
ကော်ဖီမှုန့်များ ထုတ်လုပ်ရောင်းချနေကြစဉ်။ ဓာတ်ပုံ-ရှင်မိုးမြင့်/မြန်မာတိုင်း(မ်)
ဟာနုမာန်ကော်ဖီ နှစ် ၆၀ တိုင်လေပြီ
ဗိုလ်တထောင်မြို့နယ်၊ လမ်း ၅၀ ဘတ်စ်ကားဂိတ်ဝန်းကျင်၏ လေထုထဲတွင် လတ်ဆတ်သော ကော်ဖီရနံ့သည် တနင်္ဂနွေနေ့မှတစ်ပါးအခြားရက်များတွင် ပျံ့လွင့်နေမြဲ ဖြစ်သည်။
စိတ်ကိုအခိုက်အတန့် ရွှင်ပျသွားစေသည့် ထိုကော်ဖီအနံ့မွှေးမွှေးသည် ၅၁ လမ်းထိပ်က စရီဝရသရာဂျာ ပေရူမာလ် ဘုရားကျောင်းကိုအမှီပြု၍ ဖွင့်ထားသော ဟာနုမာန်ကော်ဖီမှုန့်ဆိုင်မှ တထောင်းထောင်း ထွက်လာခြင်းပင်။
ပြင်သစ်ကော်ဖီနှင့် ကော်ဖီမှုန့်စစ်စစ် နှစ်မျိုးကို တစ်စိတ်၊ ပေါင်ဝက်နှင့် တစ်ပေါင်ဟူ၍ ချင်တွယ်ရောင်းချပေးသော ဟာနုမာန်ကော်ဖီမှုန့်ဆိုင်သည် ဘုရားကျောင်း၏ထောင့် ဆိုင်ခန်းလေးတွင် တည်ရှိနေသည်မှာ နှစ်ပေါင်း ၆၀ ကျော်ရှိပြီဖြစ်သည်။ ဆိုင်စဖွင့်ခဲ့သည့် တကယ့်သက်တမ်းဆိုလျှင်တော့ နှစ် ၆၀ ဟိုဘက်အတော်စွန်းနေမှာ သေချာနေသည်။
ဟာနုမာန်ကော်ဖီမှုန့်ဆိုင်ကို ဟိန္ဒူဘာသာဝင်တစ်ဦးဖြစ်သည့် ဦးသိန်းမောင်ကအိန္ဒိယသို့ပြန်သွားသော သူ၏မိတ်ဆွေတစ်ဦးထံမှ ၁၉၅၉ ခုနှစ်တွင် လွှဲပြောင်းဝယ်ယူခဲ့သည်။ ထိုနှစ်မှစ၍ နှစ် ၆၀ ဟုသာ သတ်မှတ်ထားခြင်း ဖြစ်သည်။ ထိုအချိန်က ရန်ကုန်မြို့ပေါ်တွင် လက်ရွေးစင်နှင့် ဟာနုမာန်ကော်ဖီမှုန့် နှစ်မျိုးခန့်သာ ရှိသေးသည်။
ယခုတွင် ဦးသိန်းမောင်၏ စတုတ္ထသမီးဖြစ်သူ ဒေါ်ရိုစလင်းသိန်းနှင့် ခင်ပွန်းဖြစ်သူ ဒေါက်တာဦးသိန်းဝင်းတို့ကဆိုင်ကို တာဝန်ယူကြီးကြပ်နေသည်။
"မူလ ကနဦးပိုင်ရှင်က ဆိုင်လုပ်ငန်းကို သေချာသင်ပေးပြီး တပည့်တပန်းတွေ ထားပြီးမှ ပြန်သွားတာ။ ဒီဆိုင်လေးကို မိသားစုတွေ ဝိုင်းလုပ်ကြတယ်။အဖေ ဆုံးသွားတော့လည်း ဒါက မိသားစု လုပ်ငန်းလေး ဖြစ်နေတယ်" လို့ ဒေါ်ရိုစလင်းသိန်းက ပြောသည်။
၅၁ လမ်းထိပ်က ဟာနုမာန်ကော်ဖီမှုန့်ဆိုင်လေးသည်အပြင်အဆင်အားဖြင့် ရိုးစင်း၍ ကျဉ်းမြောင်းသည်။ နံရံကပ်ဗီရိုထဲတွင် ကော်ဖီမှုန့်ထုပ်ပိုးရာတွင်အသုံးပြုသည့်အညိုရောင်စက္ကူအိပ်အရွယ်စုံအား ထပ်ကာ စီရရီထည့်ထားသည်။ ထိုအညိုရောင်စက္ကူအိပ်များသည် လွန်ခဲ့သည့် နှစ် ၆၀ ကတည်းကပင် ကော်ဖီမှုန့်ထုပ်ပိုးရာတွင် သုံးစွဲခဲ့ခြင်းဖြစ်သည်။
ဆိုင်အတွင်းရှိ တစ်လုံးတည်းသော သစ်သားစားပွဲပေါ်တွင်တော့ ရှေးယခင်ကတည်းက နိုင်ငံခြားမှ မှာယူထားသော ကော်ဖီကြိတ်စက် များနှင့် ကော်ဖီမှုန့်ချင်တွယ်ရာတွင်အသုံးပြုသည့်ကတ္တားအား တင်ထားသည်။ ကော်ဖီဆိုင်၏အနေအထားကိုကြည့်လျှင်အတော်ကလေး ရှေးကျသည်ဟု ဆိုနိုင်ပေသည်။
ဒေါ်ရိုစလင်းသိန်းတွင် မောင်နှမ ခုနစ်ဦးရှိသည်။
p26_smm6284.jpg

ဟာနုမာန်ကော်ဖီဆိုင်ကို လက်ရှိထိန်းသိမ်းထားသူ ဦးသိန်းဝင်းနှင့် ဒေါ်ရိုစလင်းသိန်း။ ဓာတ်ပုံ-ရှင်မိုးမြင့်/မြန်မာတိုင်း(မ်)
လေးဦးမှာ ဆရာဝန်များဖြစ်ပြီး ကျန်သုံးဦးမှာတော့ သင်္ဘောကပ္ပီတန်နှင့်အစိုးရဝန်ထမ်းများ ဖြစ်ကြသည်။ ဟာနုမာန်ကော်ဖီမှုန့်ဆိုင်လေးသည် သူတို့ညီအစ်ကိုမောင်နှမအားလုံး ပညာအမွေပေးနိုင်သည့်အပြင် မောင်နှမဝမ်းကွဲများကိုပင် ထောက်ပံ့ပေးနိုင်ခဲ့သည်ဟု ဆိုသည်။
ကျန်မောင်နှမများသည် ကျောင်းဆင်းချိန် ဖခင်၏ ကော်ဖီမှုန့်ဆိုင် လေးတွင် တစ်ယောက်တစ်လှည့်စီ ဝိုင်းကူရောင်းပေးကြပြီး ဒေါ်ရိုစလင်းသိန်းကတော့ မိခင်ဖြစ်သူအားအိမ်မှုကိစ္စများ ဝိုင်းကူပေးရသည်။
ဖခင်ကွယ်လွန်သွားသည့်အချိန်တွင် ဒုတိယအစ်ကိုကြီးဖြစ်သူ ကပ္ပီတန်ဦးစံသိန်းက ဆိုင်ကို တာဝန်ယူစီမံခန့်ခွဲသည်။ ယခုတွင်မူ ဆရာဝန်ညီအစ်ကို မောင်နှမများသည်အမေရိကန်နှင့် ကနေဒါနိုင်ငံများတွင် ပြောင်းရွှေ့နေထိုင်ကြသည့်အပြင် ကပ္ပီတန်ဦးစံသိန်းမှာလည်းအမေရိကားတွင် ခေတ္တရောက်ရှိနေသည်။ ထို့ကြောင့် ဆိုင်အား ဒေါ်ရိုစလင်းသိန်းမှ စီမံခန့်ခွဲရသည်။
စရီဝရသရာဂျာ ပေရူမာလ် ဘုရားကျောင်း၏ ဥက္ကဋ္ဌဖြစ်သူ ဖခင်အား ချစ်ကြောက်ရိုသေ၍ ဖခင်ဖြစ်သူ၏ လုပ်ငန်းအား စပ်စုမေးမြန်းခြင်း မပြုခဲ့သည့်အတွက် ထိုကော်ဖီဆိုင်လေး၏ ရာဇဝင်အတိအကျကိုတော့ လက်ရှိတွင် စီမံခန့်ခွဲနေသော ဒေါ်ရိုဇလင်းသိန်းက မသိလှ။
ကော်ဖီမှုန့်ဆိုင်အား နှစ်ပေါင်းများစွာ စီမံခန့်ခွဲလာသူ သူ၏အစ်ကိုဖြစ်သူ ကပ္ပီတန်ဦးစံသိန်းမှတစ်ဆင့် သူ ကြားသိရခဲ့သည်ချည်းဖြစ်သည်။
"နဂိုမူလပိုင်ရှင်က ဘာရသီစတိုးဆိုပြီးတော့ ကော်ဖီမှုန့်အပြင် တခြားကုန်စုံပစ္စည်းတွေလည်း ရောင်းပုံရတယ်။အဲဒီခေတ်က ကော်ဖီမှုန့်လေးတွေကို သံဘူးတွေနဲ့ ရောင်းတယ်လို့သိရတယ်။အဖေ့လက်ထက်ကြတော့ ဟာနုမာန်ကော်ဖီဆိုပြီး မှတ်ပုံတင်ပြီး လုပ်တယ်။ စက္ကူအိတ်လေးတွေနဲ့ ထုပ်ပိုးရောင်းတယ်" ဟု ဒေါ်ရိုစလင်းသိန်းက ပြောသည်။
သူ့ဖခင်က ကော်ဖီမှုန့်ဆိုင်ကို ဟာနုမာန်ဟု ဘာကြောင့်အမည်ပေး ခဲ့သည် မသိသော်လည်း မယ်သီတာကိုကယ်သော ဟာနုမာန်သည် သစ္စာရှိသည်။ တန်ခိုးကြီးသည်။ ထို့ကြောင့် ဟာနုမာန်ဟူသောအမည်ကို ပေးခဲ့ခြင်းဖြစ်မည်ဟု သူက ယူဆသည်။
"လွတ်လပ်ရေး ရပြီးကာစက လှော်စက်နဲ့ ချီကိုရီ (chicory) (ကော်ဖီမှုန့်နှင့် ရောစပ်သောက်သုံးရသော ချီကိုရီပင်အမြစ်မှုန့်)ကို ဥရောပက မှာတယ်။ နောက်ပိုင်း ဒီမှာ ကော်ဖီပင်နဲ့ ချီကိုရီပင်တွေ စိုက်ပျိုးလာတော့ ခြံတွေထဲထိဆင်းပြီး စိတ်ကြိုက်ရွေးတယ်။ လှော်တဲ့နေရာမှာအရည်အသွေးကောင်းအောင် ထိန်းထားတယ်" ဟု သူကပြောသည်။
ကော်ဖီစေ့များကို ရှမ်းတောင်တန်းရှိ ကော်ဖီခြံများမှ ဝယ်ယူသည်။ ချီကိုရီကို ရေနံချောင်းမှ ဝယ်ယူသည်။ ၁၉၉၁ ခုနှစ်ခန့်အချိန်တုန်းကတော့ ချီကိုရီအား ဥရောပမှ မှာယူရောင်းချရသည်။
မောင်နှမများမှာ ဆရာဝန်များဖြစ်သည့်အတွက် ကျန်းမာရေးကိုအလေးထားသည့်အနေနှင့် ကုန်ကြမ်းတွင်အရောအနှောမထည့်ဘဲ သဘာဝအနံ့အရသာကိုသာအဓိကထားသည့်အတွက် သူ၏ဆိုင်မှာ နှစ်ပေါင်း ၆၀ ထိ ကြံ့ကြံ့ခံနိုင်ခဲ့သည်ဟု ဒေါ်ရိုစလင်းသိန်း၏ခင်ပွန်းဖြစ်သူ ဦးသိန်းဝင်းက ပြောသည်။
"အဖေက တရားသမားဆိုတော့အရမ်းလောဘမကြီးဘူး။အမြတ်ရဖို့အဓိကမဟုတ်ဘူး။ မိသားစု နေထိုင်စားသောက်လို့ ရရုံလောက်ပဲ လုပ်ခဲ့တယ်။ တချို့တွေက စက်ရုံတွေဆောက်ပြီး စီးပွားရေးချဲ့ထွင်ဖို့ ပြောကြတယ်။ မိသားစုလုပ်ငန်းလေးနဲ့ပဲ လက်ရာလေးထိန်းပြီး ဆက်သွားတယ်" ဟု ဒေါ်ရိုစလင်းသိန်းက ဆိုသည်။
ကော်ဖီဆိုင်ထိုင်တဲ့ဓလေ့ တွင်ကျယ်လာခြင်းနှင့် လူတွေအတွက် ကော်ဖီမစ်တွေက ကျန်းမာရေးနှင့် မသင့်တော်ဟု သိလာသည့်အခါ ကော်ဖီမှုန့်စစ်စစ်များကို ရွေးချယ်သောက်သုံးလာသည့်အတွက် လက်လီရောင်းအား ပိုတက်လာသည်ဟု သူကဆိုသည်။
ဟာနုမာန်ကော်ဖီမှုန့်ကို ဟိုတယ်များနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်းများကိုလည်း ပို့ရသည်။ ကော်ဖီကို နွားနို့နဲ့နှပ်ရောင်းတဲ့အိန္ဒိယစားသောက်ဆိုင်လေးတွေကိုလည်း ပုံမှန်ပို့ရသည်။
သူ၏ဆိုင်သို့ မြို့ထဲအနီးတစ်ဝိုက်ကမဟုတ်ပဲ သန်လျင်လိုအနည်းငယ် လှမ်းသည့်နေရာမှပင် တကူးတက လာရောက်ဝယ်ယူသည့် ဖောက်သည်ပင်ရှိသည်။
'ဝေါ' ခနဲ ခပ်ကျယ်ကျယ် ဟိန်းထွက်လာသော ကော်ဖီကြိတ်စက်မှ ထွက်လာသောအသံနှင့် ထောင်းကနဲမွှေးသော ကော်ဖီရနံ့သည် လမ်း ၅၀ မှတ်တိုင်ထိပ် ဒါမှမဟုတ် ဟာနုမာန်ကော်ဖီဆိုင်လေး၏အမှတ်သင်္ကေတတစ်ခုပင် ဖြစ်နေဦးမည်ဖြစ်သည်။