး sodium aluminosilicate ဒါမှမဟုတ် magnesium carbonate တို့လို အခဲတွေပြန်မဖြစ်စေမယ့် ဓာတ်တွေပေါင်းထည့်ထားတာဖြစ်ပါတယ်။  ပန်းရောင်ဆားကတော့အတုတွေပါဝင်မှုနည်းပြီး စွဲလမ်းစေတဲ့ဓာတ်ပစ္စည်းတွေမပါဝင်ပါဘူး။

ရေဓာတ်ပြည့်စေတယ်
အစားအသောက်တွေမှာ ပန်းရောင်ဆားကို ထည့်စားရင် ခန္ဓာကိုယ်မှာရေဓာတ်ထိန်းညှိပေးပြီး ရေဓာတ်ခန်းခြောက်ခြင်းကိုကာကွယ်နိုင်မယ်လို့ တချို့ကယုံကြည်ပါတယ်။ ခန္ဓာကိုယ်ရဲ့အရည်ဓာတ်ထိန်းညှိမှုအတွက် ဆိုဒီယမ်ကိုလိုအပ်တာ မှန်ပါတယ်။ ဒါပေမယ့် ဒီအချက်ဟာ ပန်းရောင်ဆားနဲ့ တခြားဆားတွေအတွက်လည်းအတူတူပဲဖြစ်ပါတယ်။

သတိထားသင့်တဲ့အချက်တွေက -
အိုင်အိုဒင်း စားသုံးမှု အိုင်အိုဒင်းက သိုင်းရွိုက်လုပ်ဆောင်ချက်နဲ့ ဆဲလ်တွေရဲ့ဇီဝဖြစ်စဉ်တွေကိုထိန်းသိမ်းရာမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့သတ္တုဓာတ်ဖြစ်ပါတယ်။အိုင်အိုဒင်းကို ငါး၊ ပင်လယ်ရေညှိ၊နို့ထွက်ပစ္စည်း၊ကြက်ဥတို့အပါအဝင် တခြားအရင်းအမြစ်တွေကနေလည်းရရှိနိုင်ပါတယ်။အိုင်အိုဒင်းဆားကနေလည်း ရရှိနိုင်ပါတယ်။ ပန်းရောင်ဆားမှာ သဘာဝအလျောက်အိုင်အိုဒင်းနည်းနည်းပါဝင်ပေမယ့်အိုင်အိုဒင်းချို့တဲ့နေသူတွေအတွက်ကတော့ မလုံလောက်နိုင်ပါဘူး။ ဆိုဒီယမ် စားသုံးမှု ဘယ်ဆားကို စားစား ဆိုဒီယမ်အငန်ကို သတိထားရမှာအရေးကြီးဆုံးအချက်ပါပဲ။ နည်းနည်းလေးပဲလိုအပ်တာမို့ များများစားရင်အန္တရာယ်ပေးလာမှာပါပဲ။ ဆားက ဆေးမဟုတ်တာကြောင့် ကျန်းမာရေးအကျိုးကျေးဇူးတွေကိုတော့အရမ်းမမျှော်လင့်တာကောင်းပါတယ်။ ကျောက်ကပ်၊နှလုံး၊အသည်းရောဂါရှိသူတွေ၊အငန်လျှော့စားနရသူတွေ၊အနေနဲ့ ပန်းရောင်ဆားအပါအဝင် ဆားမှန်သမျှကို သတိထားစားရမှာဖြစ်ပါတယ်။

သတိပေးချင်တာက -
ပန်းရောင်ဆားက ရိုးရိုးဆားထက် ကျန်းမာရေးအကျိုးကျေးဇူးပိုများတယ်ဆိုတဲ့ လေ့လာတွေ့ရှိမှုအထောက်အထားမရှိသေးပါဘူး။ မှုန့်ညက်နေတဲ့ စားပွဲတင်ဆားနဲ့ယှဉ်ရင်အမှုန်ပိုကြီးတဲ့ ပန်းရောင်ဆားက ဆားစားသုံးမှုပိုနည်းစေနိုင်တယ်ဆိုပေမယ့် တခြားဆားတွေလိုပါပဲ တော်သင့်ရုံချင့်ချိန်စားရမှာပဲဆိုတာ မမေ့ပါနဲ့။ ဒါပေမယ့် ပန်းရောင်ဆားမှာ လူ့ကျန်းမာရေးအတွက် ဆိုးကျိုးပေးနိုင်မယ့် ပြုပြင်ဖန်တီးမှုမပါတာရယ်၊အတုပစ္စည်းတွေမပါတာရယ်ကြောင့် ပိုသန့်စင်တဲ့ သဘာဝဆားအဖြစ်အသုံးပြုလို့ရပါတယ်။ ဒါပေမယ့် ပန်းရောင်ဆားကိုပဲအစားထိုးစားသုံးတော့မယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အိုင်အိုဒင်းကို တခြားအစားအသောက်တွေဆီကရအောင် စားသုံးဖို့တော့လိုပါတယ်။

Hello Health Group  သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။




Some text some message..