ကိုဗစ်-၁၉ ဆိုတာ ဂျိုနဲ့လား
lotaya.mpt.com.mm
|
2020-04-11

အခုတလော ကမ္ဘာ့ကပ်ရောဂါလို့ခေါ်တဲ့ ကိုဗစ်-၁၉ ဟာ မြန်မာပြည်ကိုလည်း ရောက်ရှိလို့လာခဲ့ပါပြီ။ အခုချိန်မှာ အစိုးရရယ်ပြည်သူရယ် လက်တွဲညီညီ တိုက်ပွဲဝင်နေတာကလည်း အားရစရာကောင်းတယ်။ ဒါပေမဲ့လည်းလို့ပေါ့ အချို့လူတွေရဲ့ ဗဟုသုတအားနည်းမှု၊ ပေါ့ပေါ့တွေးမှု၊ ဖြစ်သလိုနေမှုတွေက ဒီနိုင်ငံအတွက် စိုးရိမ်စရာအခြေအနေတစ်ခုကို ဖန်တီးနေတယ်ဆိုတာ အသေအချာပါပဲ။


ဒီဗိုင်းရတ်စ်ကို ပျောက်ကင်းတဲ့ဆေးမပေါ်သေးပါဘူး။ အခုချိန်မှာ လုပ်နိုင်တာက ကာကွယ်ဖို့နဲ့ ဖြစ်လာသမျှတွေတိုင်းမှာ အထိအခိုက်နည်းဖို့အတွက်ပဲ ကြိုးစားနေကြရတာပါ။ 
ဒီရောဂါကို အကောင်းဆုံးကာကွယ်နိုင်ဖို့အတွက်က တတ်နိုင်သမျှအိမ်ထဲမှာနေဖို့နဲ့ လက်ကိုမကြာခဏဆေးဖို့ပါပဲ။ ကျွန်တော်ဆိုရင် အခု အလုပ်တွေနားသွားပြီ။ လမ်းထိပ်လောက်နဲ့ အိမ်နဲ့ပဲ သွားဖြစ်တော့တယ်။ ဒီမှာ ဘာကိုသွားတွေ့လည်းဆိုတော့ ကျွန်တော်တို့ ရပ်ကွက်ထဲက လူတွေရဲ့ ဒီဗိုင်းရတ်စ်အပေါ်တုန့်ပြန်မှုကို အံ့အားသင့်ဖွယ်ရာသွားတွေ့တယ်။ သနားဖို့လည်းကောင်းသလို ရယ်စရာလည်းကောင်းတာအမှန်ပါ။ 

“ငါပြောပြမယ် ထမင်းစားတိုင်း ကြက်သွန်ဖြူသာ ထည့်စားပေး အဲဒီ ကိုဗစ်ဆိုတဲ့ကောင် မင်းလာပါခေါ်တာတောင် မလာစေရဘူး”

“ဘာလို့လဲဗျ”

“ဟ ..ငါ့ကောင်ရ ဒါလေးတောင်မသိဘူးလား ကြည်သွန်ဖြူက ကင်ဆာကိုတောင် ကာကွယ်နိုင်တာ ဒီဗိုင်းရတ်စ်လောက်ကတော့ လက်သန်းကလေးနဲ့ပဲ တောက်ချပစ်လိုက်လို့ရတယ်”

တကယ်ဟုတ်လားမဟုတ်လားတော့ မသိဘူး။ ကြားဖူးနားဝရှိတာတော့ ကြက်သွန်ဖြူက တော်တော်လေး ဆေးဘက်ဝင်တယ်ဆိုတာတော့ သိတယ်။ နဂိုကတည်းကလည်း ကျွန်တော်က ကြက်သွန်ဖြူကြိုက်သူဆိုတော့ ပြဿနာမရှိ။ ဒါပေမဲ့ ပြဿနာရှိသွားတဲ့ တစ်ယောက်ကတော့ ….

“ညီလေးရေ မုန့်ဟင်းခါးတစ်ပွဲ ကြက်သွန်ဖြူများများနဲ့”

“ကြက်သွန်ကြော်လား အစ်ကို”

စားပွဲထိုးလေးက နားမရှင်းလို့ထပ်မေးလိုက်တော့

“မဟုတ်ဘူး .. ကြက်သွန်ဖြူ .. ကွ”

စားပွဲထိုးလေး အူကြောင်ကြောင်ဖြစ်သွားပုံရတယ်။ ကျွန်တော်က

“ဟေ့ကောင် သက်ထူး … မုန့်ဟင်းခါးနဲ့ ကြက်သွန်ဖြူနဲ့ ဘယ်လို တွဲစားမှာလဲ လိုက်မှမလိုက်တာ မသကာ အသုပ်နဲ့တွဲစားတယ်ဆိုတော်သေး”

“မင်းဘာသိလို့လဲ ဦးမြင့်ဌေးက ပြောတယ် ကြက်သွန်ဖြူကို ဘာစားစားတွဲစားပေးတဲ့ အဲဒါဆိုရင် ဗိုင်းရတ်စ်မကူးတော့ဘူးလို့ ပြောတယ်ကွ”

“ဟေ ..”

အဲဒါကိုကြားတော့ အရက်သမား စန်းခိုင် က ထရယ်တယ်။

“ဟားဟား .. သက်ထူးဆိုတဲ့ကောင်က တော်တော် အ တဲ့ကောင်ပဲ.. တကယ်တမ်း ဗိုင်းရတ်စ်ကို ကာကွယ်နိုင်တာ အရက်ကွ”

“ဟုတ်လို့လားကွာ .. မနေ့ကပဲ အရက်ဆိုင်ပိုင်ရှင် ဦးမဲကြီး ချောင်းတွေဆိုးလို့ ဆေးခန်းသွားပြရသေးတယ် ဆရာဝန်ကတောင် သူ့ကို သံသယရှိနေတာ … မင်းပြောတာမဖြစ်နိုင်ဘူး”

“တကယ်ပါဆို .. အဲဒီဗိုင်းရပ်က အပူချိန်မြင့်တဲ့နေရာမှာ မနေနိုင်ဘူးကွ အဓိက အဲဒီဗိုင်းရတ်စ်ပိုးက လည်းချောင်းမှာ အကြာကြီးနေပြီးတော့မှ အဆုတ်ဆီကိုရောက်တာလို့ ငါကြားဖူးတယ် အဲဒီတော့ အရက်နဲ့သာ မျှောချလိုက်ရင် ဒီဗိုင်းရတ်စ်လည်း ဂိန်ပြီပေါ့ကွ”

ဒီလိုဒီလို လူ တွေကြားထဲမှာ အချို့က ဖေ့စ်ဘွတ်ပေါ်က ဆေးမြီးတိုတွေကို ယုံကြည်ကြသေးတယ်။

“သားရေ … ရော့ … ဒါလေးစားသွား..”

“အဲဒါ ဘာကြီးတုန်း ..”

“ငရုတ်ကောင်းလေ အဲဒါ ဝူတန်ရောဂါကို ကာကွယ်တယ်တဲ့ အမေ .. ဖေ့စ်ဘွတ်ထဲမှာ ဖတ်လိုက်ရတာ”

“ဟာ ..ဗျာ ..ဝူတန်မဟုတ်ပါဘူး ဝူဟန်ပါ”

“လုပ်ပါ ငါ့သားရယ် ဆေးဆိုတာ သောက်ကောင်းပါတယ်”

နောက်ပြီးတော့ အခုတလော လမ်းထဲမှာလည်း အချို့အိမ်တွေက ကိုရိုနာ ဘီယာပုလင်းတွေကို ရိုက်ခွဲပြီး ချိတ်ဆွဲထားတာ တွေ့ရသေးတယ်။

မေးကြည့်တော့ ..

“ဘာပဲပြောပြော .. ဟုတ်သော်ရှိ မဟုတ်သော်ရှိပေါ့ကွာ ဓာတ်ရိုက်ဓာတ်ဆင်ဆိုတာတော့ လုပ်ပေးရတာပဲ မဟုတ်လား”

“ဘာဆိုင်လို့တုန်းဗျ”

“ဒီလိုလေကွာ .. အခု ဗိုင်းရတ်စ်နာမည်က ကိုရိုနာ မဟုတ်လား အဲဒါ အိမ်တွေထဲကို ကိုရိုနာဗိုင်းရတ်စ်မလာရဲအောင် ကိုရိုနာဘီယာပုလင်းတွေကို ရိုက်ခွဲပြထားရတာ ဆိုလိုချင်တာ ဒီအိမ်ကိုလာရင် ဒီ ကိုရိုနာ ဗိုင်းရတ်စ် စိစိညက်ညက်ကျေမယ်ဆိုတဲ့ သဘောပေါ့ကွာ”

ပြောစရာစကားလုံးပင်မရှိတော့။

အမှန်တကယ်တော့ လူတွေဟာ ကိုယ်ယုံကြည်ရာကိုယ်လုပ်လိုက်ရမှ စိတ်သက်သာရာရကြတယ်ထင်တယ်။ ကျွန်တော်ကတော့ အခုလိုလုပ်နေတာကို တားမြစ်လိုစိတ်မရှိပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလိုလုပ်နေတာတွေဟာ အခြားသူတွေကို မထိခိုက်ဘူးဆိုရင် လုပ်ကြပါစေပေါ့။ ဒါပေမဲ့ တကယ်အရေးကြီးတာတွေကိုလည်း လုပ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ အခုချိန်မှာ ကိုရိုနာဗိုင်းရတ်စ်နဲ့ပတ်သက်ပြီး ပျောက်တဲ့ဆေးမပေါ်သေးပေမဲ့ မဖြစ်လာအောင်တော့ ကြိုတင်ကာကွယ်တားဆီးနိုင်ပါသေးတယ်။

ကြိုတင်ကာကွယ်ရမယ့်အရာတွေကတော့


၁။ လက်ကို မကြာခဏဆေးတာ
၂။ တတ်နိုင်သမျှ အိမ်ထဲမှာပဲ နေတာ
၃။ ကိုယ်ခံအားကောင်းမွန်အောင် အချိန်မှန်အိပ်၊ အချိန်မှန်စားတာ
၄။ ရေမကြာခဏသောက်ပေးတာ
၅။ နေမကောင်းဖြစ်တာနဲ့ ဆေးခန်းကို ဂရုတစိုက်သွားပြတာ 

 

အထက်ပါအချက်ငါးချက်လောက်ကို လိုက်နာရင်ပဲ ဒီရောဂါကို ကာကွယ်နိုင်ပါ့လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ရပ်ကွက်ထဲမှာတော့ အခုချိန်ထိ ကျန်းမာရေးအသိတွေ တော်တော်လေးအားနည်းနေတယ်ဆိုရမယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ရပ်ကွက်ထဲက ဆေးခန်းမှာ လူတစ်ယောက် ဆေးလာဝယ်တယ်။

“ညီလေးရေ အဆုတ်သန့်ဆေးနဲ့ ပါရာစီတမော့ ပေးပါ”

“ ဘာဖြစ်လို့လဲဗျ”

“ကိုဗစ်-၁၉ ကို ကာကွယ်ဖို့လေ”

“ငင့်..”

“ဒီကောင်က အဆုတ်ကို တိုက်ခိုက်တဲ့ရောဂါဆိုတော့ အခုကတည်းက အဆုတ်အားကောင်းနေအောင် အဆုတ်သန့်ဆေးသောက်ထားရမယ်လေ”

“ပါရာစီတမော့ကရော”

“ဒီကောင်က အဖျားပျောက်တယ်လေ”

သူ့ဟာ နဲ့ သူတော့ ဟုတ်နေကြတာပဲ။

နောက်ပိုင်းမှာ နိုင်ငံပိုင်ရုပ်သံတွေ၊ ကျန်းမာရေးဝန်ကြီးဌာနတွေက သတိပေးမှုတွေ အဆက်မပြတ်လုပ်လာတော့ ရပ်ကွက်ထဲက လူတွေအနေနဲ့ ဒီရောဂါကို နည်းနည်းတော့ ကြောက်တတ်လာတယ်။ နောက်ထပ်ပြဿနာတစ်ခုက ဘာဖြစ်တာလည်းဆိုတော့ ရပ်ကွက်ထဲကို နိုင်ငံခြားက ပြန်လာသူတွေ ရှိနေတာပဲ။ အဲဒီ သတင်းကို ကျွန်တော်က နိုင်ငံခြားက ပြန်လာတဲ့သူနေတဲ့ လမ်းထဲမှာ ရှိတဲ့ ကျွန်တော့်ဘော်ဒါကို ဖုန်းဆက်ပြီး အကျိုးအကြောင်းမေးကြည့်ဖြစ်တယ်။

“ဟေ့ကောင် မင်းတို့လမ်းထဲမှာ နိုင်ငံခြားကပြန်လာတဲ့ တစ်ယောက်ရှိတယ်ဆို”

“အေး .. ဟုတ်တယ်”

“ဟာ .. မင်းသက်ဆိုင်ရာကို အကြောင်းမကြားဘူးလား”

“ငါ ကော်မရှင် ဘယ်နှစ်ရာခိုင်းနှုန်းရမှာလဲ”

အရေးထဲ လောင်းကစားဒိုင် သတင်းပေးတာကြနေတာပဲ ကော်မရှင်ခက လိုချင်နေသေးတယ်။

“အာ .. မဟုတ်ဘူးလေကွာ .. ဒါက တစ်နိုင်ငံလုံးရဲ့ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စလေကွာ”

အခုချိန်မှာတော့ တစ်နိုင်ငံလုံးက စိုးရိမ်တကြီးနဲ့ ဒီရောဂါကို ကာကွယ်ဖို့ တတ်နိုင်သမျှကြိုးစားနေကြတယ်။ အားလုံးပူးပေါင်းပါဝင်မှ ဒီရောဂါကြီးကို တွန်းလှန်နိုင်မှာပါ။ လောလောဆယ် ဒီရောဂါကို တွန်းလှန်နိုင်မလား မတွန်းလှန်နိုင်ဘူးလား မသေချာသေးပေမဲ့ အာနိုး ဆိုတဲ့ကောင်ကတော့ သူ့မိန်းမက လေးယောက်မြောက် ကိုယ်ဝန်တောင် ဆောင်ထားရလေရဲ့။

အာနိုးကတော့ ပြောရှာပါတယ်။

“နို့မဟုတ်ရင်တော့ ကလေးသုံးယောက်နဲ့ တော်ပြီလို့ဆုံးဖြတ်ထားတာ အခုလို ကိုရိုနာကြောင့် အိမ်တွင်းအောင်းလိုက်ရတော့ လေးယောက်မြောက်ဖြစ်လာတာပေါ့ကွာ”

ကျွန်တော်တို့ ရပ်ကွက်ထဲမှာတော့ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး တော်တော်လေး သတိထားမိလာကြတာက ဝမ်းသာစရာပါ။ ဒီအချိန်မှာပဲ ရပ်ကွက်ထဲက ကတုံးဆိုတဲ့ အရက်သမားက မိန်းမ ခိုးပြေးသွားသေးတယ်။ ဒီကောင်က အလုပ်အကိုင်ကမယ်မယ်ရရမရှိ သူ့အဒေါ်အိမ်မှာ ကပ်နေတဲ့ကောင်။ ကောင်မလေးမိဘတွေက သဘောမတူဘူး။ ပြန်ခွဲချင်တယ်။ အဲဒီ ပြဿနာ က ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးကို ရောက်သွားတဲ့အခါမှာတော့

“ဘာပဲပြောပြော သူတို့နှစ်ယောက်ကိုတော့ ပေးစားမှရလိမ့်မယ်”

“မင်္ဂလာ ဘယ်လိုဆောင်မလဲ”

“ဒီကောင်က မင်္ဂလာဆောင်ဖို့မပြောနဲ့ အင်္ကျီဖိုးတောင် ရှိမယ့်ကောင်မဟုတ်ဘူး”

“လောလောဆယ် မင်္ဂလာဆောင်တာထက် အရေးကြီးတာက သူတို့ နှစ်ယောက်ကို ရပ်ကွက်ထဲအဝင်ခံလို့ မဖြစ်ဘူး ကွာရန်တိန်းလုပ်ရမယ်”

“ ကွာရန်တိန်းက ဘယ်မှာလုပ်မှာလဲ”

“ဒီရုံးမှာပဲ ၁၄ရက် စောင့်ကြည့်ရတာပေါ့”

“ဟာ .. “

ကတုံး ရဲ့ ဘုန်းကံကလည်း မြင့်လိုက်တာ။ အုပ်ချုပ်ရေးမှုးရဲ့ ဆုံးဖြတ်ချက်အရ ကတုံးတို့ စုံတွဲကို ရပ်ကွက်ရုံးမှာ ကွာရန်တိန်းထားပြီး ကတုံးရဲ့ မတော်ရသေးတဲ့ ယောက္ခမတွေခမျာ နေ့တိုင်းစားစရာတွေ လိုအပ်တာတွေ ပို့ပေးနေရတာပေါ့။

ဒါကြောင့် ပြောတာပေါ့ .. ကျွန်တော်တို့ ရပ်ကွက်ထဲရောက်လာရင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ တောင် ဂျိုနဲ့လားလို့ ပြန်မေးယူရလိမ့်မယ်။ ။

ခြူသစ်မောင်

#lotaya_funny

နေ့စဉ် အသစ်သစ်သော ဟာသ လေးတွေကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..