ကမ္ဘာ့ဈေးအကြီးဆုံးလို့ဆိုရလောက်တဲ့ ကော်ဖီတစ်ခွက်
yoyarlay.com
|
2019-05-14



ကော်ဖီသောက်ရတာကို ကြိုက်နှစ်သက်သူတွေကတော့ ကောင်းမွန်တဲ့ ကော်ဖီတစ်ခွက်ကို ဈေးကြီးပေးပြီး ဝယ်သောက်ကြတာပါပဲ။ ဒါပေမဲ့လည်း ကယ်လီဖိုးနီးယားပြည်နယ်မှာတော့ ကော်ဖီ တစ်ခွက်ဈေးနှုန်းကအလွန်ဈေးများနေပြီး ကမ္ဘာ့ဈေးအကြီးဆုံးကော်ဖီတစ်ခွက်လို့ သတ်မှတ်ရတော့မှာပါ။ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့က ကလပ်ချ် (Klatch) ကော်ဖီဆိုင်မှာ ကော်ဖီတစ်ခွက်ကို ဈေးကြီးစွာ ရောင်းနေပါတယ်။

ကလပ်ချ်ကော်ဖီဆိုင်မှာ ကော်ဖီတစ်ခွက်ကို (၇၅) ဒေါ်လာ ပေးရပြီး စနေ၊ တနင်္ဂနွေနေ့အားလပ်ရက်တွေဆို လူတွေ ပြည့်လို့နေပါတယ်။အယ်လီဒါ ဂီရှ နာထာရယ် (Elida Geisha Natural) လို့ လူသိများတဲ့ သဘာဝကော်ဖီစေ့က လေလံတင်ပွဲမှာ (၁) ပေါင်ကို (၈၀၃) ဒေါ်လာ ဈေးရှိပါတယ်။ ကလပ်ချ်ကော်ဖီဆိုင်ဟာ ကော်ဖီစေ့ကို (၁၀) ပေါင်အထိ ဝယ်ယူထားပြီး ကော်ဖီကြိုက်သူတွေအတွက်အရသာရှိတဲ့ကော်ဖီကို ဖန်တီးပေးထားပါတယ်။

ကလပ်ချ်ကော်ဖီဆိုင်ရဲ့ပူးတွဲပိုင်ရှင် ဘို သီအာရာ (Bo Thiara)က ” ဒီကော်ဖီက တခြားဆိုင်မှာလုပ်ဖျော်တဲ့ ကော်ဖီတွေလိုမဟုတ်ပါဘူး။အရင်ခေတ်က ဖျော်တဲ့ကော်ဖီပုံစံမျိုးလုပ်ထားတာပါ”လို့ ပြောပြပါတယ်။ ကလပ်ချ်ကော်ဖီဆိုင်ကို ကော်ဖီလာသောက်တဲ့သူတွေကတော့ ကော်ဖီတစ်ခွက်ကို (၇၅) ဒေါ်လာထိ ပေးရပေမဲ့လည်းအရသာကောင်းတဲ့ကော်ဖီဖြစ်တာကြောင့် မနှမြောဘဲ ရက်ရက်ရောရော ပေးသောက်နေကြပါတယ်။

ကလပ်ချ်ကော်ဖီဆိုင်က ကော်ဖီစေ့ကိုအွန်လိုင်းမှာလည်း ရောင်းချနေပြီး ကော်ဖီစေ့ (၁၈) ဂရမ်ကို (၇၅) ဒေါ်လာရှိပါတယ်။ တကယ်လို့အကန့်အသတ်နဲ့သာရနိုင်တဲ့အဲဒီကော်ဖီစေ့ကို (၇၅) ဒေါ်လာ ပေးရလို့အရမ်းဈေးကြီးတယ်ဆိုရင် တခြားနေရာတွေမှာ ကော်ဖီစေ့ (၁၂)အောင်စကို (၁၂) ဒေါ်လာနဲ့ ဝယ်ယူလို့ရပါတယ်။ ကော်ဖီတစ်ခွက်က ဘယ်လောက်ဈေးကြီးကြီး ကော်ဖီကြိုက်တဲ့သူတွေကတော့ သောက်လို့ကောင်းတယ်ဆိုရင် သောက်နေကြတာပါပဲ။


Ref: CNN “Is this the world’s most expensive cup of coffee?”
Ah Ko Latt (ရိုးရာလေး)




Some text some message..