
တကယ်တော့ အတင်းပြောတယ်ဆိုတာ သတ္တဝါတွေထဲမှာ လူတွေပဲ ပြုလုပ်တဲ့အရာလို့ ထင်သည်။ မောင်ဖြူရဲ့နောက်ကွယ်မှာ မောင်ဖြူရဲ့ မကောင်းကြောင်းကို ပြောခြင်းသည် အတင်း ဟု ဆိုသည်။ ကောင်းပြီ ဒါဆို မောင်ဖြူရဲ့နောက်ကွယ်မှာ မောင်ဖြူရဲ့ ကောင်းကြောင်းကိုပြောရင်ရော….. ဒါဆိုရင်တော့ သတင်းဖြစ်ပါလိမ့်မည်။ နောက်ပြီးတော့ ဘယ်သူတွေက သတ်မှတ်ခဲ့ကြတာလည်းတော့မသိဘူး အတင်း ဆိုရင် မိန်းမတွေပဲ ပြောရမယ်ဆိုတာမျိုးပေါ့။ ယောက်ျားတွေဟာ အတင်းမပြောသင့်ဘူးဆိုတာမျိုးပေါ့။ ဒါကလည်း ဒီဘက်ခေတ်နဲ့တော့ မညီပါဘူး။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက ယောက်ျားတွေက တစ်နေကုန်အလုပ်လုပ်၊ ညဘက်ကျမှ မိသားစုနဲ့ပြန်အိပ်လူစုံတက်စုံရှိကြတော့ အတင်းပြောတာဟာ ယောက်ျားတွေနဲ့ မဆိုင်သလို ဖြစ်နေပြီး အချိန်ပိုနေတဲ့မိန်းမတွေသာ အတင်း ပြောကြလေ့ရှိတယ်လို့ ယူဆခဲ့ဟန်ရှိသည်။ ဒီဘက်ခေတ်မှာတော့ ထက်မြက်တဲ့ မိန်းမတွေကြောင့် မိန်းမတွေဟာ ယောက်ျားတွေနဲ့ရင်ဘောင်တန်းလာကြပြီး အလုပ်တွေလုပ်ကြ၊ ယောက်ျားတွေက အချိန်တွေပိုလာ ဒီတော့ အတင်းပြောခြင်းဟာ ယောက်ျားမိန်းမ ခွဲခြားမှုမရှိတော့ဘူး။ ဒါပေမဲ့ ယောက်ျားတွေဟာ မိန်းမတွေလို အတင်း ကို ပရော်ဖက်ရှင်နယ်ကျကျ မပြောတတ်တော့ သူတို့ပြောသမျှအတင်းတိုင်းဟာ အတင်းအပြောခံရသူတွေ ပြန်ပြန်သိလေ့ရှိကြသည်။
ကျနော်တို့ ယောက်ျားတွေပြောတဲ့အတင်းနဲ့ မိန်းမတွေ ပြောတဲ့အတင်း ဘာတွေကွာခြားသလဲဆိုရင်တော့ ကျနော်တို့ ယောက်ျားတွေဟာ အတင်းပြောတယ်ဆိုပေမဲ့ အဲဒီအတင်းပြောတာကိုသိသွားလည်း ဂရုမစိုက်တတ်တာပါပဲ။ တစ်ခါသား .. ကျနော့်ဘော်ဒါဆီမှာ ကျနော်က ပိုက်ဆံချေးတယ်။ ပြန်ဆပ်ရမယ့် သတ်မှတ်ရက်မှာ ကျနော်က မဆပ်နိုင်ဘူး။ အဲဒီတော့ ဒီကောင်က နောက်ကွယ်မှာ ကျနော့်အတင်းပြောတယ် ကျနော် က ကတိမတည်ဘူးဘာညာပေါ့။ သူအတင်းပြောတာကို ကျနော်က ပြန်သိတယ် ပြန်သိတော့ ကျနော်တို့က တဖန်ပြန်ပြီးတော့ သူ့အတင်းပြောတတ်တဲ့အကျင့်ဟာ မကောင်းတဲ့အကြောင်း အတင်းပြန်ပြောတယ်။ အဲဒါကို သူကပြန်သိပြီး သူအတင်းပြောတာကို ကျနော်တို့အတင်းပြောတဲ့အကြောင်း သူက ပြန်ပြီးအတင်းပြောပြန်တယ်။ အဲလိုနဲ့ ကျနော်က သူ့ကို ပိုက်ဆံ ပြန်ဆပ်ပြီးသွားရော.. သူနဲ့ကျနော်နဲ့က ပထမတုန်းက ကျနော်တို့အတင်းပြောခဲ့တဲ့ အတင်းပြောဖော်တွေအကြောင်းကို အတင်းပြန်ပြောကြတယ်။ ကျနော်တို့နှစ်ယောက်အတင်းပြောတာကို ဒီကောင်တွေက ပြန်သိသွားတော့ ကျနော်တို့ နှစ်ယောက်အတင်းကို ဒီကောင်တွေက အတင်းထပ်ပြောပြန်တယ်။
နောက်တစ်မျိုးရှိသေးတယ်။ ကျနော်တို့ယောက်ျားလေးတွေကြားထဲမှာ လျှို့ဝှက်အတင်းဆိုတာ ရှိသေးတယ်။ ကျနော်တို့ရပ်ကွက်ထဲမှာပဲ ဒီကောင်က ဆိုင်ကယ်ကယ်ရီဆွဲတာ။ တစ်ခါကျတော့ ဒီကောင်က ရပ်ကွက်ထဲက မိန်းမတစ်ယောက်ကို ကယ်ရီလိုက်ပို့ရင်း မနက်မိုးလင်းမှ ပြန်ရောက်လာတယ်။ သတိထားမိတဲ့ ကျနော်က မေးတာပေါ့။ ဒီကောင်ကဖြေတယ် မဖြေခင် ကျနော့်ဆီက ကတိတစ်ခုတောင်းတယ်။ ဘယ်သူ့မှ ပြန်မပြောပါနဲ့တဲ့ မင်းကို ယုံလို့ပြောပြတာတဲ့။ ကျနော်ကလည်း သိပ်အရေးမကြီးလောက်ဘူးထင်တော့ ကတိပေးလိုက်တာပေါ့။
“အေးကွာ အဲဒီနေ့က အဲဒီစော်ကြီးကို ကယ်ရီလိုက်ပို့ရင်းနဲ့ သူက ငါ့ကို ဒီညအားလားလို့ မေးတယ်ကွာ .. ငါကလည်း ကယ်ရီစောင့်ခိုင်းမယ်ထင်ပြီး အားတယ်လို့ ဖြေတာပေါ့။ သူက ဆက်ပြောတယ် အားရင် သူနဲ့အရက်အတူတူသောက်ပေးပါလားတဲ့။ အဲဒါနဲ့ ငါလည်း အရက်တူတူသောက်ရင်း ညဉ့်နက်သွားတော့ ဟိုတယ်တစ်ခုမှာ အတူတူအိပ်လိုက်ကြတယ်ကွာ။ မနက်မိုးလင်းတော့ ငါ့ကို ကယ်ရီခ ဆိုပြီး တစ်သောင်းခွဲပေးပြန်လွှတ်လိုက်ပြီး ရပ်ကွက်ထဲမှာ ဘယ်သူမှ လျှောက်မပြောနဲ့လို့လည်း မှာလိုက်သေးတယ်။ အဲဒါ မင်းလည်း လျှောက်မပြောနဲ့ကွာ ငါလည်းမင်းကို ယုံလို့ပြောပြတာ .. လုံးဝ လျှို့ဝှက်ထားနော် သားကြီး”
သူအဲလိုပြောနေတဲ့အချိန်မှာပဲ ကျနော့်ခေါင်းထဲမှာ နောက်ထပ် နှုတ်လုံမယ့်လူတစ်ယောက်ကို ပြန်ပြောပြဖို့ ဆုံးဖြတ်ပြီးသွားပြီ။ အဲလိုနဲ့ပဲ ပျံ့နှံ့သွားပြီး ဒီကောင့်အကြောင်းကို တစ်ရပ်ကွက်လုံးသိသွားကြတယ်။ ဒါကကျတော့ ကျနော့်အမှားလို့တော့ မယူဆစေချင်ဘူး။ ကျနော်က ယုံကြည်ရတဲ့ သူကိုပဲ ပြန်ပြောတာလေ။ အဲဒီကနေ စ လိုက်တာ ကျနော်သိပြီးသား လျှို့ဝှက်ချက်တစ်ခုက ကျနော့်ဆီကိုပဲ လျှို့ဝှက်တစ်ခုအနေနဲ့ ပြန်ရောက်လာတာပဲလေ။
“သားကြီး .. ဟိုကောင့်အကြောင်းသိပြီးသွားပြီလား … ဟိုညက ..×××××××××××××××”
“အဲဒါ မင်း ဘယ်သူမှ ပြန်မပြောနဲ့နော် ငါမင်းကို ယုံလို့ပြောပြတာ..”
ကျနော့်မှာ ပြုံးပြလိုက်ရုံမှတပါး ဘာမှ မတတ်နိုင်တော့ဘူးလေ။
နောက်ထပ်ရှိသေးတယ်ဗျ။ ကျနော်တို့ယောက်ျားလေးတွေက အတင်းပြောတယ်ဆိုပေမဲ့ အတင်းပြောတဲ့သူကို မုန်းလို့မဟုတ်ဘူး။ အခါအခွင့်သင့်လို့ ပြောလိုက်တာမျိုးလည်း ရှိတယ်။ အခါအခွင့်သင့်လို့ ပြောတဲ့အတင်းမျိုးကိုလည်း ပေါ့သေးသေးတော့မထင်နဲ့ဗျ။ တစ်ခါတည်း ဆက်စပ်မိသွားရင် တစ်မျိုးလုံးတစ်ဆွေလုံးထိပါအတင်းပြောခံရတတ်တယ်။ ဒါပေမဲ့ ကျနော်တို့ ယောက်ျားလေးတွေအတင်းပြောတာက မိန်းခလေးတွေထက်တော့ ရိုးသားတာအမှန်ပဲ။ ကျနော်တို့ဟာ အတင်းပြောဖို့အတွက် ဘယ်တုန်းကမှ တကူးတကချိန်းဆိုမှုတွေပြုလုပ်လေ့မရှိပေမဲ့ မိန်းကလေးတွေကတော့ အတင်းပြောဖို့အတွက် သတ်သတ်အချိန်ပေးလေ့ရှိတယ်။
အတင်းပြောခြင်းကိစ္စမှာ ယောက်ျားနဲ့မိန်းမ အကြီးမားဆုံးကွာခြားချက်ကတော့ မိန်းကလေးတွေက သူတို့အတင်းပြောခဲ့တဲ့သူရဲ့အရှေ့ရောက်ရင် နောက်ကွယ်မှာပြောခဲ့တာတွေနဲ့ ဆန့်ကျင်ဘက်တွေကို ရွှန်းရွှန်းဝေအောင်ပြောတတ်ကြပေမဲ့ ကျနော်တို့ ယောက်ျားလေးတွေကတော့ နောက်ကွယ်မှာပြောတဲ့စကားကို အရှေ့မှာဆိုရင် ပိုပြီးတောင် အရှိန်မြှင့်ပြီး ပြောလေ့ရှိကြတယ်။ မယုံမရှိနဲ့ဗျ .. အခုချိန်ထိ ကျနော်ဆိုရင် အတူတွဲနေတဲ့ကောင်တွေရဲ့ ချီးကျုးတာကို တစ်ခါမှနားနဲ့ဆတ်ဆတ်မကြားဖူးဘူး။ ချီးကျူးစရာမရှိတာလည်း ပါမှာပေါ့လေ။ ဒါပေမဲ့ ဘယ်လိုတွေအတင်းတုတ်လဲဆိုတာ ပြန်မကြားချင်မှ အဆုံးပဲ။
အတင်းပြောခြင်းဟာ ဘယ်နှစ်ခုနှစ်က စတင်ပေါ်ပေါက်လာခဲ့သလည်းတော့ မသိပါဘူး။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ကျား၊ မ မရွေး အတင်းပြောခြင်းနဲ့ယဉ်ပါးနေပါပြီ။ အခုဆိုရင် ဆိုရှယ်မီဒီယာတွေထက်မှာပါ ပြောနေကြတာကို တွေ့နေရပြီပဲ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် လူရယ်လို့ဖြစ်လာရင် ဘဝမှာ တစ်ခါလောက်တော့ အတင်းပြောဖူးကြမယ်ထင်တယ်။ ကဲ … အခုချိန်မှာတော့ ယောက်ျားလေးနဲ့ မိန်းကလေး ဘယ်သူအတင်းပိုပြောမယ်လို့ ထင်ကြတုန်း။ ။
ခြူသစ်မောင်
နေ့စဉ် အသစ်သစ်သော ဟာသ လေးတွေကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။