အချစ်ကင်မရာမန်း
lotaya.mpt.com.mm
|
2022-01-17

အခုရက်ပိုင်းတွေ အလုပ်အကိုင်တွေက ရှားပါးနေတော့ .. အောင်တင့် တစ်ယောက် ဖုန်တက်လုဆဲဆဲ ကင်မရာလေးကို ပစ်ထားသလိုဖြစ်နေသည်။ စိတ်လေလေနဲ့ လက်ဖက်ရည်ဆိုင်ကို ထွက်လာဖို့အတွက် အိတ်ကပ်ထဲကို  စမ်းလိုက်တော့ အကြွေတစ်ချို့။ ဘာပဲဖြစ်ဖြစ် လက်ဖက်ရည်တစ်ခွက်လောက်သောက်ပြီး အချိန်ဖြုန်းဦးမည်ဟု တွေးကာ ထွက်လာခဲ့တော့သည်။ နေ့လယ်နေ့ခင်းမို့ လက်ဖက်ရည်ဆိုင်က လူရှင်းနေ၏။ ဖွင့်ထားတဲ့ သီချင်းက ခင်မောင်တိုး ရဲ့ “လွမ်း”။ အဲဒီ သီချင်းကြား‌တော့ ကျောင်းသားဘဝတုန်းက ပျော်ပါးခဲ့တာတွေ၊ ရည်းစားလေးတွေကိုတောင် သွားသတိရမိသေးသည်။ အဲဒီတုန်းကတော့ ကျောင်းစာကို စိတ်မဝင်စားခဲ့ဘဲ ဝါသနာပါရာ ကင်မရာမန်းအလုပ်ကိုသာ ရူးသွပ်ခဲ့သည်။ အခုလည်း ဝါသနာပါရာ ကင်မရာမန်းအလုပ်သာ လုပ်နေပေမဲ့ ပြီးခဲ့တဲ့ နှစ်လလောက်ကမှ အလုပ်လက်မဲ့ ဖြစ်သွားခြင်းဖြစ်သည်။ အရင်တုန်းကတော့ မီဒီယာတစ်ခုမှာ နေ့စဉ်သတင်းထောက်အလုပ်ကို လုပ်ခဲ့သေးသည်။ ဒါပေမဲ့ သူကင်မရာကိုင်ချင်တာက သတင်းထောက်လုပ်ဖို့မဟုတ်။ သူက အနုပညာနဲ့ပတ်သက်တာတွေကိုသာ လုပ်ချင်စိတ်ရှိသည်။ ဒါကြောင့် မပျော်တော့တဲ့ သတင်းထောက်အလုပ်ကို စွန့်လွှတ်ခဲ့တာလို့ ဆိုရမည်။

အလုပ်လက်မဲ့နှစ်လအတောအတွင်း အဆိုတော်အသစ်တစ်ယောက်ရဲ့ MTV မှာ သီချင်းတစ်ပုဒ်ကို ရိုက်ခဲ့ရသေးသည်။ အခုထိတော့ အလုပ်ရှာချင်စိတ်လည်း မရှိသေး။ လက်ဖက်ရည်လေးငုံလိုက်၊ သီချင်းလေးနားထောင်လိုက်နဲ့ သာယာနေတုန်း ဖုန်းဝင်လာသည်။ ကြည့်လိုက်တော့ ဟိုတစ်ခါ  MTV ရိုက်တုန်းက ချိတ်ဆက်ပေးထားတဲ့ ဘော်ဒါ။ အောင်တင့် ပျော်သွားသည်။ အလုပ်လေးတော့ ရပြီထင်ပါရဲ့။ ပြီးတော့ လက်ဖက်ရည်ဆိုင်မှာ ချိန်းလိုက်သည်။

“ဆို ... ဘာကိစ္စလဲ”

“မင်းအတွက် အလုပ်ရှိတယ်”

“ပိုက်ဆံကလွဲပြီး ဘာမှမရတဲ့အလုပ်တော့မလုပ်ချင်တော့ဘူးကွာ”

“ဟို တစ်ခါ MTV လို ပုံစံမျိုးဆိုရင်‌ရော”

“အေး .. အဲဒါဆိုရင်တော့ စိတ်ဝင်စားတယ်”

“ဒါပေမဲ့ ဒီတစ်ခါကတော့ နည်းနည်းထူးခြားတယ်ကွ”

“အေး .. ပြောပါဦး”

“ငါ့ အသိတစ်‌‌ယောက်ရဲ့ သူငယ်ချင်းကွာ.. သူ့ကောင်မလေးနဲ့အဆင်မပြေလို့”

“ဟ ... အဲဒါ ငါနဲ့ ဘာဆိုင်လို့တုန်း”

“မင်းက ဆုံးအောင်နားထောင်ဦးလေးကွာ”

“အေးပါ.. ပြောပြော .. “

“အဲဒါကွာ ... သူက သူ့ကောင်မလေးကို ပြန်ချော့ချင်တယ်”

အောင်တင့် စိတ်ထဲကနေ “အဲဒါငါနဲ့ဘာဆိုင်လို့လဲ” လို့ ပြောနေပေမဲ့ အပြင်မှာတော့ ဆက်ပြောဆိုတဲ့ ပုံစံမျိုးနဲ့ မေးဆတ်ပြလိုက်သည်။

“သူပြန်ချော့ချင်တာကကွာ .. ခင်မောင်ထူးရဲ့ “အချစ်အယူခံ” သီချင်းနောက်ခံလေးနဲ့ သူ ဆွေးနေတဲ့အကြောင်းလေးကို ဗီဒီယိုလေးရိုက်ပြီး ကောင်မလေးကို ပေးချင်တာ”

“ဟာ .. အဆန်းပါလားဟ”

“အေးကွာ ... အဲဒါမင်းလုပ်ချင်မလားလို့”

အောင်တင့် စဉ်းစားသည်။ လက်ခံရကောင်းနိုးနိုး၊ ငြင်းပစ်ရကောင်းနိုးနိုး ဒါနဲ့ သေချာအောင်ဆိုပြီး ထပ်မေးကြည့်လိုက်သည်။

“ဒါနဲ့ ဒါရိုက်တာ က ဘယ်သူလုပ်မှာလဲ”

“အေး အဲဒါပါ တစ်ခါတည်းပြောမလို့ ဒါရိုက်တာကလည်း မင်းပဲ လုပ်ရမှာ”

“ဟာ လခွမ်း”

“ဟေ့ကောင် ပိုက်ဆံကတော့ မြိုးမြိုးမြက်မြက်ရမှာနော် “

အောင်တင့် အိတ်ထဲကို စမ်းကြည့်လိုက်တော့ တော်တော်ပါးနေပြီ။ ငွေကြေးကြောင့်လို့ပဲဆိုဆို ဝါသနာကြောင့်လို့ပဲဆိုဆို ဒါမျိုး အတွေ့အကြုံသစ်လေးတော့ ယူထားဦးမယ်ဆိုတဲ့ စိတ်ကူးနဲ့ လက်ခံလိုက်မိသည်။

“အဲဒါဆို .. ငါမင်းကို ရိုက်မယ့်ရက် ပြန်ပြောမယ် သိပ်မကြာဘူး”

“အေးအေး”

ဒီလိုနဲ့ လက်ဖက်ရည်ဆိုင်က ပြန်လာတော့ အောင်တင့်တစ်ယောက် ကင်မရာလေးကို ပြန်ပြီး ဖုန်သုတ်နေ၏။ ပြီးတော့ .. ဖုန်းထဲက ခင်မောင်ထူးရဲ့ “အချစ်အယူခံ” သီချင်းကို ဖွင့်ပြီး နားထောင်နေမိသည်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်တိုင်ဒါရိုက်တာလုပ်ရမှာဆိုတော့ ဒီသီချင်းရဲ့ စာသားတွေ၊ သံစဉ်အနိမ့်အမြင့်အတက်အကျတွေကို သိထားဖို့လိုသည်။ ဒါမှ တကယ်ရိုက်မယ့်နေ့မှာ အဆင်ပြေမှာမဟုတ်လား။

တကယ်ရိုက်မယ့် နေ့မှာတော့ အစီအစဉ်က ပြောင်းသွားသည်။ အောင်တင့်က ဒါရိုက်တာ လုပ်စရာမလိုတော့။ ဒါပေမဲ့ သဘောတူညီထားတဲ့အတိုင်း ပိုက်ဆံကတော့ နှစ်ခုစာရမည်။ အောင်တင့်အတွက်ကလည်း ကင်မရာရိုက်ရုံပဲဆိုတော့ ပိုတောင်လွယ်သွားသေးသည်။ ပြီးတော့ ပိုက်ဆံကလည်း ပိုရတာဆိုတော့ အဆင်ပြေသည်။ ဒါရိုက်တာကတော့ သရုပ်ဆောင်မယ့်သူကိုယ်တိုင်လုပ်မယ်ဆိုပဲ။ အခုချိန်ထိတော့ အောင်တင့်နဲ့ အဲဒီ သရုပ်ဆောင်နဲ့ မတွေ့ရသေး။ နောက်နာရီဝက်လောက်နေတော့ သရုပ်ဆောင်မယ့်သူနဲ့ အောင်တင့်နဲ့ ဆုံကြသည်။

“ကျနော့်နာမည်သော်တာလင်းပါ”

“ဟုတ်ကဲ့ ကျနော့် နာမည် အောင်တင့်ပါ”

အောင်တင့်က သော်တာလင်းကို အကဲခတ်ကြည့်မိသည်။ လူပုံစံကတော့ ခပ်တည်တည်ဖြစ်ပြီး မျက်ကွင်းတွေကတော့ ညိုနေသည်။ ပြီးတော့ ရုပ်ရည်ဘာညာကတော့ သရုပ်ဆောင်လုပ်လို့ရတဲ့ ရုပ်ရည်မျိုးဆိုပေမဲ့ ဝတ်တာစားတာကတော့ ရယ်ချင်စရာကောင်းသည်။ ဘာဖြစ်လို့လည်းဆိုတော့ .. အပေါ်က အကျီနှစ်ထပ်ဝတ်ထားသည်။ တီရှပ်အမဲနဲ့ ဖလန်ထည်အကွက်ကို ဝတ်ထားတာ ဖြစ်သည်။ အခုခေတ်လူငယ်တော်တော်များများ အဲဒီလို အတွဲအဖက်မျိုးဝတ်ကြတာမို့ မထူးဆန်းဘူးဆိုပေမဲ့ .. သူကတော့ ဖလန်ထည်အကွက်ကို အထဲက ဝတ်ထားပြီး တီရှပ်အမဲကို အပြင်က ထုတ်ဝတ်ထားတာပင်။ တီရှပ်အမဲမှာလည်း စာတန်းထိုးသေးသည်။ မြန်မာလိုကြီး ... “ကိုယ့်မှာ ဘာအပြစ်ရှိလို့လဲ” ဆိုတဲ့ စာတန်းကို ရင်ဘတ်မှာ ပြွတ်သိပ်နေအောင် ထိုးထားတာဖြစ်သည်။ အောင်တင့်လည်း မနေနိုင်တော့တာနဲ့ ..

“အစ်ကို့ အကျီလေး မိုက်တယ်နော် ဘယ်ဆိုင်က ဝယ်ထားတာလဲ”

“ဘယ်ကမှ ဝယ်ထားတာ မဟုတ်ဘူးဗျ ကိုယ်တိုင်အော်ဒါချုပ်ထားတာ”

အောင်တင့် ဘာမှဆက်မပြောတော့။ အောက်ပိုင်းဖက်ရှင်ကိုလည်း ကြည့်လိုက်ဦး။ ပလေကပ်ပုဆိုးကို ချက်ပြုတ်ဝတ်ထားကာ ဖိနပ်က All Star  လို ဖိနပ်ကို ဝတ်ထားသည်။ အောင်တင့် ခမျာ ရယ်ချင်ပေမဲ့လည်း အလုပ်ရှင်ဖြစ်နေ၍ .. မြိုသိပ်ထားရတာကြောင့် ပြုံးစိစိဖြစ်နေသည်။ အဲဒါကို သော်တာလင်းက .. အောင်တင့်ရဲ့ သူငယ်ချင်းကို ..

“အစ်ကိုခေါ်လာတဲ့ သူငယ်ချင်းက မျက်နှာချိုတယ်နော်” တဲ့။

စ မရိုက်ခင်မှာ သော်တာလင်းက သူရိုက်ချင်တဲ့ ပုံစံကို အောင်တင့်ကို ရှင်းပြ၏။

“ဒီလို .. အစ်ကိုရာ .. ကျနော်က အိပ်နေမယ်”

“မဟုတ်ဘူးလေ .. အိပ်လို့မရဘူးလေ”

“ဘာလို့လည်းဗျ”

“အစ်ကို အိပ်နေတော့ ဘယ်လိုရိုက်ရမှာလဲဗျ”

“အိပ်မယ်ဆိုတာ သရုပ်ဆောင်တာကို ပြောတာဗျ”

“အော် .. အဲဒီလို”

“ကျနော် အိပ်နေတဲ့အချိန် .. အစ်ကိုက အခန်းဝကနေ ဝင်လာပြီးတော့ ကျနော့်ကို လာရိုက် .. အဲဒီမှာ ကျနော်က မျက်လုံးဖွင့်လိုက်မယ်... ပြီးတော့ နောက်ခံတီးလုံးစမယ် ... ကျနော်က ကျနော့်ရင်ဘတ်ထဲမှ ဟောဒီ ကျနော့်ကောင်မလေးရဲ့ ဓာတ်ပုံကို ပိုက်ထားမယ်”

သူပြတဲ့ ကောင်မလေးရဲ့ ဓာတ်ပုံကို ကြည့်ပြီး အောင်တင့် လန့်သွားသည်။ လန့်မယ်ဆိုလည်း လန့်ချင်စရာ .. ဓာတ်ပုံက ၁ပေခွဲ၊ ၃ပေဆိုဒ်လောက်ရှိသည်။ ပြီးတော့ မှန်ဘောင်သွင်းထားသည်။ ပိုဆိုးတာက အထဲက ပုံက ကောင်မလေးရဲ့ လိုင်စင်ဓာတ်ပုံဖြစ်နေတာပင်။ အောင်တင့်လည်း မနေနိုင်တော့တာနဲ့ ..

“ဓာတ်ပုံက မကြီးလွန်းနေဘူးလား နောက်ပြီးတော့ အလှပုံလည်း မဟုတ်ဘူး”

အောင်တင့်လည်း အဲဒီလို ပြောလိုက်ရော .. သော်တာလင်း က .. လေသံခပ်မာမာဖြင့် ..

“ခင်ဗျား က အနုပညာအကြောင်း ဘာမှနားမလည်ဘူးလား။ ကျနော်က တမင်တကာ သူ့ရဲ့ ရုပ်ဆိုးတဲ့ ဓာတ်ပုံကို ရွေးယူထားတာ။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်က သူ့ကို ချောလို့ လှလို့ ချစ်တာမဟုတ်ဘဲ ချစ်ချင်လို့ ချစ်တာဆိုတဲ့ ပုံစံမျိုးပေါ်လွင်‌အောင်လို့ဗျ.. နောက်ပြီးတော့ ဓာတ်ပုံဆိုဒ်က ဒီလောက်ထုတ်မှ ကျနော်အားရပါးရ ဖက်ထားလို့ရမှာပေါ့”

ထားတော့။ ပထမတစ်ခန်း အဆင်ပြေသွားသည်။ နောက်ထပ် .. စာသားပါတဲ့ အခန်းလာပြီ။

“မပြေလည်နိုင်အောင် သူက ကြံရွယ်တယ် ရင်မှာ အချစ်အားလေး ညှိုးငယ်ရပါတယ်”

ဒီစာသားအခန်းမှာ သော်တာလင်း က သူ့ရဲ့ မျက်နှာကို အနီးကပ်ရိုက်ဖို့ပြောသည်။ သူက ညှိုးငယ်နေတဲ့ ပုံစံ သရုပ်ဆောင်မယ်ပေါ့။ အဲဒါနဲ့ အောင်တင့်လည်း သော်တာလင်းရဲ့ မျက်နှာကို အနီးကပ်ရိုက်သည်။ သော်တာလင်းက လုံးဝညှိုးငယ်တဲ့ မျက်နှာပေးဖြစ်အောင် မျက်နှာလေးကို အိုချ လိုက်သည်။ ဒါပေမဲ့ ကင်မရာထဲမှာတော့ အချစ်ကြောင့် ညှိုးငယ်နေတဲ့ပုံမပေါက်ဘဲ ဗိုက်ဆာလို့ ဘူနေတဲ့ မျက်နှာမျိုးဖြစ်နေ၏။ ဒါကို အောင်တင့်က ..

“အစ်ကို ... နည်းနည်းလေး ညှိုးပေးပါဦး”

‌သော်တာလင်းက အစွမ်းကုန်ညှိုးချသည်။ မျက်လွှာလေးကိုအောက်ချ အောက်နှုတ်ခမ်းလေးကို နည်းနည်း ဟ ပြီး သရုပ်ဆောင်သည်။ အောင်တင့် က ကင်မရာထဲက ကြည့်နေပြီး ရယ်ချင်လာသည်။ ဘာဖြစ်လို့လည်းဆိုတော့ သူ့မျက်လုံးထဲ Zootopia ကားထဲက Flash (three-toed sloth) ရဲ့ မျက်နှာကို သွားမြင်မိသောကြောင့်ပင်။

နောက်တစ်ခန်း။

“အကြင်နာဆုံး ကိုယ့်ရဲ့ အချစ်ဆုံးရေ ... နေပါဦး မုန်းလိုက်တော့မှာလားလေကွယ် .. ကြင်နာတဲ့သူလေး ... ရှောင်ပြေးလေတော့ .. ကိုယ်တစ်ယောက်တည်း ခုတော့ ကြေကွဲပြီ”

ဒီအခန်းမှာ သော်တာလင်းက ပြေးထွက်သွားတဲ့ ကားနောက်ကို လိုက်မယ်ပေါ့။ ပြီးရင် ..မမီတော့လို့ လမ်းမပေါ်မှာ ဒူး‌ထောက်ထိုင်ချပြီး ရှိုက်ကြီးတငင်ငိုမယ်ပေါ့။ အဲဒါကို အောင်တင့်က ပြေးထွက်သွားတဲ့ ကားပေါ်ကနေ ရိုက်မယ်။ ပြီးရင် ဒူးထောက်ပြီး ရှိုက်ကြီးတငင်ငိုနေတဲ့အခန်းကို ပတ်ပတ်လည်ပြေးပြီး ရိုက်ပေးရမယ်တဲ့။  ပြဿနာက အဲဒီနှစ်ခုစလုံးကို တစ်ကတ်ထဲ ရိုက်ပေးရမှာပင်။ အောင်တင့် တစ်ခါမှမကြုံဖူး။

အောင်တင့်က စောဒကတက်သည်။

“‌ပြေးထွက်သွားတဲ့ ကားပေါ်ကနေ ပြန်လာပြီး ဒူးထောက်ငိုနေတာကို ပတ်ပတ်လည်ရိုက်ပေးဖို့ မလွယ်လောက်ဘူးထင်တယ်နော် .. လမ်းက ကျဉ်းကျဉ်းလေး ကားက အလွယ်တကူမှ ပြန်ကွေ့လို့မရတာ ကားပေါ်က တစ်ဖြတ်၊ ဒူးထောက်ငိုတာ တစ်ဖြတ်ရိုက်မယ်လေ”

အဲဒီလိုဆိုတော့ ...သော်တာလင်းက ..

“ရတယ် ... တစ်ဆက်တည်းသွားချင်တာ .. သူရှောင်ပြေးလို့ ကျနော်ကြေကွဲတာကို တဆက်တည်းပြချင်တာ ..ကားကို ပြန်ကွေ့ဖို့အဆင်ပြေတဲ့နေရာထိ မောင်းသွားလိုက်။ ကျနော်က ဒီမှာ ဒူးထောက်ငိုရင်းစောင့်နေမယ်.. ကင်မရာကိုတော့ လမ်းမှာ အဆင်ပြေတဲ့ရှုခင်းတွေ ရိုက်ပြီးပြန်လာခဲ့”

“ဟင် .. အဲလိုကြီးလား”

ကြားထဲက အောင်တင့်ဘော်ဒါက ရိုက်ပေးလိုက်ဆိုပြီး မျက်စပစ်ပြတာကြောင့် အောင်တင့်လည်း ..

“အိုခေ .. ရိုက်မယ်ဗျာ”

ကားနောက်ဖုံးထဲကိုဖွင့်ပြီး အောင်တင့်က နေရာယူထားသည်။ အဲဒီအချိန်မှာ သော်တာလင်းက အိမ်ထဲက ပြေးထွက်လာသည်။ ကားက တလိမ့်ချင်းမောင်းနေတာကြောင့် အားရပါးရပြေးထွက်လာတဲ့ သော်တာလင်းက ကားနားကို ရောက်လာသည်။ ဒီနှုန်းအတိုင်းဆို သော်တာလင်းက ကားပေါ်က ကင်မရာကိုင်ထားတဲ့ ‌အောင်တင့်ကိုတောင် တက်ခွမိတော့မည်။ အခြေအနေကို ရိပ်စားမိတဲ့ သော်တာလင်းက ချက်ချင်းကြီး စလိုးမိုးရှင်းပြေးတဲ့ ပုံစံလုပ်ချလိုက်သည်။

“ခွီး ..”

အောင်တင့် ဗိုက်ပါနှိပ်ပြီး ရီမိသည်။ သော်တာလင်းက စလိုးမိုးရှင်းပြေးနေရင်း ခြံဝရောက်တော့ ဒူးထောက်ထိုင်ချလိုက်သည်။ အဲဒီအချိန်ကျမှ ကားမောင်းတဲ့ အောင်တင့်ဘော်ဒါက ဝူးကနဲမောင်းထွက်သွားသည်။ အောင်တင့်ကလည်း ရသမျှ သော်တာလင်းဒူးထောက်နေတာကို ရိုက်လာခဲ့ပေမဲ့ တစ်နေရာရောက်တော့ ကားက လမ်းချိုးတစ်ခုကို ကွေ့သွားတာကြောင့် ဒူးထောက်နေတဲ့ သော်တာလင်းက ကင်မရာမြင်ကွင်းက ပျောက်သွားသည်။ အောင်တင့်ကလည်း မှာထားတဲ့အတိုင်း လမ်းဘေးက ရှုခင်းတွေဘက်ကို ကင်မရာပြောင်းလိုက်သည်။ ကားက တော်တော်နဲ့ ပြန်မကွေ့။

“ဟေ့ကောင် .. ဘယ်ထိ မောင်းနေတာလဲ”

“မင့်မေကြီးတော်ပဲဟေ့ .. ခုနက အကွေ့မှာ မော်တော်ပီကယ်တွေ လက်တားနေလို့”

“မင်းမှာ လိုင်စင်မပါဘူး”

မပါလို့ပေါ့ကွာ”

“ဟာ .. လခွမ်း ... ဘယ်လိုလုပ်မလဲ .. ဟိုမှာ ဒူးထောက်ပြီး ငိုနေတာပြန်ရိုက်ရဦးမယ်”

နောက်ဆယ့်ငါးမိနစ်လောက်ကြာမှ သော်တာလင်းဒူးထောက်ငိုနေတဲ့ ခြံဝကို ပြန်ရောက်လာသည်။ သော်တာလင်းကတော့ ဒူးထောက်ငိုနေဆဲပင်။ အဲဒါနဲ့ အောင်တင့်လည်း ကားပေါ်ကဆင်းပြီး ဒူးထောက်ငိုနေတဲ့ သော်တာလင်းကို ပတ်ပတ်လည်ရိုက်တော့သည်။

အဲဒီအခန်းလည်းပြီးရော ... သော်တာလင်းက ...

“ဘယ်လိုလဲ ကျနော် သရုပ်ဆောင်တာကောင်းလား”

“အမ် .. “

အောင်တင့် ရုတ်တရက်ဘာဖြေရမှန်းမသိ။ ပိုက်ဆံကလည်း မရသေးတာကြောင့် ..ကောင်းပါတယ် အစ်ကို့ကောင်မလေးကြွေသွားမှာပါဟု ပြန်ဖြေလိုက်သည်။ အောင်တင့်ထင်တာက သူတို့ ကြာသွားလို့ သော်တာလင်းက မကျေမနပ်နဲ့ အပြစ်တင်မယ်ထင်ထားတာကိုး။

ဒီလိုနဲ့ နောက်အခန်းတွေဆက်ရိုက်ကြသည်။ ရိုက်သမျှကလည်း အဆန်းကြီးတွေချည်းပင်။ အောင်တင့် ရိုက်ခဲ့ဖူးသမျှနဲ့လုံးဝမတူတဲ့ အသစ်အဆန်းတွေချည်းပင်။ နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့သည်။ အောင်တင့်က ကင်မရာဖိုးရော ဒါရိုက်တာဖိုးပါ ရလိုက်သည်။ ‌အောင်တင့် ဘော်ဒါကိုလည်း ပိုက်ဆံတွေပေးလိုက်သေးသည်။ သူတို့ပြန်လာကြတော့ ..လမ်းမှာ .. အောင်တင့်က ..

“ငါ .. နောက်ကို ဘယ်တော့မှ ကင်မရာမန်းမလုပ်တော့ဘူးကွာ”

အောင်တင့်ဘော်ဒါက အားပါးတရ ရယ်သည်။ ပြီးတော့မှ ..

“ကိစ္စက မပြီးသေးဘူးနော်”

“ဟေ ...ဘာကျန်သေးလို့တုန်း”

“သဘက်ခါညကျရင် သူ့ကောင်မလေးရဲ့ အိမ်ရှေ့မှာ ဒီနေ့ရိုက်ထားတာကို ပရိုဂျက်တာနဲ့ သွားပြမှာတဲ့”

“ဟာ.. ဟာ.. အဲဒီနေ့တော့ ငါမလိုက်ဘူးနော်”

နောက်နှစ်ရက်နေတော့ အောင်တင့်တစ်ယောက် မနက်အစောကြီးကတည်းက ပဲခူးဘက်ကို တိတ်တိတ်လေးထွက်သွားသည်။ ညနေစောင်းလောက်မှာ အောင်တင့်ဘော်ဒါက အိမ်ကို ရောက်ချလာသည်။ အောင်တင့်ကို မတွေ့။ ဖုန်းဆက်တော့လည်း ဖုန်းက စက်ပိတ်ထား။ အောင်တင့်ကား ခြေရာဖျောက်ပြေးလေပြီ။

သုံးရက်လောက်နေတော့မှ အောင်တင့် ပြန်ရောက်လာသည်။ ကင်မရာလည်း မရှိတော့။ အောင်တင့်ဘော်ဒါက အိမ်ကို ထပ်ရောက်လာပြန်သည်။

“ဟေ့ကောင် ... အလုပ်တစ်ခုရှိတယ်”

“ငါ ကင်မရာမရိုက်တော့ဘူး”

“ဟေ ...ဘာလို့လဲဟ”

“ငါ ကင်မရာမန်းအလုပ်ကို စွန့်လွှတ်လိုက်ပြီ”

“ဟာ .. ကွာ .. မင်းနောက်နေတာမလား”

“အတည်ပြောတာ .. ငါရှက်လွန်းလို့ပါကွာ”

အကြောင်းရင်းကတော့ .. သော်တာလင်းက သူ့ကောင်မလေးအိမ်ရှေ့မှာ စိတ်ဆိုးပြေဖို့ သူကြိုးစားပမ်းစား သရုပ်ဆောင်ထားတဲ့ ဗီဒီယိုကို သွားဖွင့်ပြသည်။ ဗီဒီယိုမှာ စာ တန်းထိုးတော့ ... “ဒါရိုက်တာနှင့်ကင်မရာမန်း= အောင်တင့်” ဆိုပြီး စာတန်းကြီးထိုးပြီး ထွက်လာသည်။ ကောင်မလေးတစ်မိသားစုလုံး အဆိုပါဗီဒီယိုကိုကြည့်ပြီး ရယ်လိုက်ကြတာ ... ဒါရိုက်တာ အောင်တင့်ဆိုတာ ဘယ်သူလဲဟုပင် မေးယူကြသည်။ ဒါကို အောင်တင့် က ပြန်သိသည်။ သော်တာလင်းနဲ့ သူ့ကောင်မလေးကတော့ ပြတ်သွားသည်။ အရင်တုန်းကတော့ ကောင်မလေးက ပြတ်ဖို့ စိတ်ကူးမရှိပေမဲ့ ဗီဒီယိုကိုကြည့်ပြီးနောက်ပိုင်းမှာတော့ ဆက်လက်လက်တွဲဖို့ စိတ်ကူးမရှိတော့တာပင်ဖြစ်သည်။

အောင်တင့်တစ်ယောက်အခုတော့ .. ယိုးဒယားကင်တွေ လိုက်ရောင်းနေလေရဲ့။       ။

ခြူသစ်မောင်

#lotaya_funny




Some text some message..