လိုင်စင်ရအသံတိတ် လူသတ်သမားများ
healthcare.com.mm
|
2019-07-31


“အသားမှုန့်တွေကအချိုမှုန့်ထက် ပိုဆိုးတယ်” တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားရသော စကားကြောင့်အိမ်ထောင်ရှင်မ ဒေါ်တင်တင်ဌေး ကြောက်လန့်စိတ်အတော်ကြီးမားသွားသည်။ ယင်းကြောင့် လက်ရှိသုံးစွဲနေသောအသားမှုန့်များ၊အချိုမှုန့်များ နေရာတွင် မည်သည့် ဟင်းခတ်ပစ္စည်းအစားထိုးရမည်ကို ဒေါ်တင်တင်ဌေး တစ်ယောက် စဉ်းစားကြည့်သော်လည်းအဖြေမထွက်ခဲ့ချေ။အစားအစာများ ချက်ပြုတ် ကြော်လှော်ရာတွင် သုံးစွဲနေသောအသားမှုန့်များတွင်အချိုမှုန့်များ၏ ပါဝင်ပစ္စည်းအတိုင်းသာ ပါဝင်ကြောင်း၊အထူးသဖြင့်အချိုမှုန့်၊အသားမှုန့်များသည်အချိုအရသာ ရရှိရန်အသုံးပြုသော်လည်း ယင်းတို့၏ပါဝင် ပစ္စည်းများသည်အငန်ဓာတ်သာ ဖြစ်သောကြောင့် ရေရှည်စားသုံးမည် ဆိုပါက ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံရှိ စားသုံးသူ ကာကွယ်ရေး တာဝန်ရှိသူများနှင့် ဆေးပညာရှင်အသိုင်းအဝိုင်းက ပြောကြားထားသည်။  နေ့စဉ်အစားအစာများတွင် မပါမဖြစ် သုံးစွဲနေသောအချိုမှုန့်များကို ၁၉၀၈ ခုနှစ်တွင် ဂျပန်လူမျိုး Mr.KikunaeIkeda က စတင်တီထွင်ခဲ့ရာ ပထမဆုံးအချိုမှုန့်ကို ပင်လယ်ကျောက်ပွင့်များ၏အစွမ်းသတ္တိကိုအခြေခံကာ ထုတ်လုပ်ခဲ့သည်။ ယင်းနောက်အာဂျီနိုမိုတိုအမည်ဖြင့် ကမ္ဘာကျော် ဟင်းခတ်ပစ္စည်းအချိုမှုန့် တစ်မျိုးကိုအောင်မြင်အောင် ထုတ်လုပ်လာနိုင်ခဲ့သည်။အချိုမှုန့်၏အောင်မြင်မှုသည် ၁၉၅၉ ခုနှစ်တွင်အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ကြီး၏အသိအမှတ်ပြုမှုကို ရရှိလာသည်။ သို့သော် ၂၀၀၀ ပြည့်လွန်နှစ်များတွင်မူအချိုမှုန့်၏ ဆိုးကျိုးများ သိသိသာသာ ပေါ်ပေါက်လာခဲ့သဖြင့် ကမ္ဘာ့နိုင်ငံကြီးအများစုကလည်းအချိုမှုန့် ရောင်းချ တင်သွင်းခွင့်များကို တရားဝင် ပိတ်ပင်လာပြီးအချိုမှုန့် သုံးစွဲမည့်နေရာတွင်အသားမှုန့်များ ဝင်ရောက်လာသည်။အချိန်ကာလအတန်ကြာကတည်းကအချိုမှုန့်သုံးစွဲနေခဲ့ရာမှ မြန်မာနိုင်ငံတွင် ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၀၀ ပြည့်နှစ် ဝန်းကျင်တွင် ယင်းအချို့မှုန့်များ တင်သွင်းခွင့် စတင်ပိတ်ပင်ခဲ့ပြီး ယခုနှစ်ပိုင်းတွင်မှ တရားဝင် တင်သွင်းခွင့် ပြုခဲ့ရာ လက်ရှိအချိန်တွင် ပြည်ပမှအထူးသဖြင့် ထိုင်းနိုင်ငံမှအချိုမှုန့်၊အသားမှုန့်များသာမက ပြည်တွင်းထုတ်အသားမှုန့်များလည်းအိမ်ရှင်မတိုင်း၏ မီးဖိုခန်းတွင် နေရာယူလျက် ရှိသည်။အချိုမှုန့်အန္တရာယ်ကို သိရှိပြီးနောက်အစားထိုးသုံးနိုင်သည့်အသားမှုန့်များကြောင့် လက်ရှိအချိန်တွင်အသားမှုန့် သုံးစွဲသူ ရာခိုင်နှုန်းသည်အချိုမှုန့် သုံးစွဲသူများထက် ပိုများနေလိမ့်မည် ဖြစ်သည်။အသားမှုန့်၏ ကျန်းမာရေး ဆိုးကျိုးများသည်အချိုမှုန့်၏ ဆိုးကျိုးအတိုင်း ဖြစ်လာမည်ကိုမူ စားသုံးသူများ ကျယ်ကျယ်ပြန့်ပြန့် မသိကြသေးချေ။လူ့ကျန်းမာရေးအတွက် တိတ်တဆိတ်အန္တရာယ်ပေးနေသောအချိုမှုန့်၊အသားမှုန့်များသည် မြန်မာနိုင်ငံအတွင်းသို့ နေ့စဉ် ဝင်ရောက်နေပြီး နေ့စဉ် စားသုံးနေသည့်အစားအစာတိုင်းတွင် နေရာယူကြီးစိုးလျက် ရှိသည်။ရေရှည် သုံးစွဲလာသောအချိုမှုန့် ပြဿနာကိုအသားမှုန့်အန္တရာယ်ထက် ပိုမိုရင်ဆိုင်နေရသည်မှာအသားမှုန့်ထက် ဈေးနှုန်းသက်သာသောအချိုမှုန့်များကို စားသောက်ဆိုင်အများစုတွင်အသုံးပြု နေခြင်းဖြစ်ပြီးပြည်သူ့ကျန်းမာရေး ကဏ္ဍအတွက် စိန်ခေါ်မှုကြီး တစ်ရပ်လည်း ဖြစ်နေသည်။အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန၏ တရားဝင် ခွင့်ပြုချက် လိုင်စင်နှင့်ရောင်းချနေသောအချိုမှုန့်များ ရှိသော်လည်း တရားမဝင် သွင်းယူလာသောအချိုမှုန့်အန္တရာယ်က ရှိနေသေးသည်။ တရားမဝင်အချိုမှုန့်များတွင် တရုတ်နိုင်ငံရှိအသေးစား တစ်နိုင်တစ်ပိုင် လုပ်ငန်းတို့မှအချိုမှုန့် တံဆိပ်အတုများ ပြုလုပ်ကာ တင်သွင်းမှုများ ရှိသည့်အပြင် တံဆိပ်မပါသောအချိုမှုန့်အိတ်ကြီးများ ဖြင့်လည်း ဝင်ရောက်လျက် ရှိကြောင်း ရန်ကုန်မြို့ရှိ ဈေးဆိုင်များထံမှ စုံစမ်းသိရှိရသည်။၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့အထိ ကာလအတွင်း ထိုင်း-မြန်မာနယ်စပ်မှအချိုမှုန့် တန်ချိန် ၄၀ နီးပါး တရားဝင် တင်သွင်းခဲ့ဖူးကြောင်း၊ တစ်ဖက်တွင်လည်းအဆိုပါ နှစ်လအတွင်း တရားမဝင် သွင်းလာသောအချိုမှုန့် တန်ချိန် ၁၀ ခန့် ဖမ်းဆီးထားပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။ယင်း ပမာဏသည်အချိုမှုန့် ပမာဏသာဖြစ်ပြီး တရားဝင် ဖြန့်ဖြူး ရောင်းချနေသည့်အသားမှုန့်၏ ပမာဏကို ထည့်သွင်းထားခြင်း မရှိသေးချေ။ မြန်မာနိုင်ငံရှိ လူဦးရေသန်း ၆၀ ကျော်တွင် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်သောအချိုမှုန့်၊အသားမှုန့်များ၏အန္တရာယ်ကို သိလျက်နှင့် တိုးဝင်နေကြရသူအများအပြား ရှိနေသည်။ “အခုအချိုမှုန့်၊အသားမှုန့်အစားထိုး ရွှန်းတိုးတိုးကို သကြားနဲ့ တွဲသုံးတယ်။ ကျန်တာတွေလည်း မသုံးရဲဘူး” ဟုအသက် ၄၀ ကျော်အရွယ်အိမ်ရှင်မတစ်ဦးက ပြောကြားသည်။ ယင်းမှာ ပြည်တွင်းထုတ်အသားမှုန့်တစ်မျိုး ဖြစ်သည်။  အသားမှုန့် ထုတ်လုပ်ရာတွင် နိုင်ငံနှင့် လုပ်ငန်းရှင်အပေါ် မူတည်၍ ကွဲပြား ခြားနားသလိုအသားမှုန့်အရောင်အဆင်းလည်း ကွဲပြားခြားနားကြောင်း၊ ယင်းကြောင့် ပြည်တွင်းထုတ်အသားမှုန့်အများစုသည်အဖြူရောင်အဆင်းရှိပြီး ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်လာသောအသားမှုန့်များနှင့် ကွဲပြားကြောင်းအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ရှင်းပြသည်။အစားအစာများတွင်အချို့မှုန့်နှင့်အသားမှုန့်များအစား ပုစွန်ခြောက်၊ ငံပြာရည်အချို၊ သကြားနှင့် ဆန်မှထုတ်သော ဟင်းခတ်အရည် တစ်မျိုးတို့ကိုအသုံးပြုခြင်းဖြင့် ယင်းဟင်းခတ်မှုန့်များ သုံးစွဲမှုကို လျှော့ချသွားနိုင်ကြောင်းအထွေထွေရောဂါကုဆရာဝန် ဒေါက်တာသီဟသစ်ကအကြံပြု ပြောကြားသည်။“အညာဘက်မှာဆို ဘာဟင်းချက်ချက် မျှင်ငါးပိထည့်သုံးကြတယ်။အဲဒါ ထည့်သုံးရင်အချိုလည်းရတယ်၊အငန်လည်း ရတယ်၊အနံ့လည်း ကောင်းတယ်” ဟု ရန်ကုန်မြို့နေအသက် ၅၀ ကျော်အိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်ခင်အေးက ပြောဆိုသည်။သို့သော် လတ်တလော ရေကျိုငါးပိတွင် ဓာတ်မြေသြဇာ ထည့်သွင်းထားသော သတင်းများ ပေါ်ထွက်ပြီး နောက်ပိုင်း ငါးပိ ရောင်းအားများလည်း ကျဆင်းသွားခဲ့ပြီး ငါးပိကို ယုံကြည်စွာ သုံးစွဲခဲ့သူများ ဟင်းပွဲတိုင်းတွင် ထည့်သွင်းရန် ကြောက်လန့် သွားခဲ့သည်။ ယင်းထက် ဆိုးရွားသည်မှာအချိုမှုန့်၊အသားမှုန့်များ ပိုသုံးစွဲလာသည့်အတွက် ကလေးသူငယ်များတွင် ငယ်ရွယ်စဉ် ကတည်းက နှလုံးရောဂါ ၊ ဆီးချိုရောဂါနှင့်သွေးတိုး လက္ခဏာများ ဖြစ်နိုင်ကြောင်း၊ ယင်းအပြင်အချိုမှုန့်ကို ရေရှည်စားသုံးပါက မှတ်ဉာဏ်အားနည်းလာကာ ပါကင်ဆန် ရောဂါနှင့်အယ်ဇိုင်းမားရောဂါတို့ ဖြစ်လာနိုင်ကြောင်း ပြည်တွင်းအထွေထွေရောဂါကု ဆရာဝန်များထံမှ သိရသည်။ ယင်းအပြင်အချိုမှုန့်ကို နေ့စဉ် စားသုံးခြင်းကြောင့်အဝလွန်ခြင်း၊ မျက်လုံး ထိခိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်စေနိုင်သည့်အပြင်အခြားဘေးထွက် ဆိုးကျိုးများအဖြစ် ခြေဖျားလက်ဖျား ထုံကျင်ခြင်း၊ ပူနေခြင်း၊ မျက်နှာတင်းနေခြင်း၊ ရင်ဘတ်အောင့်ခြင်းနှင့်အသက်ရှူရ ခက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်း၊ ပျို့အန်ခြင်းတို့ ဖြစ်စေနိုင်ကြောင်း ရန်ကုန်မြို့ရှိအထွေထွေရောဂါကု ဆရာဝန်တစ်ဦးက The Voice သို့ ပြောကြားသည်။  အချိုမှုန့်နှင့် ဓာတ်မတည့်သူများအတွက်မူ ယင်းလက္ခဏာများထက် ဆိုးရွားသော ဘေးထွက် ဆိုးကျိုးများ ဖြစ်စေနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ရောဂါဖြစ်မှန်း သိလျက်နှင့်အချိုမှုန့်၊အသားမှုန့်များ သုံးစွဲနေသူတို့အတွက် မည်သည့် ဟင်းခတ် ပစ္စည်းမျိုးကိုအသုံးပြုလျှင်အဆင်ပြေမည်ဟူသည့် တိကျသောအဖြေတစ်ခု လိုအပ်နေသည် ဖြစ်ရာ ဦးစွာ သဘာဝအတိုင်း ပြုလုပ်ထားသော ဟင်းခတ်အစားအစာများကို ရိုးရာ ဟင်းချက်နည်းအတိုင်းနေ့စဉ်ဟင်းလျာများတွင် ထည့်သွင်း ချက်ပြုတ်မည် ဆိုပါကအသံတိတ် လူသတ်သမားအန္တရာယ်မှ ရှောင်ရှားနိုင်မည်။သို့သော် စီးပွားရေး လုပ်ငန်းရှင်များ၏အလွယ်လမ်း လိုက်တတ်သည့်အကျင့်ကြောင့် မြန်မာ့ဓလေ့ ထုံးစံအတိုင်းအသုံးပြုသော ဟင်းခတ်ပစ္စည်းများ၏အာမခံချက် လျော့ကျလာခြင်းကြောင့် စားသုံးသူများ လွန်စွာစိုးရိမ်နေရသည်။ ယင်းသို့သောအခြေအနေများကို မဖြေရှင်းနိုင်သေးသရွေ့ မြန်မာနိုင်ငံ သားများသည် ဆေးလိပ်၊အရက်၊ မူးယစ်ဆေးဝါး တို့ထက်အစွမ်းထက်သော လိုင်စင်ရအသံတိတ် လူသတ်သမားများကို မီးဖို ချောင်ထဲတွင် ငြိုငြင်သော်လည်း ဧည့်ခံထားနေရဦးမည် ဖြစ်သည်။“အချိုမှုန့်ထက်အသားမှုန့် ပိုဆိုးတာ သိပေမယ့် ဒါမှမစားရင်ရွေးစရာမှမရှိတာ သုံးနေရတာပေါ့။ ကြောက်တော့ နည်းနည်းတော့ လျှော့သုံးဖြစ်တယ်” ဟုအချိုမှုန့်နှင့်အသားမှုန့် နှစ်မျိုးစလုံး သုံးစွဲ နေသူ ဒေါ်တင်တင်ဌေးက ပြောကြားသည်။ Credit : လဲ့ရည်မြင့်၊ သင်းရတနာဆုသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..